စစ်တပ်အာဏာသိမ်းပြီဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွပ်လပ်ခွင့်ဟာ ဆိတ်သုဉ်းသွားပြီဆိုတာ သတင်းမီဒီယာ သမားတိုင်း ကြိုသိသလို ပြည်သူအများစုကလည်း ကောင်းကောင်းသဘောပေါက်ကြပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ် လက်ထက်မှာ ပြည်သူလူထုဆီကို သတင်းမှန်တွေရောက်နိုင်အောင် သတင်းမီဒီယာအများစုဟာ ပြည်ပကို ထွက်ပြီး သတင်းအလုပ်တွေ ဆက်လုပ်ကြရသလို ပြည်သူတွေကလည်း အဲဒီ ပြည်ပရောက် မြန်မာ သတင်းဌာနတွေ နဲ့ ပြည်ပသတင်းဌာနတွေက သတင်းတွေကိုသာ အားကိုး နေကြရပါတယ်။
အာဏာသိမ်းစစ်တပ် လက်အောက်က ပြည်တွင်းအခြေစိုက်သတင်းမီဒီယာတွေဟာ တော်လှန်ရေးသတင်းတွေ ရှောင်တာ ၊ သတင်း အချက် အလက်တွေကို ထိမ်းပြီးဖော်ပြကြတာရှိပါတယ်။
ဒီတော့ ပြည်ပရောက် သတင်းမီဒီယာတွေ အနေနဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် အတွက် တိုက်ပွဲသတင်းတွေ၊ နိုင်ငံရေးသတင်းတွေ တင်ဆက်ကြရပါတယ်။
တနည်းပြောရရင် အာဏာသိမ်းစစ်တပ်ရဲ့ လှုပ်ရှားမှုတွေရော၊ တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းတွေရော ၊ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ရဲ့ သတင်းတွေရောလိုက်ကြ ရေးကြ၊ တင်ဆက်ကြရတာပါ။
ပြည်သူတွေ သတင်းသိပိုင်ခွင့်ရရှိရေး လုပ်နေတဲ့ သတင်းမီဒီယာဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေလိုပါဘဲ။
ဒီမိုကရေစီနဲ့သာ ရှင်သန်နိုင်တဲ့ သတင်းမီဒီယာလွပ်လပ်ခွင့်အတွက် အာဏာရှင်ရဲ့ ချုပ်ကိုင်မှုတွေကို ဆန့်ကျင်ရင်း တခြားသောတော်လှန်ရေး အင်အားစုတွေနည်းတူ တိုက်ပွဲဝင်နေတာလို့ဆိုနိုင်ပါတယ်။
ဒီလို ပြောလို့ ပြည်သူ့အကျိုးပြုနေတဲ့ မီဒီယာတွေကို တော်လှန်မီဒီယာ သက်သက်အဖြစ်လည်း မမြင်မိဖို့ လိုပါတယ်။ ပြည်ပကိုထွက်ခွာလိုက်ရတဲ့ အကြောင်းရင်းကိုယ်က လွတ်လပ်ပြီး ဘက်မလိုက်ရေးနိုင်တဲ့ သတင်းသမားတွေ ဖြစ်ချင်လို့ပါ။
ဒီဆောင်းပါးမှာ ပြည်သူ့ဘက်ရပ်နေတဲ့ ပြည်ပရောက်သတင်းမီဒီယာနဲ့ အဲဒီ သတင်းမီဒီယာတွေအတွက် အလုပ်လုပ် ပေးနေကြတဲ့ ပြည်တွင်း တော်လှန်ရေးအားကောင်းတဲ့နယ်မြေ ၊ အညာက မြေပြင်သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကို နည်းနည်းရှင်းပြပါမယ်။
ကိုယ့်ကိုယ်ကိုယ် သတင်းထောက်အဖြစ် ပွင့်ပွင့်လင်းလင်းနေဖို့ ခက်ခဲလာတာနဲ့ ကိုယ့်ပုန်းခိုနေတဲ့ အနီးနားသတင်းကို မရေးရဲတာမျိုး
တော်လှန်ရေး တဖက် ၊ တပ်တည်ဆောက်ရေးတဖက်သွားနေရတဲ့ တော်လှန်ရေး အင်အားစုတွေဟာ ယေဘုယျ အားဖြင့်တော့ ဒီမိုကရေစီနှုန်းစံတွေကို လေးစား တန်ဖိုးထားကြပါတယ်။
