ယနေ့ ဇန်နဝါရီလ ၄ ရက်သည် လွတ်လပ်ရေးရသည်မှာ ၇၇နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တနည်းအားဖြင့်အချုပ်အခြာအာဏာပိုင်မြန်မာနိုင်ငံတည်ထောင်ခဲ့သည်မှာ ၇၇နှစ် ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံသည် စစ်အာဏာသိမ်းမှုသုံးကြိမ်ကြောင့် သူကျွန်ဘဝမှ စစ်ကျွန်ဘဝသို့ ကျရောက်ခဲ့သည်မှာလည်း နှစ်ပေါင်း ၇၀ကျော်ခဲ့သည့်သဘောဖြစ်သည်။
လွတ်လပ်ရေး ရယူ၍ မြန်မာနိုင်ငံတော်တည်ထောင်စဥ်က တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားများအခြေခံကာ လူသတ္တဝါ ခပ်သိမ်းတို့၏ ငြိမ်းချမ်း သာယာရေးကို ရည်ရွယ်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
၁၉၆၂ခုနှစ်၊ ၁၉၈၈ခုနှစ်၊ ၂၀၂၁ခုနှစ်တို့ စစ်အာဏသိမ်းမှု သုံးကြိမ် ကြုံတွေ့ရသည့် မြန်မာနိုင်ငံသည် လောကပါလ တရားများပျောက်ဆုံးကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘက်ပေါင်းစုံချွတ်ခြုံကျခဲ့ရသည်။
အထူးသဖြင့် လူသားများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည့်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ တရားဥပဒေစိုးမိုးမှုများ နှစ်ပေါင်း၇၀အတွင်း ဆုံးရှုံးခဲ့ကြရသည်။ အထူးဖြင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း ကိုယ့်အမျိုးသားချင်း အနိုင်အထက်ဖိနှိပ်အုပ်ချုပ်သော စစ်အာဏာရှင်စနစ်ဆိုသည့် စနစ်ဆိုးတခုအောက်တွင် မလွတ်မြောက်ဘဲရှိနေကြခြင်းဖြစ်သည်။ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်ဆိုး ကွယ်ပျောက်ချုပ်ငြိမ်းရေးသည် လောကပါလတရားများထွန်းကားသည့် လူသတ္တဝါခပ်သိမ်းတို့အတွက် ငြိမ်းချမ်းသာယာရေးအတွက် အရေးပါလျှက်ရှိသည်ဟု The Nation Voice က လွတ်လပ်ရေးနေ့တွင် အသိပေးလိုခြင်းဖြစ်သည်။


