ဇူလိုင် ၃၊ The Nation Voice
သတင်း- ငြိမ်း
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ နှစ်သိန်းနှစ်သောင်းကျော်ရှိပေမယ့် လေးသောင်းကျော်သာ မြေပြင်မှာ စာရင်းကောက်ယူ နိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာ မှာ ပေါက်ကြားလာတဲ့ စလင်းမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ကော်မတီရဲ့ မဲစာရင်းအရ သိရပါတယ်။
လျှို့ဝှက်စာပါတဲ့ အဲဒီမဲဆန္ဒရှင် စာရင်းစာရွက်ဟာ ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းက ထွက်ပေါ်လာတာပါ။

စလင်းမြို့နယ်ထဲက မဲပေးနိုင်တဲ့သူဦးရေ ၂၂၅၆၂၉ဦး ရှိနေပြီး မဲစာရင်းမှာရှိမယ့်လူဦးရေထဲက ၄၂၂၈၃ ဦးသာ မြေပြင်မှာရှိပြီး ခရီးလွန်သူကတော့ ၁၈၃၄၆ဦးရှိတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ခရီးလွန်နေတယ်ဆိုပြီး ဖော်ပြထားပေမယ့် အဲဒီစာရင်းက မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ခြင်း မရှိတဲ့ မဲစာရင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့စာရင်းမှာ စလင်းမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအနေနဲ့ မြေပြင်ကွင်းဆင်းပြီးမကောက်ယူနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေရှိနေတာကို တွေ့ရပါတယ်။
စလင်းမြို့ခံအမျိုးသားတစ်ဦးကတော့ မြို့ပေါ်မှာ အခုတလောအတွင်း မဲပေးဖို့လူစာရင်းလာကောက်တာမရှိသေးပေမယ့် ပြီးခဲ့တဲ့နှစ်လောက်ကတော့ ရပ်ကွက်ထဲကို သန်းခေါင်စာရင်းလာကောက်လို့ အိမ်ထောင်စုဇယားတွေသွားပေးရသေးတယ်လို့ The Nation Voice ကိုပြောပါတယ်။
စလင်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ သူရဲ့လက်အောက်ခံတွေဟာ မြို့ပေါ်နဲ့ အာဏာသိမ်းစစ်တပ်အထိုင်ချရာနေရာတွေ၊ ရုံးတွေမှာပဲ သွားလာနေထိုင်နိုင်တဲ့အနေထားဖြစ်ပြီး စလင်းနယ်ထဲက ရွာတော်တော်များကို အင်အားအများအပြားနဲ့မြေပြင်စစ်ကြောင်းထိုးမှာသာ သွားလာနိုင်တဲ့အနေထားဖြစ်ပါတယ်။
စလင်းမြို့နယ်ထဲမှာ စလင်းမြို့ပေါ်က ရပ်ကွက် ၈ခုနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က ရပ်ကွက် ၃ခု၊ ကျေးရွာပေါင်း ၄၂၀ ရှိပါတယ်။
၂၀၂၀ မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ စလင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ နှစ်သိန်းနီးပါးရှိခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်ဆိုပြီး စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပါတယ်။


