စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌဦးမြင့်ထွေးနှင့် တွေ့ဆုံမေးမြန်းထားသည်များ

Date:

 

“ပြည်နယ်ရဲ့အကျိုး၊ ပြည်ထောင်စုရဲ့ အကျိုးကိုရှေးရှုပြီးတော့ မိမိတို့လုပ်နိုင်တဲ့ နိုင်ငံရေးစစ်မျက်နှာပေါ့၊ ဥပဒေပြုရေးဆိုင်ရာလစ်ဂျက်တမစ်စီပါဝါ ကျွန်တော်တို့ရဲ့ ဒီဖက်တို၊ ဒီဂျူရီပါဝါတွေ စုပေါင်းပြီးတော့ ပြည်နယ်ရဲ့ အကျိုးစီးပွားကို စောင့်ရှောက်နိုင်တဲ့ အလုပ်တစ်ခုလုပ်ကြတာ”ဆိုတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဌဦးမြင့်ထွေးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။ SFUHအနေနဲ့ ၂၀၂၅ခုနှစ်အတွင်းမှာ ဘယ်ကဏ္ဍတွေကို အဓိကတွန်းအားပေးပြီး အကောင်ထည်ဖော်သွားမလဲဆိုတာလေး အရင်ဆုံးပြောပြပေးပါလား။

ဖြေ။ ဟုတ်ကဲ့။ SFUH က တာဝန်ယူထားတဲ့ သဘောတရားကတော့ နိုင်ငံရေးစစ်မျက်နှာဖြစ်တယ်၊ အဲဒီတော့ လက်နက်ကိုင်စစ်မျက်နှာ တိုးတက်အောင်မြင်လာတာနဲ့ အမျှ တခြားသောစစ်မျက်နှာခြောက်ခုရယ်ဆိုတော့ ကျွန်တော်တို့ဖယ်လိုက်ရင် ငါးခုပေါ့နော်၊ စစ်မျက်နှာ ငါးခုအောင်မြင်လာတာနဲ့အမျှ နိုင်ငံရေးစစ်မျက်နှာကလည်း ပါဝင်ပတ်သက်လို့ အောင်မြင်လာအောင်ကျွန်တော်တို့ဆောင်ရွက်ကြတာပေါ့။

ဟန်ချက်ညီညီ ဟာမိုနီဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်ကြတဲ့အခါမှာ အဓိကတော့ ပသုံးလုံးပြဿနာတွေ၊ နောက် ဖက်ဒရယ်ကို သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ကြားခြေ/ဥအမြန်အကောင်အထည်ဖော်အတည်ပြုနိုင်ရေးနဲ့ ယူနစ်အစိုးရပေါ်ပေါက်ရေးကိုဦးတည်ပါတယ်။ ဒီလိုပဲပြောရမှာပေါ့ဗျာ။

မေး။ ဟုတ်ကဲ့ပါ ။ ဆိုတော့လေ တစ်ဆက်တည်းပဲ အစိုးရကို ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းသွားဖို့ပြင်ဆင်ထားလဲ။ ပြင်ဆင်နေလဲဆိုတာပြောပြပေးလို့ရမလား။

ဖြေ။ ဟုတ်ကဲ့။ ပြင်ဆင်နေတာတော့ စကားလုံးအရတော့ကျွန်တော်တို့ ပြောလို့မရဘူး။ ကျွန်တော်တို့က ကြားခြေ/ဥအပေါ်မှာပဲမူတည်ပြီးတော့ ကြားခြေ/ဥထဲမှာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ အစုအဖွဲ့ငါးဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ပဲအစိုးရဖွဲ့မှာပေါ့။

အဓိက အစုအဖွဲ့ ငါးဖွဲ့ထဲမှာ ၂၀၂၀ရွှေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ပါမယ်။ နောက် CDMနိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့ပါမယ်။ တိုင်းရင်းသားအစုအဖွဲ့ပါမယ်။ နိုင်ငံရေးပါတီများအစုအဖွဲ့ပါမယ်။ ယုံကြည်လေးစားခံရတဲ့ပုဂ္ဂိုလ်နဲ့ သပိတ်အင်အားစု အစုအဖွဲ့ပေါ့နော်။ အဲဒီ အစုအဖွဲ့ငါးဖွဲ့ထဲက အစိုးရပေါ်ပေါက်အောင် ကြိုးစားတည်ဆောက်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ကျွန်တော်တို့ရေးဆွဲပြုစုနေတယ်။ ရေးဆွဲရေးကော်မတီက တင်သွင်းတာက ပထမ မူကြမ်းဖြစ်တယ်။

