ဒီတစ်ပတ် ကျန်းမာရေးကဏ္ဍမှာ အမျိုးသမီးများ တွေ့ကြုံရတတ်တဲ့ အဖြူဆင်းတဲ့ ကိစ္စအကြောင်းအရာတွေထဲမှ မှိုပိူးကြောင့်ဖြစ်တဲ့ အဖြူဆင်းတဲ့အကြောင်းအရာလေးကို မျှဝေချင်ပါတယ်။
အမျိုးသမီးတိုင်းလိုလို မိန်းမကိုယ်မှ အဖြူဆင်းဖူးကြပါတယ်။ အပျိုဖော်မဝင်ခင် ၆ လ – ၁ နှစ် အလိုလောက်ကစပြီး အဖြူဆင်းတတ်ပြီး သွေးဆုံးပြီးနောက်ပိုင်းလည်း အဖြူဆင်းလေ့ရှိပါတယ်။ မွေးကင်းစသမီးလေးတွေမှာတောင် အချင်းမှတစ်ဆင့် ရရှိထားသော မိခင်ဆီမှ ဟော်မုန်းဓာတ်အရ မွေးကင်းစ ၁၀ ရက်လောက်အထိ အဖြူဆင်းသလို တွေ့ရတတ်ပါတယ်။
ပုံမှန်အားဖြင့် အမျိုးသမီးတို့ရဲ့ သားအိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်အတွင်းပိုင်းထဲမှာရှိတဲ့ ဆဲလ်လေးတွေနဲ့ ကောင်းတဲ့ဘက်တီးရီးယားပိုးလေးတွေကနေ အဖြူရောင်၊ အကြည်ရောင် အရည်တွေကို ထုတ်ပေးပြီး မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ မဝင်နိုင်အောင် ကာကွယ်ပေးကာ၊ မိန်းမကိုယ်ကို သန့်ရှင်းချောမွေ့စေပါတယ်။
မိန်းမကိုယ်ကနေဆင်းတဲ့ အရည်မှာဆိုရင် ပုံမှန်အားဖြင့် ရေလိုကျဲကျဲကနေ ပျစ်ပျစ်ချွဲချွဲထိ ဖြစ်နိုင်ပါတယ်။ အရောင်အားဖြင့် အကြည်၊ အဖြူရောင်၊ အဖြူဖျော့ရောင်တွေ ရှိတတ်ပြီး၊ သာမန်အနံ့ရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့တစ်ဦး အသက်အရွယ်၊ အခြေအနေအလိုက် အရည်ပမာဏ အနည်းအများ ကွာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ၊ သန္ဓေတားဆေးသောက်နေတဲ့ကာလ နဲ့ တစ်လတစ်ကြိမ် သားဥကြွေသောအချိန်တွေမှာ အပျစ်အကျဲ နဲ့ ပမာဏ အနည်းအများ ပြောင်းလဲတတ်ပါတယ်။ ဖော်ပြခဲ့ပြီးတဲ့ အခြေအနေတွေကတော့ အမျိုးသမီးတွေရဲ့ ပုံမှန်အဖြူဆင်းခြင်းဖြစ်ပါတယ်။
ပုံမှန်မဟုတ်ဘဲ မှိုပိုးကြောင့် အဖြူဆင်းတာမျိုးလည်း ရှိပါတယ်။ ဆင်းနေကျလို အကြည်ရောင်၊ အဖြူရောင် ကျဲကျဲချွဲချွဲမဟုတ်တော့ဘဲ ဒိန်ချဉ်ဖတ်လို အဖြူအဖတ်တွေ ဖြစ်လာရင်တော့ မှိုပိုးဝင်တာ ဖြစ်နိုင်ပါပြီ။ မိန်းမကိုယ်ယားယံတာ၊ ပူစပ်ပူလောင်ခံစားရတာ၊ မိန်းမကိုယ်တဝိုက် နီရဲရောင်ရမ်းနေတာ စတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ အဖြူဆင်းတဲ့အရည်ရဲ့ အရောင် နဲ့ ပုံစံပြောင်းလဲပြီး ဒီလို လက္ခဏာတွေ ခံစားလာရရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှု၊ ကုသမှုခံယူဖို့လိုပါတယ်။
အမျိုးသမီးတွေအနေနဲ့ ပဋိဇီဝပိုးသတ်ဆေး၊ သန္ဓေတားဆေးနဲ့ စတီးရွိုက်ဆေးတွေ သောက်နေရချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ကိုယ်ခံအားနည်းနေချိန်၊ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဆီးချိုဓာတ်မထိန်းနိုင်ချိန်တွေမှာ မိန်းမကိုယ်မှိုပိုးဝင်နိုင်ပါတယ်။
