အညာစာပေစကားဝိုင်း

Date:

 

The Nation Voice စစ်ကိုင်းရုံးခွဲက ဦးဆောင်တဲ့ အညာစာပေစကားဝိုင်းလေးကို လူငယ်ဝိုင်းတော်သားတွေနဲ့ ပုံမှန်ဆွေးနွေး ခဲ့ပါတယ်။

ဒီတပတ်မှာတော့ အညာစာပေစကားဝိုင်းရဲ့ လူငယ်အဖွဲ့တော်သားတွေဖြစ်တဲ့ ကိုစနေ၊ ကိုစည်၊ ကိုမိုး၊ အေမီ၊ သီရိနဲ့ နေခြည် တို့က ဆွေးနွေးခဲ့ကြပြီး စာရေးဆရာ David Trott ရေးသားပြီး ဆရာချမ်းမြေ့ဝင်း ဘာသာ ပြန်ဆိုထားတဲ့ “လျှော့မတွက်နဲ့” ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို ဆွေးနွေးဖြစ်ခဲ့ ကြပါတယ်။

လူငယ်ဝိုင်းတော်သားတွေဟာ ကျောင်းပညာရေးတဖက်နဲ့ မအားလပ်တဲ့ကြားက ဆွေးနွေးခဲ့ကြတဲ့ လူငယ်တွေရဲ့ အတွေးအခေါ် ယူဆချက်တွေကို အခုလိုဖော်ပြလိုက်ရပါတယ်။

စကားဝိုင်းကို ကိုစည်က သူဖတ်ခဲ့တဲ့ “လျှော့မတွက်နဲ့” ဆိုတဲ့ ဘာသာပြန်ဝတ္ထု လေးကို ဇာတ်ကြောင်းအနှစ်ချုပ်ပြောပြရင်း အစချီလိုက်ပါတယ်။

ဇာတ်လမ်းက ဒီလိုဗျာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ လွန်ခဲ့တဲ့ ၁၇၅ဝ ခုနှစ်ကနေ ၁၈၁၀ ခုနှစ် အတွင်းမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို အခြေခံပြီး ရေးထားတာဗျ။ လန်ဒန်မြို့မှာ လူဦးရေ ခုနှစ်သိန်းခွဲလောက်ကနေ တစ်သန်းခွဲထိ အဆမတန်မြင့်တက်လာခဲ့တယ်။ လူဦးရေ မြင့်တက်လာတာနဲ့ အမျှ ဘာပြဿနာတက်လာလဲဆိုတော့ မြို မှာရှိတဲ့ မိလ္လာကျင်းတွေပြည့်လာပြီး မိလ္လာတွေ လျှံတက်လာတယ်။ နောက်ဆုံးတော့ အနိမ့်ပိုင်းတွေဖြစ်တဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဆီ မိလ္လာတွေ စီးလာတယ်။ လန်ဒန်တစ်မြို့လုံး အနံ့ဆိုးတွေ ခံစားကြရတော့တယ်။ အဲဒီတော့ လက်တလော ပြေလည်စေဖို့ မိလ္လာတွေကို မိုးရေခံတဲ့ ရေတံလျှောက်တွေနဲ့ သိန်းမြစ်ထဲ စီးစေတယ်။ ဒီရေကလည်း သောက်သုံးရေအတွက်ပါ သုံးတဲ့ရေဖြစ်တယ်။ အဲဒီတော့ လန်ဒန်မြို့က ပြည်သူတွေ ပလိပ်ရောဂါတွေ ခံစားကြရပြီး သိန်းနဲ့ချီ သေကြေကြရတယ်။ ပြီးတော့ ဒီရေတွေက ပါလီမာန်ရုံးရဲ့ ဘေးကနေ စီးဆင်းတော့အနံ့ဆိုးတွေ ပျောက်အောင် အမွှေးရေတွေ နဲ့ ခဏတာပြေလည်အောင် ဆောင်ရွက်ကြ တယ်။ ဒါကို အစိုးရကလည်း ဂရုမစိုက်ဘဲ မျက်ကွယ်ပြုခဲ့တယ်။ ကြာတော့ ဒါကလည်း ခဏတာပဲ ပြေလည်တာလေ။ အဲဒါနဲ့ ဒီမဟာ အနံ့ဆိုးကနေ ပြေလည်အောင် အင်ဂျင်နီယာချုပ်ကြီးဖြစ်တဲ့ ဂျိုးဇက်ဘာဇယ်ကပ်ကို အပ်ပြီး ဆောင်ရွက်ခိုင်းတယ်။

