ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းလဲမလဲ အပိုင်း(၂)

Date:

 

၁။ ပြောင်းလဲတဲ့အတွေး

ဖက်ဒရယ်ဒီမိုကရေစီပညာရေးဆိုတာ ဘာလဲဆိုတာ ဖွင့်ဆိုပြီးတဲ့နောက်မှာတော့ ဘယ်လိုပြောင်းလဲကြမလဲဆိုတာ စပြောကြရပါတော့မယ်။ အဲဒီလိုမပြောခင်မှာ ပြောင်းလဲတဲ့အတွေးအကြောင်းကို အရင်ပြောမှရပါမယ်။ ပညာရေးက အတွေးအခေါ်ကို သင်ယူရတာဖြစ်တာမို့ အတွေးအခေါ်ဟောင်းတွေကို အရင်ပြောင်းလဲရပါလိမ့်မယ်။ မြန်မာ့ပညာရေးမှာ အရိုးစွဲနေတဲ့အတွေးအခေါ်ဟောင်းတွေအများကြီးရှိနေပါတယ်။ ပထမတခုက ငြိမ်ဝပ်ပိပြားနေမှ လိုက်နာမှုအားကောင်းမယ်ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမှာတော့ ငြိမ်ဝပ်ပိပြားနေတာထက် လှုပ်ရှားတက်ကြွနေမှုကို ပိုမိုအားပေးပါတယ်။ ဒုတိယတခုက ပိုအရေးကြီးပါတယ် တလမ်းသွားစနစ်ကိုသာလက်ခံပြီး လမ်းပေါင်းစုံစနစ်ကို လက်မခံတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ တကယ်တော့ တလမ်းသွားပညာရေးစနစ်ဟာ ၁၉၂၀ ကတည်းက ဗမာပြည်ကျောင်းသားတွေ အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ ကျွန်ပညာရေးစနစ်ပဲဖြစ်နေတာပါ။ ကျွန်ပညာရေးစနစ်ဟာ အခြေခိုင်သွားပြီးခဲ့တဲ့နောက်မှာတော့ တလမ်းသွားပညာရေးစနစ်ကိုပဲ စနစ်ကောင်းတခုလိုဖက်တွယ်လာကြတာတွေ့ရပါတယ်။ ဒီအခြေအနေကနေ လမ်းပေါင်းစုံစနစ်ကို ကူးပြောင်းဖို့ကြိုးစားတဲ့အခါ အကြောက်အကန်ငြင်းဆန်ကြတော့တာပါပဲ ဒါတွေကို သေသေချာချာ နားမလည်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ပြောင်းလို့မရပါဘူး။

၂။ တလမ်းသွားပညာရေးအတွေးအခေါ်

တကယ်တော့ စစ်ပြီးခေတ်နဲ့ လွတ်လပ်ရေးခေတ်ဦးတွေမှာ လမ်းပေါင်းစုံပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်နေပါပြီ။ အာဏာရှင်နေဝင်းလက်ထက်မှာ လမ်းပေါင်းစုံပညာရေးဟာ တဖြည်းဖြည်းပျက်ယွင်းလာပြီး နဝတ/နအဖ လက်ထက်မှာတော့ တလမ်းသွားပညာရေးစနစ်ကိုပဲ ကျင့်သုံးတော့တာဖြစ်ပါတယ်။ တလမ်းသွားပညာရေးစနစ်ဆိုတာ သာမန်အတိုင်းပဲ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအခြေခံအဆင့်တွေဖြတ်ကျော်ပြီးမှ အဆင့်မြင့်ပညာရေးကို ကူးပြောင်း ဘွဲ့ကြို၊ ဘွဲ့လွန်တွေဆီ အဆင့်ဆင့်သွားတဲ့စနစ်ဖြစ်ပါတယ်။ ဖြတ်ကျော်သွားပြီးတဲ့ ပညာရေးတွေကို အစကပြန်စလို့ဘယ်တော့မှ မရသလို အသစ်အသစ်သော သင်ကြားခွင့်တွေကိုလည်း လက်မခံပါဘူး။ ဥပမာပြောရရင် ဆယ်တန်းအောင်သွားပြီးသူတဦးဟာ ဘယ်တော့မှ ဆယ်တန်းပြန်ဖြေခွင့်မရတော့တာမျိုးဖြစ်ပါတယ်။ တက္ကသိုလ်က ဘွဲ့ရပြီးသူတယောက်ဟာ တခြားဘွဲ့ကြိုတန်းကို ထပ်တက်လို့မရတော့တာမျိုးဖြစ်ပါတယ်။ ဆရာဝန်ဖြစ်ပြီးသားလူဟာ ဘယ်တော့မှ အင်ဂျင်နီယာလုပ်ခွင့်မရှိတော့သလို ရူပဗေဒသမားဟာလည်း ဘယ်တော့မှ ဘာသာဗေဒပညာရှင်အဖြစ် လေ့လာခွင့်မရှိ၊ အသိအမှတ်မပြုတဲ့စနစ်ပဲဖြစ်ပါတယ်။