အခုကျွန်တော်တို့ ဆွေးနွေးသင့် ဆွေးနွေးအပ်တဲ့ Stakeholderတွေရဲ့ အကြံပြုချက်တွေကိုရယူပြီးတော့ ဆောင်ရွက်နေတာ ဒုတိယမူကြမ်းအဖြစ်အဆင့်မြှင့်နိုင်ဖို့ ပိုကောင်းအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ အဲဒီခြေ/ဥအရဆိုရင် ကျွန်တော်တို့ တော်လှန်ရေးမှာပါဝင်ပတ်သက်တဲ့ ဒီအစုအဖွဲ့တွေထဲကနေ အရပ်သားအစိုးရ တစ်ရပ်ရွေးကောက်တင်မြှောက်နိုင်အောင်တော့ ဦးတည်ဆောင်ရွက်နေပါတယ်။

မေး။ SFUHအနေနဲ့ ဒေသတွင်းမှာပြန့်ကျဲနေတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေကို ဆရာတို့ Facebook စာမျက်နှာမှာလည်းမြင်ရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေကို ဆက်တိုက်တင်လာတာလည်းတွေ့ပါတယ်။ ဆိုတော့ ဒီအင်အားစုတွေကိုဘယ်လိုပုံစံနဲ့တွေ့ဆုံဆွေးနွေးပြီးတော့ စုစည်းသွားမလဲ။ စုစည်းသွားဖို့ ဘယ်လိုပြင်ဆင်ထားလဲ။ ဘယ်လိုပြင်ဆင်နေလဲဆိုတာလေး သိပါရစေ။

ဖြေ။ ဘယ်လိုပုံစံနဲ့ စုစည်းလဲဆိုရင်တော့ စစ်ကိုင်းအတွက် စစ်ကိုင်းယူနစ်အတွက်ဦးတည်ပြီး ကျွန်တော်တို့ စုစည်းကြတာဖြစ်တယ်။ နောက်တစ်ခုက ဘယ်လိုပုံစံတုန်းဆိုတော့ ပွင့်ပွင့် လင်းလင်းရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးတဲ့ပုံစံပါပဲ။ အားလုံးက နိုင်ငံရေးစစ်မျက်နှာပေါ်မှာ ပါဝင်ပတ်သက်ပြီးထမ်းဆောင်ကြဖို့။

အရင်တုန်းကတော့ ကိုယ်ကျရာတာဝန်နဲ့ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်အင်စတီးကျူးရှင်း ကိုယ့်အဖွဲ့ရဲ့ ကိုယ့်လမ်းနဲ့ကိုယ် သွားကြပေမယ့် ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်က ဖက်ဒရယ်ယူနစ်တည်ဆောက်ရေး ဖက်ဒရယ်စနစ်ထူထောင်နိုင်ရေးနဲ့ ဒီယူနစ်အတွင်းမှာရှိတဲ့ အများပြည်သူရဲ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေရှိကြတာပဲလေ။ အားလုံးကတော့ သာယာစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ကျွန်တော်တို့ရင်ထဲမှာအကုန်ရှိကြတာပဲ။

သို့သော် ကျွန်တော်တို့ အကုန်စုပေါင်းလုပ်ရင် ပိုမြန်ဆန်နိုင်မယ် ပိုအားကောင်းလာမယ်။ ပိုပြီးတော့ ရှေ့ခရီးမြန်မြန်ရောက်မယ်ဆိုတဲ့ ယုံကြည်ချက်တွေကလည်း အစောကတည်းက ရှိပြီးသားပါ။ အဲဒီတော့ ဒီနွေဦးတော်လှန်ရေးကို စကတည်းက လွှတ်တော်နဲ့ အင်အားစုတွေကြားမှာ အကြိမ်များစွာ လူချင်းလည်းရင်းနှီးသလို၊ အစည်းအဝေးသဘောတရားအရပြောရရင် ဖော်မယ်တွေ အင်ဖော်မယ်တွေများစွာ ကျွန်တော်တို့ရင်းနှီးတည်ဆောက်ထားပြီးဖြစ်တယ်။