ဒါ့အပြင် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ အမျိုးသမီးကိုယ်တဝိုက် အမြဲစိုစွတ်နေတာ၊ ရာသီလာစဉ် အမျိုးသမီး လစဉ်သုံးပစ္စည်းကို အချိန်ကြာမြင့်စွာ မလဲလှယ်တာတွေကြောင့်လည်း မိန်းမကိုယ်မှိုပိုးဝင် ရောင်ရမ်းကာ အဖြူဆင်းပြီး ယားယံနိုင်ပါတယ်။ ဆပ်ပြာ၊ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ အကာကွယ်သုံးပစ္စည်း ကွန်ဒုံးမှာပါဝင်တဲ့ ချောဆီလိုမျိုး ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာတွေကြောင့်လည်း မိန်းမကိုယ်ယားယံခြင်း ခံစားရတတ်ပါတယ်။
မိန်းမကိုယ်မှိုပိုးဝင်ခြင်းကို ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့် မိန်းမကိုယ်လိမ်းသော မှိုသတ်လိမ်းဆေးတွေ၊ မိန်းမကိုယ်ထဲထည့်တဲ့ မှိုသတ်ဆေး ဆေးတောင့်တွေနဲ့ ကုသနိုင်ပါတယ်။ ဒါ့အပြင် အတွင်းခံနဲ့ လုံချည်လို အမျိုးသမီးခန္ဓာကိုယ်နဲ့ ထိကပ်နေတဲ့ အဝတ်အစားတွေကို သန့်စင်အောင်လျှော်ဖွပ်ပြီး နေရောင်နဲ့ခြောက်စေတာ၊ မီးပူတိုက်တာ၊ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်တာ၊ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင် ဂရုစိုက်တာ၊ ယားယံမှုကို မကုတ်ဖဲ့တာနဲ့ ရာသီလာစဉ် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ၆ နာရီထက်မကြာစေဘဲ လဲလှယ်တာတွေကို ပြုလုပ်ရပါမယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဆီးချိုဓာတ်ကို ပုံမှန်ဖြစ်နေအောင် ထိန်းညှိထားဖို့ လိုပါတယ်။
သန့်ရှင်းစေချင်တဲ့စိတ်နဲ့ မိန်းမကိုယ်ကို ဆပ်ပြာနဲ့ဆေးကြောတာ၊ မိန်းမကိုယ်မွှေးစေတဲ့ ပစ္စည်းတွေ သုံးစွဲတာ၊ မိန်းမကိုယ်အတွင်းပိုင်းထဲထိ ဆေးတဲ့ပစ္စည်းတွေနဲ့ ဆေးကြောတာတွေကို ရှောင်ကြဉ်ရပါမယ်။ မှိုပိုးကိုကုသနေစဉ် အမျိုးသားနဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကြဉ်ရပါမယ်။ အိမ်ထောင်ရှိသူတွေ မိန်းမကိုယ် မှိုပိုးဝင်တဲ့ လက္ခဏာ အမြဲလိုလို မကြာခဏ ခံစားနေရရင် အမျိုးသားကိုပါ ကုသဖို့လိုပါတယ်။
ကမ္ဘာပေါ်ရှိ အမျိုးသမီးထုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ဟာ မိန်းမကိုယ်မှိုပိုးဝင်တာကြောင့် အဖြူဆင်းခြင်းကို တွေ့ကြုံခံစားရဖူးတယ်လို့ စာတမ်းတွေကဆိုပါတယ်။ ပျိုပျိုအိုအို အရွယ်မရွေး တွေ့ကြုံခံစားရတတ်တဲ့ ကိစ္စဖြစ်တာကြောင့် မိမိမှာခံစားရလျှင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ဆွေးနွေးကုသမှုခံယူဖို့ မရှက်ကြဖို့ တိုက်တွန်းအားပေးပါရစေရှင်။
ဒေါက်တာ စန္ဒီ (CDM အထွေထွေဆရာဝန်) ရေးသားသည်။


