ဇူလိုင် ၂၃၊
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးမှယ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
ဇူလိုင်လ ၂၁ရက်နေ့ မနက် ၁၀နာရီခွဲမှာ ၁၂၀မမ လက်နက်ကြီးလေးလုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှန်ချိုရွာထဲကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
“ ၁၂၀နဲ့ လေးလုံးဆက်တိုက်ပေါ့။ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာထဲကျရောက်ပြီး ကျောင်းသူလေး၊ ရှစ်နှစ်သမီးလေးတစ်ယောက် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။ တစ်ယောက်ကတော့ ၁၄နှစ်သမီးလေး။ သူကတော့ ဈေးဝယ်သွားရင်း လမ်းမှာ သူ့ဘေးမှာ ကပ်ကျတဲ့အတွက် လက်မောင်းမှာ ဒဏ်ရာရသွားတာရှိတယ်။ ဆေးရုံမှာတော့ ဆေးကုသမှုခံယူနေတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေနေကို ဒေသခံအမျိုးသားတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မှန်ချိုရွာခံတွေအပြင် အနီးနားရွာက ဒေသခံတွေနဲ့ ချောင်းဦးမြို့ပေါ်ရပ်ကွက်က ဒေသခံတွေ စုစုပေါင်း တစ်ထောင်ကျော် စစ်ရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
TNV စစ်ကိုင်းရုံးခွဲမှ ရေးသားသည်။


