စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ခြေရာကောက်ခြင်း

 

အပိုင်း(၁)

The Nation Voice အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က ရေးဆွဲနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)နဲ့ပတ်သက်လို့ အပတ်စဉ် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

အပတ်စဉ်ဖော်ပြသွားမယ့် ဒီဆောင်းပါးက စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို ဝေဖန်ပြစ်တင်ခြင်းမဟုတ်ဘဲ အများပြည်သူအကျိုးစီးပွါးအား ရှေးရှုသည့် အပြုသဘောဆောင်သောဆွေးနွေးဝေဖန်မှုများအဖြစ် ဖော်ပြသွားပါမယ်။

ဒီတစ်ပတ်မှာတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဖြစ်ပေါ်လာတာနဲ့ပတ်သက်လို့ The Nation Voice အနေနဲ့ ဖော်ပြသွားပါမယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် စတင်ခြင်း)

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဆိုတဲ့ အသုံးအနှုန်းကိုပြောင်းလဲ အသုံးပြုဖို့ ၂၀၂၃ ခု နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ တစ်ဆက်တည်းမှာပဲ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်အနေနဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နိုင်ဖို့အတွက် ကြို တင်ပြင်ဆင်ရေးဆိုင်ရာဥပဒေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်မှာ ဘယ်အစုအဖွဲ့တွေ ပါဝင်ကြလဲ)

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်လို့ ပြောင်းလဲခေါ်ဆိုသုံးနှုန်းဖို့ အတည်ပြုအပြီး ၂ လကျော်အကြာ ၂ဝ၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် အထူးအစည်းဝေးက အတည်ပြုခဲ့ပါတယ်။ ကော်မရှင်ကို အစုအဖွဲ့ ၅စုက အဖွဲ့ဝင် ၅၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်မှာပါဝင်တဲ့ အဖွဲ့ဝင်များ)

(၁) ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်ခံရသော လွှတ် တော်ကိုယ်စားလှယ်များ၊

(၂) ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံရသော တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များနှင့် ဌာနေတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ၊

(၃) စီဒီအမ် (CDM) နိုင်ငံ့ဝန်ထမ်းများ၊

(၄) လေးစား ယုံကြည်ခံရသူများနှင့် သပိတ်ခေါင်းဆောင်များ၊

(၅) နိုင်ငံရေးပါတီများ မှ ကိုယ်စားလှယ်

(မူကြမ်း)ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်တွေ ၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက်မှာတော့ ကြားကာလဖွဲစည်းပုံအခြေခံဥပဒေပါဝင်တဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပခဲ့ပြီး အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

(ရေးဆွဲစဉ်ကာလ အတွင်း ပြည်တွင်း၊ ပြည်ပက ဥပဒေပညာရှင်တွေ၊ ဖက်ဒရယ်ရေးရာပညာရှင်တွေ၊ နိုင်ငံရေးသုတေသီတွေနဲ့ချိတ်ဆက်ပြီး သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်)

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးဆွဲရာမှာ ကိုးကားခဲ့သည့် နိုင်ငံရေးမှတ်တမ်းများ)

(က) ဒေါ်အောင်ဆန်းစုကြည်၏ ဖက်ဒရယ်မူ ၆ ချက်၊

(၈) ၂၁ ပင်လုံညီလာခံမှ သဘောတူညီမှုရရှိခဲ့သော ပြည်ထောင်စုသဘောတူ စာချုပ်များ၊

(ဂ) UNFC တင်သွင်းသည့် ဖက်ဒရယ်မူဝါဒ စာတမ်းများ ၊

(ဃ) တော်လှန်ရေးအဖွဲ့ ( ၁၂ ) ဖွဲ့ ၊ ( PPST / KIO / KNPP ) တို့ သဘောတူထားသည့် အခြေခံမူ (၂၄) ချက်၊

(င) ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) (၂ဝ၂၁)

(စ) ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ ချုပ်က ထုတ်ပြန်ထားသည့် ညီညွတ်ရေး ကော်မတီ၏ ကြေညာစာတမ်း၊

( ဆ ) အခြားသော ပြည်တွင်း၊ ပြည်ပ ဖက်ဒရယ်စာတမ်းများ၊ ဥပဒေများ၊ မှတ်စုများ၊

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်သည် အစည်းအဝေး အကြိမ်ပေါင်း (၁၁၅ကြိမ် ပြုလုပ်ခဲ့ကြပြီး အခန်းပေါင်း (၁၈)ခန်း၊ ပုဒ်မပေါင်း (၁၉၈)ခု ပါဝင်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ရေးဆွဲခဲ့ကြပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ၂၀၂၄ခု နှစ် ဖေဖော်ဝါရီ ၆ ရက်မှာ စတင်ရေးဆွဲပြီး အောက်တိုဘာ ၂၃ မှာ အပြီးသတ်ခဲ့ပါတယ်။ ရေးဆွဲချိန် ၉ လကြာမြင့်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းခဲ့ ပါတယ်။

The Nation Voice မှ ရေးသားသည်။

>n{