နောက်ရင်းနှီးမှုနဲ့ ယုံကြည်ချက်မှုတွေနဲ့ပါ ရှေ့ဆက်သွားတာ ဖြည့်ဆည်းတာဖြစ်ပါတယ်။ ဘယ်သူ့ကဘယ်သူ့ဆရာ။ ဘယ်သူကငါတို့နောက်ကလိုက်၊ ငါတို့ကမင်းတို့ဘေးကလိုက် အဲဒီလိုပုံစံမျိုးသွားနေတာမဟုတ်ဘူး။ အားလုံးပါဝင်ပတ်သက်နိုင်အောင်စုစည်းတာဖြစ်ပါတယ်။

တကယ်လို့ အတည်ပြုပေးနိုင်တဲ့လုပ်ငန်းစဉ်ပြီးသွားရင်တောင်မှ တခြားသောပြင်ပ Actor တွေ Stakeholderတွေက ဒီကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် ခြေ/ဥကို ပြင်ဆင်နိုင်အောင် ကျွန်တော်တို့ လမ်းကြောင်းတစ်ကြောင်း ထပ်မံဖွင့်ဦးမှာဖြစ်ပါတယ်

မေး။ ဟုတ်ကဲ့။ အဲဒီတော့လေ ဘယ်လောက်ရာခိုင်နှုန်းလောက်အထိစုစည်းနိုင်ပြီလို့ပြောလို့ရမလဲခဗျ။

ဖြေ။ ဟုတ်ကဲ့။ ဒီနေရာမှာ ပွင်းပွင့်လင်းလင်းဆွေးနွေးတာပေါ့နော်။ သူတို့နဲ့လည်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ကျွန်တော်တို့ wrong message တွေမပေးချင်ဘူး နောက်တစ်ခုက ရာခိုင်နှုန်းအရပြောမယ်ဆိုရင်တော့ အားလုံးပါဝင်နိုင်အောင်လို့ ကျွန်တော်တို့ကြိုးစားနေကြတယ်။ သူတို့ကလည်း အားလုံးအတူတကွသွားကြမယ်။

အဓိကကတော့ ကျွန်တော်တို့ရဲ့ ပြာပုံဘဝကနေထဖို့၊ အကျိုးစီးပွားများစွာပေးဆပ်နေကြရတဲ့ ကျွန်တော်တို့ပြည်သူလူထုရဲ့ မျက်စိနားမှာအားလုံးမြင်နေကြရတဲ့အတွက်၊ ကျွန်တော်တို့အတူတူရုန်းထမှရမယ်ဆိုတဲ့ အခင်းအကျင်းတော့ကျွန်တော်တို့ရအောင်သွားကြတယ်။ ကြားခြေ/ဥအတည်ပြုနိုင်မယ့် လုပ်ငန်းစဉ်အားလုံးကိုလည်း သွားတဲ့အသေးစိတ် detail ကိုလည်းကျွန်တော်တို့အကုန်လုံး ချပြရှင်းလင်းတယ်။

ရှင်းလင်းတော့ အားလုံးသဘောပေါက်တယ်၊ လက်ခံတယ်။ အဲဒါဆိုရင် တို့ အတူသွားကြမယ်ဆိုတဲ့ အခင်းအကျင်းနဲ့ သွားတဲ့အခါမှာ မပါနိုင်ဘူးဆိုတဲ့ အဖွဲ့အစည်းတော့ လောလောဆယ်မတွေ့သေးဘူးပေါ့။ အားလုံးပါဝင်လာနိုင်အောင်လည်း ကျွန်တော်တို့အကုန်လုံးဖွင့်ထားတယ်။ ထို့အတူပဲ ကြိုတင်ပြင်ဆင်မှုဆိုင်ရာရေးဆွဲရေးဥပဒေအရ ရေးဆွဲရေးကော်မတီ စတင်ဖွဲ့စည်းစဉ်ကလည်း ဒီအစုအဖွဲ့ငါးဖွဲ့ဆိုတာလည်း အဖွဲ့ဝင်တွေ အကုန်ပါနေတာမဟုတ်ဘူး။

အစုအဖွဲ့ငါးဖွဲ့က တာဝန်ပေးအပ်တဲ့ အရေအတွက် ၁၁ ဦးစီပဲ ထွက်လာတာဖြစ်တယ်။ အဲဒီ ၁၁ ဦးရဲ့ ရေးဆွဲမှုအပေါ်မှာ ကျန်ခဲ့တဲ့အစုအဖွဲ့တွေ ကျွန်တော် ဥပမာပေးရရင် CDMအစုအဖွဲ့ပေါ့၊ CDMအရေအတွက်အရမ်းများတယ်၊ သောင်းချီရှိတယ် အဲဒီထဲကမှ ၁၁ဦးကိုပဲ ရေးဆွဲရေးအတွက်တာဝန်ပေးပါလို့ ခေါ်တဲ့အချိန်မှာ ကျန်တဲ့သူတွေပါတာမဟုတ်ဖူး။