အင်ဂျင်နီယာချုပ်ကလည်း မြို့လူဦးရေရဲ့ ၂ ဆကို တွက်ချက်ပြီး ရေရှည်အတွက် ရည်ရွယ်လို့ မြေအောက်မိလ္လာမြောင်းတွေကို တူးခဲ့တယ်။ အဲဒီကစပြီး မဟာအနံ့ဆိုး ပြဿနာကနေ ပြေလည်သွားတယ်။ နောက်ထပ်ဖြစ်မှာမဟုတ်တော့ဘူးဆိုပြီး ကိုစည်က ဇာတ်ကြောင်းကို ပြောပြပါတယ်။

စကားဝိုင်းရဲ့ တစ်ဖက်မှာ ထိုင်နေတဲ့ နေခြည်ကလည်း အလုပ်တစ်ခုလုပ်တဲ့အခါ ခဏတာ အဆင်ပြေရုံ မကြည့်ဘဲ ရေရှည်အတွက် အဆင်ပြေစေဖို့ အမျှော်အမြင်ရှိရှိလုပ်တတ်ဖို့လိုတယ်၊ ဒါမှသာ နှောင်းလူတွေအတွက်လည်း အဆင်ပြေစေမယ်လို့ ဒီဝတ္ထုနဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေးပါတယ်။ အေမီကလည်း နေခြည်ပြောတဲ့ စကားကို ထောက်ခံပြီး နေခြည်ပြောသလိုမျိုး ရေတိုအတွက် မစဉ်းစားဘဲ ရေရှည်အတွက်ကြည့်ပြီး အလုပ်လုပ်မှ အဆင်ပြေမယ်လေ၊ အဖွဲ့ အစည်းမှာပဲဖြစ်ဖြစ် အသင်းအဖွဲ့တွေမှာပဲဖြစ်ဖြစ် စုစုရုံးရုံး စည်းစည်းလုံးလုံးနဲ့ တိုင်တိုင်ပင်ပင် ဆောင်ရွက်ကြမှ အဆင်ပြေမယ်လို့ ဆွေးနွေးပါတယ်။

စကားဝိုင်းမှာ ပါဝင်ဆွေးနွေးတဲ့ ကိုစနေကလည်း ဒီဝတ္ထုလေးကနေ ဘာတွေသင်ခန်းစာရလဲဆိုတော့ အရှည်တွေးပြီး မဆောင်ရွက်ခဲ့တဲ့အတွက် မလိုအပ်ဘဲ အသက်တွေအများကြီးသေကြေခဲ့ရတယ်။ အမျှော်အမြင်ရှိရှိ ဆောင်ရွက်တဲ့အခါမှာ နောင်နှစ်ပေါင်းများစွာထိ ပြည်သူတွေအတွက် အဆင်ပြေ စေတာကို တွေ့ရတယ်။ အဲလိုပဲ အဖွဲ့အစည်းတွေဖွဲ့တဲ့အခါလည်း အစ်ကိုတို့ ရွာတွေဆို ကြည့် ဖွဲ့ဆိုလည်း အလောသုံးဆယ် ဖွဲ့ ကြတယ်၊ ဖွဲ့ပြီးပြီးရော ဘယ်မူဝါဒမှမရှိ ဘယ်ရှေ့လုပ်ငန်းစဉ်မှမရှိ အဲဒီတော့ မကြာဘူး ပျက်ကြတာပါပဲ။ အရှည်မတွေးဘဲ လျှော့တွက်ပြီးလုပ်ကြတော့ ပျက်တာပေါ့။ ဘယ်အဖွဲ့စည်းပဲဖွဲ့ဖွဲ့ လျှော့မတွက်ဘဲ မူဝါဒကျကျ လမ်းစဉ်ကျကျ စနစ်တကျ ဆောင်ရွက်ကြရင် ရွာကမြို့၊ မြို့ကနေ ပြည်နယ်၊ ပြည်နယ်ကနေ တနိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမယ်ဆိုတာ သင်ခန်းစာပါ ပဲလို့ ကိုစနေက ပြောပါတယ်။

ကိုစည်ကလည်း ကျန်းမာရေးနဲ့နွယ်ပြီး ဆက်လို့ဆွေးနွေးပါတယ်။ ကျွန်တော်တို့ ရွာတွေမှာဆိုဗျာ နေမကောင်းဖြစ်ကြတယ်ဆို ဆရာဝန်လမ်းညွှန်ချက်မပါဘဲ ဆေးတွေကို ကိုယ့်ဆန္ဒတိုင်း ဝယ်သောက်ကြတယ်။ ဆေးမြီးတိုနဲ့ ကုကြတယ်။ ခဏတော့ပျောက်သွားတာပဲ ပြီးရင် ပြန်ဖြစ်တယ် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေထိတောင် ဖြစ်တယ်။ ဒါတွေကလည်း သင်ခန်းစာပဲဗျ။

