ကုန်ဈေးနှုန်းတွေကြီးမြင့်လာတာနဲ့ တဆက်တည်း သန္ဓေတားဆေးတွေ ဈေးနှုန်းမြင့်တက်လာတာက အိမ်ထောင်ရှင်မတွေအတွက် စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လို့လာပါတယ်။
မြို့နေပြည်သူတွေအတွက်တော့ ကိုယ့်ဝင်ငွေအလိုက် လိုအပ်တဲ့သန္ဓေတားဆေးတွေ၊ ကာကွယ်နည်းတွေကို လက်တကမ်းမှာ ရရှိနိုင်ပေမယ့် စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေမှာတော့ ပုံမှန်မဟုတ်တဲ့ အတားအဆီးတချို့လည်း ရှိနေပါတယ်။ အဲဒါတွေကတော့ စစ်ရေးပြင်းထန်တဲ့ဒေသတွေဆီ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ခံရတာနဲ့ စစ်ရေးအခြေအနေတွေအရ ဆေးရှိတဲ့နေရာကို သွားလာရေးခက်ခဲတာတွေပါ။
စစ်ကိုင်းတိုင်း ကလေးခရိုင်ထဲက စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ သူတို့အနေနဲ့ ဆေးဝါးရရှိဖို့ နယ်စပ်ဒေသတွေကို အားကိုးအားထားပြုနေရတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာလည်း သန္ဓေတားဆေးတွေဟာ တခြားသောဆေးဝါးတွေ နည်းတူ စျေးကွက်ထဲမှာ ပစ္စည်းပြတ်တာ၊ စျေးတွေအဆမတန်ခုန်တက်တာတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ သူက ရင်ဖွင့်ပါတယ်။
ကလေးခရိုင်တစ်ခုလုံးကို လွှမ်းခြုံပြီး ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ် ဆောင်နေတဲ့ သူတို့အဖွဲ့ဟာ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
သူတို့အနေနဲ့ စစ်ဘေးသင့်ဒေသတွေဆီ ကွင်းဆင်းတဲ့အခါမှာ သန္ဓေတားခြင်းအပါ အဝင်သားဆက်ခြားတဲ့ကိစ္စကို အထူးတလည် ထည့်သွင်းဆွေးနွေးပေးတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် ကာယကံရှင်ဆန္ဒအရ သားဆက်ခြားချင်တဲ့အခါမှာ သောက်ဆေး၊ ထိုးဆေးအလျဥ်းသင့်သလို စီစဥ်ပေးတာပဲဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဘေးသင့်ဒေသနေပြည်သူတွေဟာ စစ်ရေးအခြေအနေကိုလိုက်ပြီး ထွက်ပြေးတိမ်းရှောင်ရတာ၊ သင့်တော်တဲ့နေရာမှာအိပ်စက်ရတာ၊ အလျဥ်းသင့်သလိုစားသောက်နေ ထိုင်ရတာကြောင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းစေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခါမျိုးမှာ လိင်ဆက်ဆံမိရင် လိင်ကတဆင့် မလိုလားအပ်တဲ့ ရောဂါကူးစက်မှုတွေ ရှိလာနိုင်တာကိုလည်း အသိပညာပေးရတာတွေရှိတယ်လို့ ဆေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆေးဝါးပြတ်လတ်မှုတွေရှိနေတဲ့အ ပြင် လိုအပ်တဲ့သန္ဓေတားဆေးတွေကို စျေးကြီးပေးဝယ်ယူနေကြရပါတယ်။ ဒါ့အပြင် သန္ဓေတားခြင်းအပါအဝင် သားဆက်ခြားရေးကိစ္စအတွက် ယခင်ကလို ဆေးရုံဆေးခန်းတွေဆီ လက်လှမ်းမှီသူလည်း နည်းပါးလာနေတယ်လို့ CDM ကျန်းမာရေးဝန်ထမ်း ဒေါက် တာစန္ဒီက ထင်မြင်ချက်ပေးပါတယ်။
ဒါကြောင့်မို့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင်မရတဲ့ စစ်ဘေးသင့်ဒေသတွေမှာရှိတဲ့ အမျိုးသမီးငယ်တွေနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် ကျန်း မာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ပရဟိတအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့ သူက ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာလည်း သန္ဓေတားခြင်းနဲ့ သားဆက်ခြင်းကိစ္စရပ်တွေအတွက် အသိပညာပေးဆွေးနွေးတာတွေ မုချလိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီဒေသတွေမှာ အကြောင်းကြောင်းနဲ့ သန္ဓေတားဆေးတွေမရနိုင်ဘူးဆိုရင် တခြားဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးလို့ရနိုင်တယ်ဆိုတာကို ရှင်းပြထားသင့်တယ်လို့ သူက မြင်ပါတယ်။
သန္ဓေတားခြင်းနဲ့ သားဆက်ခြားခြင်းကိစ္စရပ်မှာ သောက်ဆေး၊ ထိုးဆေးနဲ့ သန္ဓေတားကရိ ယာထည့်တာအပြင် ကွန်ဒုန်းအသုံးပြုတာ၊ ရာသီသွေးပေါ်ချိန်နဲ့နီးလာရင် လိင်ဆက်ဆံခြင်းကို ရှောင်ရှားတာတွေ လုပ်လို့ရတယ်လို့ ဒေါက်တာစန္ဒီက ရှင်းပြပါတယ်။
ဒီနေရာမှာ သန္ဓေတားနိုင်ဖို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုန်းအသုံးပြုရာမှာ အခက်အခဲမရှိနိုင်ပမယ့် ရာသီသွေးပေါ်ချိန်ကိုတွက်ပြီး ဆက်ဆံတာမျိုးကတော့ လူတိုင်းနဲ့ အဆင် ပြေမှာမဟုတ်ဘူးလို့ သူက မှတ်ချက်ပေးပါတယ်။
“ရာသီသွေးပေါ်ချိန် မှန်တဲ့သူတွေတောင်မှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း(ခန္ဓာကိုယ်)ဆိုင်ရာ အပြောင်းအလဲကြောင့် ဟိုမုန်းတွေလည်းပြောင်းလဲသွားနိုင်တယ်။ ရာသီပေါ်နိုင်တယ်ပေါ့။ အဲတော့ ဒီနည်းက သိပ်ပြီးတော့တော့ အားကိုးလို့မရဘူး” လို့ ဒေါက်တာစန္ဒီကရှင်းပြပါတယ်။
ဒါကြောင့် NGOs တွေ၊ လူမှုအဖွဲ့အစည်းတွေပူးပေါင်းလို့ဖြစ်စေ၊ တစ်ဖွဲ့ချင်းကဖြစ်စေ သ န္ဓေတားဖို့လိုအပ်သူတွေအတွက် ၃ လခံဆေးထိုးပေးတာ၊ မိန်းမ ကိုယ်မှာ ၅ နှစ်ခံ၊ ၁၀ နှစ်ခံ အစရှိတဲ့ သန္ဓေတားကရိယာထည့်ပေးတာ၊ လက်မောင်းထဲ ပိုက်ထည့်တာတွေ လုပ်ပေးနိုင်မှသာ သားဆက်ခြားရေးပြဿနာကို အဆင် ပြေအောင်ဖြေရှင်းနိုင်မယ်လို့ ဒေါက်တာစန္ဒီက အကြံပြုထားပါတယ်။
မောင်ရေချမ်း ရေးသားသည်။