ဒါပေမယ့်အခုအချိန်မှာ ကျွန်တော်တို့ ရေးဆွဲပြီးသား ပထမမူကြမ်းအားလုံးကိုပဲ CDMထဲကို လွတ်လပ်စွာသဘောထားမျှအောင် ဒါမှမဟုတ်ရင် ရည်မှန်းချက်တွေ ဦးတည်ချက်တွေသိအောင် ဒါမှမဟုတ်ရင် ပြင်ဆင်ရန်အပိုဒ် အခွဲတွေရှိအောင် ကျွန်တော်တို့က အားလုံး မူကြမ်းကို တရားဝင်ပြန်ဖြန့်ဝေတယ်။ ဖြန့်ဝေတော့ သူတို့အနေနဲ့ ပြင်ဆင်ရန်အပိုဒ် အခွဲတွေကို ပါဝင်လာနိုင်အောင်ဖွင့်ပေးရတယ်။

မေး။ ဟုတ်ကဲ့ အဲဒါဆို အားလုံးပါဝင်နိုင်တဲ့အခြေအနေရှိတယ်လို့ပြောလို့ရတယ်ပေါ့။ အားလုံးစုစည်းနိုင်တယ်လို့ပြောလို့ရနိုင်လား။

ဖြေ။ ဟုတ်ကဲ့။ အခုအချိန်ထိ စုစည်းနေဆဲဖြစ်ပါတယ်။ အခုကျွန်တော်တို့သုံးထားတာက ပထမ မူကြမ်းကို နောက်လာတဲ့ လွှတ်တော်ရောက်လာတဲ့အချိန်မှာ ဒုတိယမူကြမ်းအဖြစ်သွားနိုင်ဖို့အတွက် ပထမအကြိမ်တည်းဖြတ်ခြင်းဆိုတဲ့ အစီစဉ်တော့ပြီးပြီလို့ ကျွန်တော်တို့သတ်မှတ်လို့ရတာပေါ့။ ဒါကလည်း အကြုံပြုပေးထားတဲ့အဖွဲ့ ပြည်ထောင်စုအဆင့်လို့သတ်မှတ်ထားတဲ့ CRPHတို့ နိုင်ငံတကာ ပညာရှင်သုံးဦးတို့ ပညာရှင်တွေပေါ့နော်။

အစုအဖွဲ့တွေအားလုံးရဲ့ သဘောထားကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပြီးတော့ ပထမအကြိမ်တည်းဖြတ်ခြင်းဆိုပြီးတော့ ပြင်ဆင်ထားတယ်။ နောက်ထပ်အစုအဖွဲ့တွေအားလုံးကလည်း ပေးရန်ရှိပါတယ်လို့ ကျွန်တော်တို့ကို အသိပေးထားတယ်။ အဲဒီအတွက် ကျွန်တော်တို့က ထပ်မံပြီး ပြန်လည်တည်းဖြတ်နိုင်ရင် ဒုတိယပြင်ဆင်တည်းဖြတ်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်နဲ့ဆက်သွားမယ်။

နောက်ထပ်ကျန်သေးရင်လည်း နောက်ထပ်လက်ခံပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်တည်းဖြတ်ပေးသွားမယ်။ ဆိုတော့ ကျန်တယ်။ ကျန်လည်းကျန်သေးတယ်။ ထို့အတူပဲ ပြင်ဆင်ချက်တွေအကုန်လုံးကိုလည်း အားလုံးပါဝင်နိုင်တဲ့လမ်းကြောင်းလည်း ကျွန်တော်တို့ဖွင့်ထားပါတယ်။ ဒီနေရာမှာထပ်ပြီးတော့ ခင်ဗျားမမေးတဲ့မေးခွန်းတစ်ခုထပ်ဖြေမယ်။

