ဒေါ်ခင်သန်းတစ်ယောက် လယ်ထဲဆင်း စပါးရိတ်ရမှာကို တွန့်ဆုတ်နေပါတယ်။ သူတို့ရွာဘေးကရွာမှာ စပါးရိတ်နေတဲ့ တောင်သူ ဆယ်ဦးကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးခုနှစ်လုံးကြဲချခဲ့လို့ တောင်သူတွေ ကြောက်လန့်တကြားနဲ့ ထွက်ပြေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ မကြာသေးတဲ့ ဒီဇင်ဘာနှောင်းပိုင်း နေ့ရက်တစ်ခုမှာ ဖြစ်ခဲ့တာပါ။
အခုတော့ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ခင်သန်းအပါအဝင် သူတို့ရွာက တောင်သူတွေကို လယ်ထဲဆင်းဖို့ တွန့်ဆုတ်စေခဲ့ပါပြီ။
“စပါးရိတ်နေကြတာ၊ ဒရုန်းနဲ့ လာပြီးဗုံးကြဲတော့ ထွက်ပြေးကြရတာ၊ ကံကောင်းလို့မထိတယ်”လို့ ဒေါ်ခင်သန်းက အဖြစ်အပျက်ကို ပြန်ပြီးပြောပါတယ်။
ဗုံးကြဲခံရတဲ့ လယ်ပိုင်ရှင်က သူ့ရဲ့လယ်မှာ စပါးရိတ်မယ့်အကြောင်း အာဏာသိမ်းစစ်တပ်ကို သတင်းမပို့ဘူးဆိုတဲ့ အကြောင်းပြချက်အပြင်၊ ဆက်ကြေးငွေကျပ် သုံးသောင်းမပေးတဲ့အတွက် အဲဒီနေ့က ဗုံးခုနှစ်လုံးလာကြဲသွားတာလို့ အကြောင်းရင်းမြစ်ကို ဒေါ်ခင်သန်းက ရှင်းပြပါတယ်။
“လုပ်သာလုပ်နေရတယ် ကြောမလုံတာပ”လို့ ဒေါ်ခင်သန်းက ရင်ဖွင့်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ မကွေးနဲ့ စစ်ကိုင်းဒေသက တောင်သူတွေဟာ လုပ်သားရှားပါးမှုနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်မှုတွေသာမကပဲ အထက်ကဖြစ်စဉ်လို ဖြစ်ရပ်တွေကြောင့် လယ်ယာလုပ်ငန်းကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ကိုင်နိုင်ခြင်း မရှိကြပါဘူး။
သွင်းအားစုဈေးနှုန်းတွေကြီးမြင့်မှုနဲ့ ပေါ်တာဆွဲမှုတွေအပြင် စပါးပွဲစားတွေလိုမျိုး ကုန်သည်တွေရဲ့ ခေါင်းပုံဖြတ်မှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ မကွေးတိုင်းပွင့်ဖြူမြို့နယ်က တောင်သူ ကိုအေးနိုင်က ဆိုပါတယ်။
“ငရို့တောင်သူတွေရဲ့ ဘဝကလည်း စပါးစိုက်လို့မှ ဆန်ကောင်းမစားရ။ အချိန်တန်တော့လည်း ငွေရှင် ကြေးရှင် ဓနရှင်တွေရဲ့လက်အောက်မှာ တန်ရာတန်ကြေးမရဘဲ အမြတ်ကြီးထုတ် ဂုတ်သွေးစုတ်လို့ ပုတ်ကလေးမှောက် ဒူးလေးထောက်လို့ ဝကွက်အပ် ထိုးဆပ်လိုက်ရတာပါပဲ” ညည်းချင်းတစ်ပုဒ်လို ကိုအေးနိုင်က ရင်ဖွင့်ဆိုပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာတော့ စပါးစိုက်ဖို့အတွက် လယ် တစ်ဧကကို စိုက်ပျိုးစရိတ် ကျပ်ရှစ်သိန်းကနေ ဆယ်သိန်းကြားရှိနေတယ်လို့ အဲဒီဒေသတွေက တောင်သူတွေက The Nation Voice ကိုပြောပါတယ်။ ပဲမျိုးစုံ၊ နှမ်းနဲ့ တခြားသီးနှံတွေရဲ့ စိုက်ပျိုးစရိတ်ဟာလည်း စပါးစိုက်စရိတ်နဲ့ မတိမ်းမယိမ်းရှိနေတာပါ။ ဒီကုန်ကျစရိတ်တွေထဲမှာ မျိုး၊ မြေဆီ၊ ဆေးဖိုး၊ ထွန်ယက်စိုက်ပျိုးခနဲ့ ရိတ်သိမ်းခအထိ သွင်းအားစုအားလုံး ပါဝင်ပါတယ်။
