မုံရွာမှာ လစဉ်သုံးသန္ဓေတားဆေးတွေ စျေးမြင့်တက်နေပြီး ဆေးပြတ်လပ်မှုတွေရှိလာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ သန္ဓေတားဆေးတွေ စျေးတက်လာပြီး ပစ္စည်းအချို့ ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ အိမ်ထောင်ရှင်မတွေက ပြောပါတယ်။
လူသုံးများတဲ့ လေဒီယာ၊ စိတ်ချ၊ Ok ၂၈လုံးပါ သန္ဓေတားဆေး တစ်ကဒ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတစ်ထောင့်ငါးရာ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် အခုတော့ တစ်ကဒ်ကိုသုံးထောင့်ငါးရာ ဝန်းကျင်ထိ စျေးနှစ်ဆကျော် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

သန္ဓေတားဆေးတွေထဲမှာ အရည်အသွေးကောင်းမွန်ပြီး ဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ မာဗလွန်(marvelon) 28 ဆိုတဲ့ ဆေးကဒ်တစ်ကဒ်ရဲ့ စျေးနှုန်းဟာ အရင်က တစ်သောင်းခွဲ ဝန်းကျင်သာရှိခဲ့ပေမယ့် အခုမှာတော့ နှစ်သောင်းရှစ်ထောင်ကျပ်ကနေစပြီး သုံးသောင်းနှစ်ထောင်ကျပ်အထိ စျေးတွေမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
စျေးတွေတက်လာခဲ့တဲ့အပြင် မာဗလွန်(marvelon) 28 နဲ့ “စိတ်ချ” ဆိုတဲ့သန္ဓေတားဆေးနှစ်ခုဟာ မုံရွာစျေးကွက်အတွင်း မကြာခဏ ပြတ်လပ်လေ့ရှိတယ်လို့ ဆေးဆိုင်ဝန်ထမ်းတွေကဆိုပါတယ်။

သန္ဓေတားဆေး နှစ်ဆယ့်ရှစ်လုံးပါ ဆေးကဒ်တွေ နှစ်ဆနီးပါး စျေးကြီးလာတာကြောင့် တားဆေးကဒ်နေရာကို သုံးလခံဆေးတွေနဲ့ လက်မောင်းထဲ ပိုက်ထည့်တဲ့ သန္ဓေတားနည်းတွေကို အရင်ကထက် ပိုပြီးအသုံးပြုလာကြတယ်လို့ မုံရွာမြို့က သားဆက်ခြား ကျန်းမာရေးဆိုင်ရာအကူအညီပေးနေတဲ့ သူနာပြုတစ်ဦးက ပြောပါတယ်။

“ဒီနှစ်ထဲမှာမှ အရင်ကထက် ဆေးထိုးတဲ့သူတွေ လက်မောင်းထဲ ပိုက်ထည့်သူတွေက တော်တော်များလာတယ်။ ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် အရင်နှစ်ကထက် ၄၀ရာခိုင်နှုန်းလောက် ပိုတိုးလာတာပေါ့။ ဆေးကသုံးလခံလေ တစ်ခါထိုးမှ ငါးထောင်လောက်ပဲ ရှိတာကိုး”လို့ သူက ဆက်ပြောပါတယ်။

သန္ဓေတားသောက်ဆေး စျေးတွေနှစ်ဆနီးပါး မြင့်တက်လာခဲ့တာကြောင့် အရင်က မာဗလွန် သန္ဓေတားဆေးကို အသုံးပြုတဲ့ အိမ်ထောင်သည်အမျိုးသမီးတချို့ဟာလည်း ဆိုးကျိုးနည်းပြီး တစ်သောင်းလေးထောင် ကျပ်သာရှိတဲ့ အွန်ဂျယ် (Onjel)လို့ အမည်ရှိတဲ့ သန္ဓေတားဆေးကဒ်ကို အစားထိုး အသုံးပြုလာကြတယ်လို့ သိရပါတယ်။

“နှစ်သောင်းကျော် သုံးသောင်းနားကပ်နေတာကြီးကို ပေးမသောက်နိုင်တော့ဘူး။ စီးပွားရေးကလည်း အရင်လို အဆင်မပြေ ကုန်စျေးနှုန်းကလည်းတက်ဆိုတော့ တတ်နိုင်တာလေးကိုပဲ ဝယ်သောက်ရတော့တာ။ တစ်ခါတလေကျ ဆေးကလည်းကုန်သွားပြီ လက်ထဲပိုက်ဆံလည်း ပြတ်သွားပြီဆို okတို့ စိတ်ချတို့ပဲ ဝယ်သောက်လိုက်တယ်”လို့ မုံရွာမြို့က မုန့်ဟင်းခါး ရောင်းချတဲ့ အိမ်ထောင်သည် စျေးသည်တစ်ဦးက The Nation Voice ကို ပြောပါတယ်။

တစ်နေ့တာ မုန့်ဟင်းခါးရောင်းချလို့ ရတဲ့ဝင်ငွေ အမြတ်ဟာ တစ်သောင်းကျော်လောက်သာ ကျန်ပြီး အိမ်အသုံးစရိတ်အတွက် ပြန်ထည့်ရတာကြောင့် မာဗလွန် သန္ဓေတားဆေးကို တစ်ရက် တစ်ထောင်ကျပ် နီးပါးပေးပြီး တစ်လစာ ဝယ်မသောက်နိုင်တော့ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရှားပါးမှု ပြဿာနာနဲ့ပါ ရင်ဆိုင်နေကြရတဲ့အပြင် ကုန်စျေးနှုန်းတွေလည်း စံချိန်တင် မြင့်တက်လာခဲ့တာကြောင့် သန္ဓေတားဆေးတွေကို စျေးကြီးပေးမဝယ်နိုင်ကြတော့ဘူးလို့ မုံရွာ မြို့ခံ အိမ်ထောင်ရှင်မတွေက ဆိုပါတယ်။

သွန်းမီ ရေးသားသည်။

>n{