တကယ်လို့အတည်ပြုပေးနိုင်တဲ့လုပ်ငန်းစဉ် ပြီးသွားရင်တောင်မှ တခြားသောပြင်ပ Actor တွေ Stakeholderတွေက ဒီကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်ခြေ/ဥကို ပြင်ဆင်နိုင်အောင် ကျွန်တော်တို့ လမ်းကြောင်းတစ်ကြောင်းထပ်မံဖွင့်ဦးမှာဖြစ်ပါတယ်လို့။

မေး။ ဟုတ်ကဲ့ အခုလိုဖြည့်ပြီးဖြေပေးတာအရမ်းကျေးဇူးတင်ပါတယ်။ နောက်မေးခွန်းတစ်ခုက တခြားသောအစုအဖွဲ့တွေပေါ့ စစ်ကိုင်းတိုင်းရဲ့ပြင်ပက အစုအဖွဲ့တချို့ကလည်းပြောတာမျိုးတွေ ကျွန်တော်တို့ကြားရတာရှိတယ်။ စစ်ကိုင်းကဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးဆွဲတဲ့အခါမှာ ပြည်ထောင်စုအဆင့်ကတောင် ဘာမှမလုပ်ရသေးဘဲနဲ့ ဒါကျော်လုပ်တယ်ဆိုတဲ့ အသံမျိုးတွေ ကျွန်တော်တို့ကြားရတာရှိပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပေးချင်တာမျိုးရှိပါသလဲ။

ဖြေ။ ဟုတ်ကဲ့မေးခွန်းလည်းကောင်းသလို ကျွန်တော်တို့ပြန်လည်သုံးသပ်ကြရမှာဖြစ်ပါတယ်။ ဟုတ်တယ် ပြည်ထောင်စုဆွဲပြီးမှ ပြည်နယ်ဆွဲပါလို့ ဘယ်အချက်က ကျွန်တော်တို့ကို ပြဌာန်းထားတာရှိသလဲ။ နောက်တစ်ခုက ပြည်ထောင်စုမဆွဲဘဲနဲ့ ပြည်နယ်တွေကနေ ကိုယ့်သဘောနဲ့ကိုယ်ဆွဲခွင့်မရှိဘူးလို့ ဘယ်အချက်က ကန့်သတ်တားမြစ်ထားပါသလဲဆိုတာကို ကျွန်တော်တို့ပြန်မေးခွန်းထုတ်ကြရမှာဖြစ်သလို။

တစ်ဖက်မှာလည်း ပြည်နယ်ရဲ့အကျိုး၊ ပြည်ထောင်စုရဲ့ အကျိုးကိုရှေးရှုပြီးတော့ မိမိလုပ်နိုင်တဲ့ နိုင်ငံရေးစစ်မျက်နှာပေါ့၊ ဥပဒေပြုရေးဆိုင်ရာလစ်ဂျက်တမစ်စီပါဝါ ကျွန်တော်တို့ရဲ့ ဒီဖက်တို၊ ဒီဂျူရီပါဝါတွေ စုပေါင်းပြီးတော့ ပြည်နယ်ရဲ့ အကျိုးစီးပွားကို စောင့်ရှောက်နိုင်တဲ့ အလုပ်တစ်ခုလုပ်ကြတာဖြစ်တဲ့အတွက် ညီတယ်မညီဘူး ကျော်တယ်မကျော်ဘူးဆိုတာကို တစ်ခါ တစ်ခါမှာ စဉ်းစားဖို့လိုအပ်သလားပေါ့။

ဟုတ်ပြီ မကျော်စေချင်ဘူးလို့ပြောရင်လည်း ကျွန်တော်တို့ရည်မှန်းချက်က ပြည်ထောင်စုက ခိုင်းမှလုပ်ရမယ့် ဖက်ဒရယ်လား ဒါမှမဟုတ်ရင် ဖက်ဒရယ်ကိုသွားဖို့အတွက် တော်လှန်ရေးမှာ လုပ်နေကြတဲ့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအဖွဲ့တွေမြောက်များစွာထဲက တော်လှန်ရေးကို ရှေးရှုပြီး ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကိုတိုက်ခိုက်နေကြတဲ့ အချိန်မှာ ဘယ်အဖွဲ့ကတော့တရားဝင်တယ်၊ ဘယ်အဖွဲ့ကတော့ တရားမဝင်ဘူးဆိုတာ ကျွန်တော်တို့ သတ်မှတ်ပေးလို့မရသလို မိမိရဲ့ယုံကြည်ချက်အတိုင်းဆောင်ရွက်နေကြတဲ့ ဒီနွေဦးတော်လှန်ရေးမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်တာ ပိုမကောင်းဘူးလားလို့ ကျွန်တော့်တို့ ပြန်မေးချင်ပါတယ်။ ပြန်တွေးစေချင်ပါတယ်ဗျ။

