ပစ္စက္ခမြန်မာနိုင်ငံရဲ့ ပဋိပက္ခကို တခွန်းတည်းပြောမယ်ဆိုရင်တော့ ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံတွေရဲ့ ပဋိပက္ခလို့ ပြတ်ပြတ်သားသား ပြောနိုင်ပါတယ်။ ဖိနှိပ်သူတစုဟာ ကိုယ့်နိုင်ငံသားအချင်းချင်း၊ ပခုံးနှစ်ဖက်ကခေါင်းပေါက်တဲ့ လူသားအချင်းချင်းလက်နက် အားကိုးနဲ့ ဖိနှိပ်သတ်ဖြတ်အနိုင်ကျင့်လာတာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်ပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားနေသူတွေဟာ ဆူးစူးလို့ အပ်နှင့်ထွင်တာလို့လည်း ပြောနိုင်ပါတယ်။
တနည်းအားဖြင့် မိမိတို့ မွေးရာပါအခွင့်အရေးတွေအတွက် လက်နက်စွဲကိုင် ခုခံစစ်ကို ဆင်နွဲနေကြတာလည်း ဖြစ်ပါတယ်။
၁၉၆၂ ပထမအကြိမ်စစ်အာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုတွေလိုပဲ အခု၂ဝ၂၁ဖေဖော်ဝါရီလ ၁ရက်က တတိယအကြိမ်စစ်အာဏာသိမ်းမှုမှာလည်း အကြမ်းမဖက် ငြိမ်းချမ်းစွာလမ်းမထက်ဆန္ဒထုတ်ဖော်ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်းပါတယ်။
စစ်အာဏာသိမ်းလိုက်လို့ လွှတ်တော်နိုင်ငံရေးပျက်သုဉ်းသွားချိန်မှာ လမ်းပေါ် တက်နိုင်ငံရေးလုပ်ကြတာကို လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းဖိနှိပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့ပြည်သူအားလုံး ကိုင်စွဲနေတဲ့ တိုက်ပွဲသဏ္ဌာန်ဟာ လက်နက်နဲ့ဖိနှိပ်သူတွေကို လက်နက်နဲ့တန်ပြန်ဆန့်ကျင်တော်လှန်တဲ့ တိုက်ပွဲသဏ္ဌာန်ဖြစ်ပါတယ်။
အတိအကျအဓိပ္ပါယ်ဖွင့်ရရင်တော့ လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ဟာ အဓိက တိုက်ပွဲသဏ္ဌာန်ဖြစ်နေပြီး ကျန်တဲ့ CDM လို လူထုတိုက်ပွဲတွေ၊ သံတမန်ရေးတိုက်ပွဲတွေ၊ အသံတိတ်သပိတ်လို လူထုတိုက်ပွဲတွေ၊ နိုင်ငံရေးတိုက်ပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေက ဝိုင်းရံပြီး တိုက်ပွဲဝင်ခဲ့ကြလို့ အာဏာသိမ်းစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် မြို့အတော်များများကို ထိန်းချုပ်လာနိုင်တာပဲ ဖြစ်ပါတယ်။
မည်သည့်တိုက်ပွဲသဏ္ဌာန်ကို ယုံကြည်တိုက်ပွဲဝင်သည်ဖြစ်စေ လူထောက်ခံမှု ရှိဖို့လိုပါတယ်။
အထူးသဖြင့် လူထုထောက်ခံမှုထက် လူထုကိုယ်တိုင်ကိုယ်ကျပါဝင်တဲ့ တိုက်ပွဲ သဏ္ဌာန်တွေကသာ အောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ တိုက်ပွဲသဏ္ဌာန်တွေ ထက် အရေးကြီးတာက တိုက်ပွဲဝင်စိတ်ဓာတ် ဖြစ်ပါတယ်။ တိုက်ပွဲဝင်စိတ်ဓာတ် ဆိုရာမှာလည်း မတရားမှုကို ဆန့်ကျင့်တယ်၊ တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတယ်၊ နောက်မျိုးဆက်တွေရဲ့ အနာဂါတ်အတွက် ငါတို့ရဲ့ ပစ္စုပ္ပန်ကို ပေးဆပ်မယ်ဆိုတဲ့ စွန့်လွှတ်စွန့်စားတဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကသာ အရေးကြီးတယ်ဆိုတာကို The Nation Voice က တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။