အုပ်စုလိုက်လယ်ထဲဆင်းမယ်ဆိုရင် ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီကို သတင်းကြိုပို့ ကြရတယ်။ လယ်ရှင်ကိုယ်တိုင်သွားပြီး ရိတ်သိမ်းမယ့်စက်သမားနဲ့ အငှားရိတ်မယ့်သူတွေပါ တပါတည်းခေါ်ပြထားရတယ်
တောင်သူတွေအနေနဲ့ ထွန်ယက်ခ၊ ဆေးဖိုးနဲ့ အလုပ်သမားခတွေနှုတ်လိုက်တော့ “ငုတ်တုပ်ကြီး မလှုပ်မယှက် မျက်တောင်မခတ်ဘဲ “လူကျန် အရင်း”လို့သာ မှတ်ယူရတော့တယ်”လို့ ဦးအေးနိုင်က ညည်း တွားပါတယ်။
စစ်ကိုင်းတိုင်းထဲက အာဏာသိမ်းစစ်တပ်စခန်းချရာရပ်ဝန်းနဲ့နီးစပ်တဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ လယ်ယာရိတ်သိမ်းလုပ်နိုင်ဖို့ တောင်သူတွေက အာဏာသိမ်းစစ်တပ်ကို သတင်းပို့ရတယ်လို့ ဆိုပါတယ်။
“အုပ်စုလိုက်လယ်ထဲဆင်းမယ်ဆိုရင် ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီကို သတင်းကြိုပို့ ကြရတယ်။ လယ်ရှင်ကိုယ်တိုင်သွားပြီး ရိတ်သိမ်းမယ့်စက်သမားနဲ့ အငှားရိတ်မယ့်သူတွေပါ တပါတည်းခေါ်ပြထားရတယ်” လို့ ဒေသခံတောင်သူတစ်ဦးက ဆိုပါတယ်။
ဒေါ်ခင်သန်းတို့မိသားစုမှာတော့ မိဘလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ လယ်ငါးဧက ရှိပါတယ်။ ပုံမှန်အားဖြင့် တစ်ဧကကို တင်းခြောက်ဆယ်ဝန်းကျင်ထွက်ရှိပြီး တစ်ရာသီမှာ မိုးစပါး တင်းသုံးရာ လောက်ရပါတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက တစ်နှစ်စာ ဝမ်းစာအတွက် စပါးတင်း ၅၀ လောက် ဖယ်ထားလေ့ရှိတယ်လို့ သူတို့မိသားစုရဲ့ လယ်ယာလုပ်ငန်းအကြောင်းကို ဒေါ်ခင်သန်းက ပြောပြပါတယ်။
“ကျန်တဲ့ စပါးတင်း ၂၅၀ မှာ တင်းတစ်ရာလောက်က လုပ်ငန်း အသုံးစရိတ်နဲ့ ငှားရမ်းခအတွက် ကြိုတင်ငွေယူသုံးရတာကို အကြွေးဆပ်တာနဲ့ ကုန်ပါတယ်။ ဒီတော့ အသားတင်ရောင်းရတာဆိုလို့ တစ်ရာသီမှ တင်းတစ်ရာလောက်ပဲ ရှိတယ်”လို့ ဒေါ်ခင်သန်းက ရှင်းပြပါတယ်။
အဲဒီဒေသက တောင်သူတွေအနေနဲ့ သီးနှံမပေါ်ခင် ကြိုငွေယူတဲ့အခါ စပါးတစ်တင်းကို ကျပ်နှစ်သောင်းထက် ပိုမရပါဘူး။ အခုကောက်သစ်ပေါ်ချိန်တောင်မှာ စပါးတစ်တင်းကို ကျပ်နှစ်သောင်းကိုးထောင် လောက်သာ စျေးပေါက်ပါတယ်။ ဒီဈေးနှုန်းတွေက ဒေါ်ခင်သန်းတို့ ဒေသက ပေါက်ဈေးတွေဖြစ်ပြီး ဒေသတစ်ခုနဲ့တစ်ခု ကွာဟမှုရှိနိုင်ပါတယ်။
ဒေါ်ခင်သန်းကတော့”မိဘ လက်ငုပ်လည်းဖြစ်တော့ ပစ်လည်းမထားနိုင်ဘူး။ ဒီလိုပဲ လုပ်နေကြရတာ”လို့ ရင်ဖွင့်ပါတယ်။
ဒီဖြစ်စဉ်တွေအပြင် စိုက်ပျိုးရိတ်သိမ်းပြီးတဲ့ စပါးတွေကို ရောင်းချနိုင်ဖို့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကိုလည်း မကွေးနဲ့ စစ်ကိုင်း စစ်ဘေးသင့်ဒေသက တောင်သူတွေရင်ဆိုင်ကြရပါတယ်။