မေး။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးမေးခွန်းတစ်ခုကတော့ ပသုံးလုံးကိစ္စတွေပါ။ ပသုံးလုံးကိစ္စတွေနဲ့ တဆက်တည်းမှာပဲ အခွန်နဲ့ ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှု ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေကို ဘယ်လိုမျိုးကြပ်ကြပ်မတ်မတ်နဲ့ ကိုင်တွယ်သွားမလဲ။ ကိုင်တွယ်ဖို့ပြင်ဆင်နေလဲဆိုတာလေး ပြောပြပေးပါဦး။

ဖြေ။ ဟုတ်ကဲ့ တနည်းအားဖြင့်ပြောရင်တော့ တရားဥပဒေစိုးမိုးရေး rule of lawပါပဲ။ နောက် ကျွန်တော်တို့ ကြားခြေ/ဥထဲမှာတော့ အဲဒီအချက်တွေထိန်းကြောင်းနိုင်ဖို့အတွက် လွှတ်တော်ရဲ့ တာဝန်ဖြစ်တဲ့ စောင့်ကြည့်ရမယ့်အလုပ်တာဝန်တွေ ထိန်းကြောင်းရမယ့် အလုပ်တာဝန်တွေအားလုံးကိုတော့ ကျွန်တော်တို့ထည့်သွင်းထားပြီးဖြစ်ပါတယ်။

ဒါကလွှတ်တော်လို့သုံးရင် လွှတ်တော်ရဲ့ မူလတာဝန်တွေဖြစ်တဲ့အတွက် အစိုးရကို စောင့်ကြည့် ချိန်ညှိရမယ့် လုပ်ငန်းတာဝန်တွေလည်းထည့်ထားသလို လိုအပ်တဲ့ဥပဒေတွေပြဌာန်း ပြင်ဆင်ပေးဖို့လည်း ယူနစ်အဆင့်ပေါ့နော် ပြည်‌ထောင်စုအဆင့်ကိုပြောနေတာမဟုတ်ဘူး ယူနစ်အဆင့် ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ဥပဒေပြဌာန်းနိုင်ဖို့အတွက် ဒီတရားရေးပေါ့၊ နောက်တစ်ခါအစိုးရအဖွဲ့ ဖြစ်လာမယ့်အစိုးရအဖွဲ့၊ နောက်လွှတ်တော်၊ သက်ဆိုင်ရာဌာနတွေ၊ ဒါတွေအားလုံးကို ဥပဒေတွေရေးဆွဲနိုင်ဖို့ ပြဌာန်းနိုင်ဖို့ ညွှန်ကြားချက်တွေပေးနိုင်ဖို့အတွက် ဥပဒေအရ ကျွန်တော်တို့ ထည့်သွင်းပေးထားပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့က ဒီတော်လှန်ရေးစစ်မျက်နှာပေါ်မှာ အားပြုတည်ဆောက်နေတဲ့အချိန်ရယ် နောက်တစ်ခါ ယူနစ်အဆင့်အစိုးရမပေါ်ပေါက်သေးတဲ့အခါမှာ အနီးကပ်မြို့နယ်အဆင့်ကို ယူနစ်အဆင့်ထိန်း ကျောင်းနိုင်ဖို့အတွက်က ခြေ/ဥလိုလာတယ် အစိုးရတစ်ရပ်လိုလာတယ်။ အစိုးရကိုဘာနဲ့ဖွဲ့မလဲလို့မေးတော့ စောစောက ဆရာတို့လည်းအားလုံးသိကြမှာပေါ့ တခြားသောယူနစ်တွေက အစီအမံနဲ့ သွားပေမယ့် ကျွန်တော်တို့က စစ်ကိုင်းက တခြားသောယူနစ်တွေထက် မီးလောင်ပြင်ပိုများတယ်၊ ထိတွေ့မှုပိုများတယ်၊ ထို့အတူပဲ ထိန်းကြောင်းမှုပိုများလာတာကို သိတဲ့အတွက် စည်းနှောင်မှုပိုအားကောင်းတဲ့ ခြေ/ဥဆိုတဲ့ဥပဒေတစ်ရပ်ကို ကျွန်တော်တို့ရေးဆွဲဖို့အတွက် သဘောတူဆုံးဖြတ်ကြတာဖြစ်ပါတယ်။