လူသားတွေကို လှောင်ပိတ်ထားတဲ့ အဲဒီကြောက်စရာ တလမ်းသွားပညာရေးဟာ ခေတ်သစ်ကျွန်ပြုတဲ့ ကျွန်ပညာရေးစနစ်ပဲဖြစ်တယ်

လူသားတွေကို လှောင်ပိတ်ထားတဲ့ အဲ့ဒီကြောက်စရာ တလမ်းသွားပညာရေးဟာ ခေတ်သစ်ကျွန်ပြုတဲ့ ကျွန်ပညာရေးစနစ်ပဲဖြစ်တယ်ဆိုတာသဘောပေါက်ကြဖို့လိုပါတယ်။ ဒါပေမဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတို့ ဖက်ဒရယ်ဒီမိုကရေစီတို့ အော်ကောင်းလို့အော်နေကြသူတွေတောင် ဒီအတွေးအခေါ်တွေစွဲကပ်နေကြတာများနေတာပါပဲ။

၃။ လမ်းပေါင်းစုံပညာရေးအတွေးအခေါ်

လမ်းပေါင်းစုံပညာရေးအတွေးအခေါ်ကတော့ ရှင်းပါတယ်။ ပညာရေးမှာ သူ့အဆင့်အလိုက် လယ်ဗယ်အလိုက် ရွေးချယ်ခွင့်များစွာရှိပြီး လူသားတွေဟာ သူတို့လိုအင်ဆန္ဒနဲ့အညီသူတို့ဘဝသက်တမ်းတလျှောက်ကြိုက်သလို အသစ်အသစ်သောပညာတွေဆက်လက်သင်ယူခွင့်ရှိပြီး သင်ယူတဲ့ပညာတွေနဲ့လည်း အသက်မွေးဝမ်းကျောင်းပြုခွင့်ရှိပါတယ်။ ဥပမာပြောရရင် ဘာသာစကားပညာရှင်ဟာလည်း ဂီတပညာကို ထပ်မံသင်ယူပြီး အသက်မွေးခွင့်ရှိသလို၊ ရူပဗေဒပညာရှင်ဟာလည်း ဆေးပညာသင်ကြားပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီရင် ဆရာဝန်အဖြစ် ထပ်မံလုပ်ခွင့်ရှိပါတယ်။ ဒါတွေဟာ အဆင့်မြင်ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာရေးပါမက အခြေခံပညာရေးမှာလည်း အလယ်တန်းအဆင့်ပြီးတာနဲ့ အထက်တန်းပညာကို ကိုယ်ဝါသနာပါရာ အသက်မွေးပညာတွေ၊ နည်းပညာတွေအနေနဲ့လည်း ဆက်လက်သင်ယူခွင့်ရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒမှာလည်း ဒီလမ်းပေါင်းစုံပညာရေးအတွေးအခေါ်ကိုပဲအားပေးထားတာပါ။ ဒီအတွေးအခေါ်အရ လူသားတွေဟာ ဘဝစဉ်တလျှောက်လုံးမှာ စဉ်ဆက်မပြတ်သင်ယူမှုကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ရှိလာကြမှာဖြစ်ပါတယ်။ ဒါ့အပြင် အထက်တန်းအဆင့်ပြီးမြောက်မှု တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမှုတွေမှာလည်း ဒီနှစ်ဝင်ခွင့်မရရင် နောက်နှစ်ကြိုးစားခွင့်ရှိမှာဖြစ်သလို ဒီနှစ်အောင်ပေမဲ့ သတ်မှတ်အရည်အချင်းမရရင် နောက်နှစ်လည်း ထပ်မံဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့အရည်အသွေးအကဲဖြတ်မှုဖြစ်လာမှာဖြစ်ပြီး တချိန်တည်း တနှစ်တည်း တနေရာတည်းနဲ့ အဆုံးအဖြတ်ပေးတဲ့ တလမ်းသွားပညာရေးစနစ်ရဲ့ ဆိုးကျိုးတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လမ်းပေါင်းစုံပညာရေးရဲ့ ဗဟုအတွေးအခေါ်အတိုင်းပဲ ခေတ်သစ်ပညာရေးစနစ်တွေကို ဖော်ဆောင်လာကြတာပါ။ လမ်းပေါင်းစုံပညာရေးမှာလည်း တာဝန်နဲ့အခွင့်အလမ်းတွေတော့ ရှိတာပါပဲ ဒါတွေကိုတော့ နောက်တပတ်မှာ ဆက်လက်ဖော်ပြသွားပါ့မယ်။

တူမီးသိမ်းမောင် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...