စစ်ဘေးဒဏ်မသင့်ခင်ကာလတွေကတော့ လယ်ကွင်းတွေထဲအထိ ဆင်းဝယ်တဲ့ စပါးပွဲစားတွေက စပါးပေါ်ချိန် ကာလတွေမှာ ခြေကျင်းလိမ်အောင် များပြားခဲ့ကြပေမယ့် အခုတော့ စပါးပွဲစားတွေဆိုတာ မမြင်ဖူးတော့ဘူးလို့ ဆိုရမလောက် ရှားပါးခဲ့ပါပြီ။

မင်းဘူးခရိုင်ထဲမှာဆိုရင်လည်း စပါးတစ်တင်းကို ကျပ်သုံးသောင်းသာ စျေးပေါက်ပါတယ်။ ။
“လမ်းတွေမပွင့်တော့ ဘာပွဲစားမှလည်း ရောက်မလာဘူး”လို့ မင်းဘူးခရိုင်ထဲက စပါးစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။
သူရည်ညွှန်းတဲ့ “လမ်းတွေမပွင့်”ဆိုတာက ဒေ သအခြေအနေ မအေးချမ်းလို့ သွားလမ်းလာ လမ်း ဘေးကင်းလုံခြုံမှုမရှိတာကို ဆိုလိုတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယပတ်ထဲမှာပဲ မင်းဘူးခရိုင်အနောက်ခြမ်းက ကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားထားပါတယ်။ ဒါကြောင့် အဲဒီရွာတွေက ဒေသခံအချို့က ပွင့်ဖြူမြို့နဲ့ အနီးအနားရွာတွေဆီကို စစ်ဘေးရှောင်နေကြရပါတော့တယ်။
ဒီဇင်ဘာနှောင်းပိုင်းမှာတော့ မကွေးနဲ့ စစ်ကိုင်းဒေသနေ တောင်သူတွေဟာ စပါးသိမ်းသူသိမ်း၊ ဆောင်းသီးနှံဖြစ် တဲ့ ကုလားပဲ၊ ပဲမျိုးစုံနဲ့ နှမ်းတွေကို နောက်တစ်ကြိမ် ပြန်ကြဲဖို့ပြင်ဆင်နေသူတွေလည်း ရှိနေကြပါပြီ။ ဒေသရာသီဥ တုအခြေအနေနဲ့ မြေအစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး ဖြစ်ထွန်းနိုင်မယ့် သီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးကြတာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာနှောင်းပိုင်း ပေါ်ဦးပေါ်ဖျား စပါးစျေးကတော့ မနှစ်ကပေါက်စျေးနဲ့စာရင် ကျပ် တစ်သောင်းခွဲ ဝန်းကျင်လောက် ကွာဟနေပါသေးတယ်။ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကတော့ အခြေခံစပါးရည်ညွှန်းစျေးကို တင်းတစ်ရာမှာ ကျပ်ကိုးသိန်းခွဲစျေး သတ် မှတ်ထုတ်ပြန်ထားပါတယ်။
လက်တွေ့မြေပြင်မှာတော့ ဆန် ကြမ်းထွက်စပါးတင်းတစ်ရာကို ကျပ်သုံးသိန်းဝန်းကျင်နဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တောင်သူတွေကဆိုကြပါတယ်။ လက်တွေ့မှာ သတ်မှတ်ရည်ညွှန်းစျေးနဲ့ ဒေသပေါက်စျေး ကွာခြားချက်ကြီးမားနေတာကိုတော့ ရည်ညွှန်းဈေးထုတ်ပြန်ထားတဲ့ အာဏာသိမ်းစစ်တပ် ဘက်က တာဝန်ယူဖြေရှင်းပေးတာမျိုးလည်း မရှိပါဘူး။
တောင်သူတွေဟာ အခက်အခဲတွေကြားက ရာသီအလိုက် စပါး၊ နှမ်းနဲ့ ပဲမျိုးစုံလို သီးနှံတွေကို စိုက်ပျိုးထုတ် လုပ်နေကြရပေမယ့် တည်ငြိမ်မှုမရှိတဲ့ စျေးကွက်အနေအထားကြောင့် တွက်ခြေမကိုက် ဖြစ်နေကြရပြန်ပါတယ်။
မကွေးတိုင်း ပွင့်ဖြူနယ်က တောင်သူဦးအေးနိုင်ကတော့ “ပေါ်ချိန်သီးချိန် ငရို့လယ်သမားဘ၀ က ကောက်ပင်လေးတွေလို ဂုတ်ချိူးခံခဲ့ရပြီပေ့ါ”လို့ မချိတင်ကဲ ရင်ဖွင့်လိုက်ပါတော့တယ်။
မောင်ရေချမ်း ရေးသားသည်။