ဆိုတော့ အဲဒီအထဲမှာတော့ လိုအပ်တဲ့ဥပဒေတွေပြဌာန်းဖို့နဲ့ အနီးကပ်ထိန်းကျောင်းနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ပဲ ဆရာ့ရဲ့တတိယမေးခွန်းဖြစ်တဲ့ ကျော်လွန်ပြီး လုပ်နေတဲ့ ကိစ္စရပ်တွေထွက်ပေါ်လာတာပေါ့။ ကျွန်တော်တို့ကကျော်လွန်တာမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ်ရဲ့လိုအပ်ချက်အပေါ်မှာဖြည့်ဆည်းနိုင်ဖို့အတွက် ကိုယ်တတ်ရာ၊ ကိုယ်ကျွမ်းကျင်ရာ ကိုယ်တာဝန်ယူထားတဲ့ စစ်မျက်နှာပေါ်မှာ တာဝန်ကျေပွန်စွာထမ်းဆောင်တယ်လို့တော့ ကျွန်တော်မြင်ပါတယ်ဗျ။

မေး။ ။ဟုတ်ကဲ့ပါ အခက်တွေကြားထဲက အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးပါ နောက်ဆုံးမေးချင်တာတစ်ခုက စစ်ကိုင်းဖက်ဒရယ်ယူနစ်ဆီက ပြည်သူတွေလက်တွေ့ဘာတွေမျှော်လင့်နိုင်မလဲခင်ဗျ။

ဖြေ။ ဟုတ်ကဲ့၊ ပြောခွင့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ အဓိကက ကျွန်တော်တို့ပြောပြီးပြီ။ ဒီပြည်ထောင်စုအစိုးရက ကျွန်တော်တို့ နိုင်ငံရေးစစ်မျက်နှာခြောက်ခု၊ စစ်မျက်နှာခြောက်ခုက အားလုံးက အရေးကြီးတယ် ဟန်ချက်ညီဖို့လိုတယ်။

စစ်မျက်နှာခြောက်ခုတင်လား စစ်မျက်နှာခြောက်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေပဲလားဆို မဟုတ်ပါဘူး။ ပြည်သူတွေလည်းအရေးကြီးပါတယ်။ တချို့သောကိစ္စရပ်တွေမှာ ပြည်သူက ထိန်းကျောင်းရမှာရှိတယ်။ အသံထွက်ပေးရမှာရှိတယ်။ အဲဒါမှကျွန်တော်တို့က ပြည်သူတွေရဲ့အသံကို နားဆင်ပြီးတော့မှ လိုအပ်ချက်အရ (စောစောက ကျွန်တော်ပြောသလိုပဲ) ပေါ့ပေါ့ပါးပါးနဲ့ စီမံသွားလို့ရတာ ကျွန်တော်တို့လည်း သိတာပေါ့ . . သိတာပေါ့။

ဒါပေမယ့်ကျွန်တော်တို့ယူနစ်အတွင်းမှာ တော်လှန်ရေးအစ ပြင်းပြင်းထန်ထန် ဖိနှိပ် နှိပ်ကွပ်ခံရတယ် ယနေ့အချိန်ထိလည်း နှိပ်ကွပ်ခံရဆဲဖြစ်တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အကြိမ်ပေါင်းလည်းမနည်းတော့ဘူး။ တကယ့်လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား၊ ဟိုးအရင်တုန်းက တိုင်းရင်းသားတွေနယ်မြေနဲ့စာရင် ဒီတိုင်းဒေသကြီး သို့မဟုတ် ယူနစ်ထဲမှာ ကျွန်တော်တို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်က အဖိနှိပ်ခံရဆုံးပဲဖြစ်တယ်။ အဲဒီတော့ကျွန်တော်တို့က ဒီလိုခံရတဲ့အခါမှာ ပြန်လည်ထူထောင်ရေးနဲ့ စီမံအုပ်ချုပ်မှုပုံစံကို ကြည့်တော့ ပြည်ထောင်စုအဆင့်ကနေပြီးတော့ မြို့နယ်အဆင့်ကို တိုက်ရိုက်အုပ်ချုပ်ရတဲ့ပုံစံမှာ အလှမ်းကွာလွန်းအားကြီးတယ်။

