မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့အတွက် ဒေသတွင်း ကျေးရွာတွေက တောင်သူတွေအနေနဲ့ ရာသီပေါ်သီးနှံတွေကို ရတဲ့ဈေးနဲ့ထုတ်ရောင်းနေရတယ်လို့ The Nation Voice က စုံစမ်းသိရပါတယ်။
ပဲစင်းငုံဈေးဟာ ငဖဲနယ်ဒေသမှာပြီးခဲ့တဲ့နှစ်ကလောက် ဈေးမကောင်းပေမယ့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေရတာကြောင့် တောင်သူတွေအနေနဲ့ ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေကြရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲတွေဖြစ်တော့မှာ၊ ဖြစ်တော့မှာနဲ့ စိုးရိမ်ပြီးတော့ နေပါစေ ရတဲ့ဈေးနဲ့ပဲရောင်းတော့မယ်၊ တကယ်လို့ ပြေးရပြီဆိုရင် အလဟသမဖြစ်အောင်ဆိုပြီး အဲဒီလိုလေးတွေ ရတဲ့ဈေးနဲ့ ထုတ်ရောင်းနေကြတယ်” လို့ အဲဒီဒေသခံက The Nation Voice ကို ပြောပါတယ်။
အရင်က ပဲစင်းငုံစျေးတွေဟာ ငွေကျပ် တစ်သိန်းတစ်သောင်းဈေးဝန်းကျင်ရှိပေမယ့် လက်ရှိမှာ ငွေကျပ် ကိုးသောင်းနှစ်ထောင်ခန့်အထိ ဈေးကျသွားခဲ့ပါတယ်။
“နေ့တိုင်းလိုလို ပဲစင်းငုံတွေ မြို့တက်ရောင်းနေကြတယ်ဗျ၊ စိုးရိမ်စိတ်နဲ့ တဝက်ရောင်း၊ တဝက်ချန်တွေလည်း လုပ်ကြတယ်၊ အရေးတကြီး ငွေလိုရင်တော့ ပဒါန်းမှာ ရောင်းကြတယ်၊ အများစုကတော့ ဈေးပိုရတဲ့ မကွေးထိ တက်ရောင်းကြတာ” လို့ စိုက်ပျိုးရေးနဲ့နီးစပ်တဲ့ ငဖဲဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ငဖဲနယ်မှာ ဒီနှစ်အတွက် စပါးဝယ်တဲ့ ကုန်သည်တွေ လုံးဝမရှိတာကြောင့် ရိတ်သိမ်းပြီးသား စပါးတွေကို ထုတ်ရောင်းလို့မရ ဖြစ်နေတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
“စပါးတွေဆို ရောင်းချင်ပါလျက်နဲ့ ဝယ်လက်မရှိလို့ သိုလှောင်ထားရတယ်၊ လက်ငင်းဝယ်သူလည်း မရှိဘူး၊ နောက်မှပေးဆိုပြီး ပေးလည်း ယူမယ့်သူကိုမရှိတာ” လို့ သူက ရှင်းပြပါတယ်။
ငဖဲနယ်က တနိုင်တပိုင် စိုက်ပျိုးသီးနှံဈေးကွက်မှာလည်း ဇီးသီးစျေးဟာ ယခင်ကတစ်ပြည်ကို ကျပ် ငါးထောင် ကနေ အခုတော့ ကျပ် ၃၅၀၀နဲ့ ၂၅၀၀ ဝန်းကျင်အထိ ဈေးကျသွားပြီး ပန်းမုန်လာစျေးမှာလည်း အရင်ကတစ်ပွင့်ကို ကျပ် တစ်ထောင်းငါးရာ ဝန်းကျင်ကနေ အခု တစ်ထောင်ကျပ် အထိ ဈေးကျသွားတယ်လို့ သိရပါတယ်။
မျှော်စင် ရေးသားသည်။