ဒါ့ကြောင့်လည်း ပြည်သူလူထုနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် အခြားတော်လှန်ရေးအုပ်စုတွေကြား ပေါင်းကူး ပေးနိုင်မှုမှာ နယ်မြေထဲမှာ ရှိနေတဲ့ သတင်းထောက်တွေဟာ အရေးကြီးပါတယ်။
ဘာကြောင့်လည်း ဆိုရင် သူတို့ဟာ အုပ်ချုပ်သူတွေ အတွက် “နား” ဖြစ်နေသလို ၊ ပြည်သူတွေ အတွက်လည်း “ပါးစပ်ပေါက်” ဖြစ်နေလို့ပါ။
အဲဒီတော့ ပြည်သူ့အသံတွေကို မြေပြင်မှာ တိုက်ရိုက်ရအောင်ဆိုပြီး သက်ဆိုင်ရာ သတင်းတိုက်တွေဟာ ပြည်ပကနေ ဖုန်းဆက်သတင်းယူရတာထက် ပိုတိကျမှန်ကန်ဖို့ အညာမှာ နယ်မြေခံ သတင်းထောက်တွေကို လျှို့ဝှက် လုံခြုံအောင်စီမံပြီး ထားကြရပါတယ်။
အညာဒေသဟာ အပြည့်အဝ လွတ်မြောက်နယ်မြေ မဖြစ်သေးတော့ သတင်းထောက် တွေအတွက်လည်း အင်မတန် အန္တရာယ်များပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှု (သို့မဟုတ် ) သတင်းပေးသူ ကြောင့် အလစ်အငိုက် ဖမ်းဆီး ခံရနိုင်မှုတွေဟာ အချိန်မရွေး ကြုံနိုင်ပါတယ်။ တဖက်မှာလည်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေထဲမှာ သတင်းမီဒီယာကို အထင်မြင်လွဲမှားပြီး ကန့်သတ် ပိတ်ပင်ချင်တာ၊ မလိုလားတာတွေ ရှိနေပြန်ပါတယ်။
အဲဒီပြဿနာတွေမှာတော့ မြေပြင် သတင်းယူနေတဲ့ သတင်းထောက်တွေ တမျိုးစီ ကြုံတွေ့နေကြရပြီး ပုံသဏ္ဍန်မတူတဲ့ အခြေအနေတွေလို့ ပြောနိုင်ပါတယ်။
အများစုက ကိုယ့်ကိုယ်ကို သတင်းထောက်အဖြစ် ပွင့်ပွင့်လင်းလင်း နေဖို့ ခက်ခဲလာတာနဲ့၊ ကိုယ့်ပုန်ခိုးနေတဲ့အနီးအနားက သတင်းကို မရေးရဲတာမျိုးပါ။ ဥပမာ ချင်းတွင်း အရှေ့ခြမ်း နေရာတခုမှာရှိတဲ့ သတင်းထောက် က သူ့နားက သတင်းကို မရေးဘဲ ချင်းတွင်းအနောက် မြို့နယ်တခုက သတင်းကိုဘဲ လိုက်နေရတာမျိုးပါ။
အဲဒီတော့ သတင်းတွေဟာ မူလမျှော်မှန်းသလို ပိုအားကောင်းမလာဘဲ ၊ သတင်းမပြည်စုံရတာတွေလည်း ဖြစ်လာပါတယ်။ အာဏာသိမ်းစစ်တပ် လက်အောက်က သတင်းမီဒီယာတွေလိုဘဲ စစ်တပ်မကောင်းကြောင်း မရေးရဲသလို ၊ တော်လှန်ရေး အင်အားစုတွေထဲက တော်လှန်ရေးကို အကျည်းတန်စေတဲ့ သတင်းတွေလည်း မရေးရဲတော့ပါဘူး။ ဒါကို ဒေသခံ စာဖတ်ပရိသတ်တွေ ၊ သတင်းပရိသတ် တွေကလည်း သိပါတယ်။
လက်ရှိမှာအညာဒေသအနေနဲ့ မြေပြင်အခြေအနေမှာ အဓကမဏ္ဏိုင်နှစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို လုပ်ဆောင်နေရာမှာ သတင်းမီဒီယာကိုလည်း မဏ္ဏိုင်အဖြစ် ယုံယုံကြည်ကြည် လက်ခံထားဖို့လိုပါတယ်။