အဲဒီတော့ အားလုံးသိတဲ့အတိုင်းပဲ အုပ်ချုပ်မှုလေဟာနယ်ဖြစ်တယ်။ အုပ်ချုပ်မှုလေဟာနယ်ဖြစ်တဲ့အတွက်စီမံခန့်ခွဲတဲ့အခါမှာ ဆုံးဖြတ်ချက်က ပြည်ထောင်စုကချရတာအရမ်းခက်သွားတယ်။ တိုင်ကြားမှုရှိတယ် စုံစမ်းစစ်ဆေးတဲ့အခါမှာ one Stop လုပ်ရမယ့်လွှတ်တော်ဘက်ကလည်း ဒီကာလမှာလွှတ်တော်ဆိုတာထက် ဒီတော်လှန်ရေးကို အားပြုနေရတာဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့ လွှတ်တော်အလုပ်ကိုလည်း အကုန်ကောင်းစွာအပြည့်အဝမကျင့်သုံးနိုင်ဘူး ဖြစ်တယ်။ ဒါလွန်ခဲ့တဲ့နှစ်တွေကပေါ့ အဲဒီတော့ အဲဒါကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ဒီအုပ်ချုပ်မှုလေဟာနယ်ကို ပြန်ဖြည့်နိုင်ဖို့အတွက် ကျွန်တော်တို့ ယူနစ်အဆင့်အစိုးရတစ်ရပ်လိုလာတာလို့ ကျွန်တော်တို့အုပ်ချုပ်မှုရှုထောင့်ကနေ သုံးသပ်ကြတယ်။ ဒါကတစ်ပိုင်းပေါ့။

နောက်တစ်ပိုင်းက ဒီကြားခြေ/ဥအရပေါ်ပေါက်လာမယ့်အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအစိုးရဖြစ်ပြီးတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့်အစိုးရက ယူနစ်သို့မဟုတ်တိုင်းဒေသကြီးအစိုးရအဆင့်နဲ့ပဲ ဒီပြဿနာတွေအကုန်လုံးကို သူတဆင့်ခံတာဝန်ခံပြီးမှ အနီးကပ်ထိန်းကြောင်းပေးရမယ်လို့ မြင်တယ်။ ထိန်းကြောင်းပေးနိုင်မှလည်း ပိုပြီးတော့စောင့်ရှောက်မှုအားကောင်းလာမယ်။

စောစောက ဒုတိယမေးခွန်းလိုပဲ အခွန်ကိစ္စရပ်တွေ စီမံခန့်ခွဲမှုအနီးကပ်တိုက်ရိုက် လျှင်လျှင်မြန်မြန် ဆုံးဖြတ်ပေးနိုင်တဲ့ ထိန်းကြောင်းပေးနိုင်မယ့် ယန္တရားတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဆိုတော့ ဒီကာလမှာ ကျွန်တော်တို့ ယူနစ်လွှတ်တော်တစ်ခုထဲကဘဲ လုပ်လို့မရဘူး။ မရတဲ့အတွက် အစုအဖွဲ့တွေနဲ့စုပေါင်းပြီးတော့ Stakeholder တွေ အားလုံးစုပေါင်းပြီးတော့ ကိုယ်စားပြုနိုင်မယ့် ကြားခြေ/ဥရေးဆွဲနိုင်ဖို့၊ အတည်ပြုနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဆိုတော့ ကျွန်တော်တို့မျှော်မှန်းထားတဲ့ ဖက်ဒရယ်ယူနစ် တည်ဆောက်နိုင်ဖို့အတွက်က ပြည်သူသာအဓိကပါလို့ ကျွန်တော်တို့ပြောချင်ပါတယ်။

ဒီကာလမှာဖြစ်တဲ့အတွက်လည်း ကြားခြေ/ဥကို ကျွန်တော်တို့ ပြည်သူ့ရဲ့သဘောထားအပြည့်အဝ ကောက်ယူနိုင်ခြင်းမရှိတာကိုလည်း နားလည်သဘောပေါက်ပေးပါ။ ထို့အတူပဲ ပြည်သူကိုကိုယ်စားပြုနိုင်မယ့် တခြားသော Stakeholder တွေ actorတွေနဲ့ ကျွန်တော်တို့ စုပေါင်းပြီးတော့ ပြည်နယ်ရဲ့အကျိုးစီးပွားကို အမြန်ဆုံးကာကွယ်စောင့်ရှောက်နိုင်အောင်လည်း ကိုယ်စားပြုလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်လို့ အသိပေးလိုပါတယ်ခင်ဗျ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...