ဒီနှစ်အတွင်းမှာဘဲ တိုင်းရင်းသားတော်လှန်ရေးနယ်မြေထဲမှာလည်း ကရင်အမျိုးသားအစည်းအရုံး ( KNU ) နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ သတင်းမီဒီယာတွေ သတင်းယူမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန် ချက်တွေကို အခြားသော ဒေသအသီးသီးက တော်လှန်ရေး သမားတွေ တွေ့မိကြမှာပါ။
ခြုံကြည့်လိုက်ရင် သူတို့ရဲ့ စိုးရိမ်ချက်က တော်လှန်ရေးကို ထိခိုက်သွားမှာကိုပါ။ (မူလထုတ်ပြန်ချက် နဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေ ကို ဖတ်ကြည့်စေချင်ပါတယ်) ဒီနေရာမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ပြည်ပ အခြေစိုက် လွပ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကြား ညှိနှိုင်းသဘောတူညီမှုတခုကို ပြောချင်ပါတယ်။
အဲဒီညှိနှိုင်းမှုမှာ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ သတင်းရယူရေး ပူးပေါင်းဆောင်ရွက်ပြီး၊ တကယ်လို့ သတင်းမီဒီယာအငြင်းပွားမှုဖြစ်ခဲ့ရင်လည်း ကရင်နီပြည်ကြားကာလကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးကော်မတီ နဲ့ IPCM ကြား ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အဓိကကျတဲ့ အချက်ကို တွေ့မိပါတယ်။ အဲဒီအချက်ကို အညာမှာလည်း ကျင့်သုံးနိုင်အောင် ကြိုးစားကြရမှာပါ။
သတင်းအလုပ်ကို လုပ်နေကြတဲ့ အညာက သတင်းသမားတွေထဲမှာ ဒီဇင်ဘာ ၁၄ ရက်က ဖြစ်သွားတဲ့ စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်က အမျိုးသမီးသတင်းထောက်ရဲ့ အဖြစ်မျိုးဟာ သတင်းမီဒီယာ လုံခြုံရေးကို ခြိမ်ခြောက်ခံလိုက်ရတာပါဘဲ။ ဒါက မြင်သာသွားတဲ့ ဖြစ်စဉ်ဘဲ ရှိပါသေးတယ်။
အွန်လိုင်းမှာ လွတ်လပ်တဲ့ တရားဝင်သတင်းဌာနတွေကမဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေကနေ တက်လာတဲ့သတင်းနဲ့ ပတ်သက်ပြီး တော်လှန်ရေး အဖွဲ့တခုက မေးမြန်းပြီး ကြိမ်းမောင်း တာမျိုးလည်း ကြုံဖူးတဲ့အကြောင်း သတင်းထောက် တစ်ယောက်က ပြောဖူးပါတယ်။ နောက် သတင်းထောက် တစ်ယောက် ကတော့ ဖုန်းကင်မရာ စစ်ဆေးခံရတာလို့ ဆိုပါတယ်။
နောက်ဖြစ်နေတာတခုက မှန်ကန်ပြီး တာဝန်ရှိတဲ့ သတင်းရင်းမြစ် ဖြစ်ပါလျှက် သတင်းထောက် မေးတာကို မဖြေတာမျိုးတွေရှိနေတာပါ။ ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တဖက်သတ် အပြစ်ဆိုဖို့ ခက်ပေမယ့် သေချာတာက တော်လှန်ရေး အင်အားစုတွေထဲမှာ သတင်းရယူခွင့်ကို ကန့်သတ်ချင်တာတွေ ရှိလာတာပါဘဲ။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ၊ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရားဝင်သတင်းဌာနက နယ်ခံ သတင်း ထောက်တွေကို အပြည့်အဝယုံကြည်ပေးနိုင်ဖို့ လိုပါတယ်။ ဘာ အာမခံချက်ပေးနိုင်မလဲလို့မေးရင် သူတို့ နောက်မှာ သတင်းမီဒီယာ တိုက်တွေရှိနေပါတယ်။ ဒါ့ကြောင့် တာဝန်အပြည့်အဝယူနိုင်သူတွေဖြစ်သလို ၊ သတင်းစာ ပညာကိုလည်း လေ့ကျင့် သင်ကြားထားသူတွေဖြစ်ပါတယ်။
သူတို့မှာ ကျင့်ဝတ်ရှိနေပါတယ်။
တကယ်လို့ ကျင့်ဝတ်နဲ့မညီတာရှိခဲ့ရင် ၊ သတင်းမီဒီယာဆိုင်ရာ အငြင်းပွားမှု ဖြစ်ခဲ့ပြီဆိုရင်လည်း IPCM နဲ့ သက်ဆိုင်ရာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ပြီး အငြင်းပွားမှုဖြေရှင်ရေး လမ်းကြောင်းကနေ သွားနိုင်ပါတယ်။ (ဒါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ၊ သတင်းမီဒီယာတိုက်နဲ့ IPCM ကြား တွေ့ဆုံမှုတွေလုပ်ပြီး နည်းလမ်းရှာရမှာပါ)
လက်ရှိမှာ အညာဒေသအနေနဲ့ မြေပြင်အခြေအနေမှာ အဓိကမဏ္ဍိုင်နှစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ကို လုပ်ဆောင်နေရာမှာ သတင်းမီဒီယာကိုလည်း မဏ္ဍိုင်တခုအဖြစ် ယုံယုံကြည်ကြည် လက်ခံထားဖို့လိုပါတယ်။
ဒါမှသာ ပြည်သူက ပိုပြီး ယုံကြည်မှာဖြစ်သလို ၊ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း အချင်းချင်း အထိန်းအကွပ်ဖြစ်မှာပါ။ မဟုတ်ရင်တော့ ဖက်ဒရယ် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ပြည်သူအားကိုးတဲ့ သတင်းမီဒီယာဟာလည်း လမ်းကြောင်းမှန် လျှောက်ဖို့ ခက်ခဲနေမှာပါ။
မီဒီယာကို ကိုယ်ပြောစရာရှိမှ ပြောလိုက်မယ်ဆိုတဲ့ ကိုယ်ပိုင်လော်စပီကာကြီးလို သဘောမထားဘဲ ၊ အမှန်တရား အတွက်ဆို ကိုယ့်အကြောင်းလည်း ဘယ်သူမဆို တက်ပြောခွင့်ရတဲ့ ဟစ်တိုင်ဘဲ ဆိုတာ လက်ခံနိုင်ရပါမယ်။
ဒီမိုကရေးစီကျင့်စဥ်ရဲ့ စံနှုန်းတခုဖြစ်တဲ့ ပွင့်လင်းမြင်သာမှုဆိုတာကလည်း မီဒီယာတွေကတဆင့် ပြည်သူတွေပြန်အစီရင်ခံတဲ့လုပ်ဟန်တခုဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် တော်လှန်ရေး လမ်းခရီးမှာ တနည်းမဟုတ်တနည်းနဲ့ ပါဝင်သူတွေတိုင်းဟာ အမှန်တရားကိုမြတ်နိုးတဲ့စိတ်၊ တာဝန်ယူစိတ်တွေနဲ့ လုပ်နေကြတာပါ။ ဘာကြောင့် တာဝန် မခံရဲရမှာလဲ။
တော်လှန်ရေးအားကောင်းတဲ့ အညာမှာ မြေပြင်မီဒီယာ အားကောင်းဖို့လိုပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့် နဲ့ သတင်းသမား လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးဖို့လည်း လိုနေကြောင်းပါ။
ဖိုးကျော် ရေးသားသည်။