သီရိကလည်း ကိုစည်ပြောသွားတဲ့ဝတ္ထုနဲ့ ပတ်သက်ပြီး “အကိုပြောသွားတဲ့ ဝတ္ထုထဲကဆိုဗျာ၊ သူတို့သောက်သုံးတဲ့ ရေ တောင်မချန်ဘူး ခဏတာအတွက်ကြည့်ပြီး သောက်သုံးရေသုံးတဲ့ မြစ်ထဲကို မိလ္လာတွေ စွန့်ပစ်တယ်၊ ဒါက မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

ကိုစည် ထပ်ပြောတာက “တော်လှန်ရေးမှာဆိုရင်လည်း တော်လှန်ရေး စစချင်းကတော့ လူတွေက အဲဒီလိုဗျာ ကောက်ရိုးမီးလောင်သလိုပဲ၊ ရေတိုလေး ငါတို့လုပ်မယ်။ အာဏာရှင်ကို တိုက်မယ်၊ နောက်ပိုင်းကျတော့ တော်လှန်ရေးက အခက်အခဲတွေ ကြမ်းတမ်းမှုတွေ တွေ့လာတော့ နောက်ပိုင်း အားလျှော့သွားကြတယ်။ အစကတည်းက တကယ်စိတ်ပိုင်းဖြတ်ပြီးမှလုပ်စေချင်တယ်၊ ပြီးကျတော့ တော်လှန်ရေး လုပ်တဲ့အခါမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ တော်လှန်ရေး အောင်ဖို့အတွက် ကြည့်ပြီးလုပ်သင့်တယ်”လို့ ကိုစည်ကပြောပါတယ်။

သူဆက်ပြောတာကတော့ အခု လူ့အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ပြဿနာတွေကို ရေတိုအတွက်မကြည့်ဘဲ ရေရှည်ကြည့်မယ်ဆို အားလုံးအတွက် အကောင်းဆုံး ဖြစ်နိုင်မယ်၊ နောက်ပြီးတော့ ဒီဖြစ်နေတဲ့ ပြဿနာတွေ ကို ပြောင်းပြန်လှန်ပြီး ကောင်းတဲ့အရာတွေ ဖြစ်လာနိုင်တယ်။ ဆုံးဖြတ်ချက်ချတဲ့အခါ တွေမှာလည်း သေချာဆုံးဖြတ်ချက်ချသင့်တယ်။ ပြီးကျတော့လေ တခုပြောစရာရှိသေးတယ်ဆိုပြီး ရယ်ရယ်မောမော ပြောလာပြန်ပါတယ်။ တချို့လူငယ်တွေလေ ဘာမှမသိကြဘဲ ရည်းစားတွေထားကြတယ်၊ စိတ်ကစားတတ်တဲ့ အရွယ်မှာ ချစ်တဲ့စိတ်လေးတစ်ခုနဲ့ အိမ်ထောင်တွေ ပြုကြတယ်၊ ရေရှည်ကျတော့ အဆင်မပြေဘူးလေ။ ဘာမှမလုပ်တတ် မကိုင်တတ် ပညာအရည်အချင်းကလည်း မရှိ ဆုံးဖြတ်နိုင်စွမ်းကလည်း မရှိ အဆင်မပြေ ဖြစ်ကြတယ်။ ကလေးတွေ ရတော့လည်း လောက်ငှအောင် မကျွေးနိုင်၊ မိဘမဲ့ဂေဟာတွေပို့၊ ရေတိုစဉ်းစားတဲ့အတွက် ကိုယ်သာမက ကိုယ့်သားသမီးတွေကိုပါ ဒုက္ခရောက်နိုင်တယ်လို့ပြောရင်း ကိုစည်ကပဲ စကားဝိုင်းလေးကို အဆုံးသပ်လိုက်ပါတယ်။

ဒီတစ်ပတ်လူငယ်အဖွဲ့တော်သားတွေနဲ့ စာရေးသူတို့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလေး အနှစ်ချုပ်ကတော့ ဒီလောက်ပါပဲ။ နောက်အပတ်တွေမှာလည်း စာအုပ်တွေနဲ့ လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆတွေနဲ့အတူ အညာစကားဝိုင်းမှာ ဆက်လက်ဆုံတွေ့ကြဖို့ရှိပါမယ်။

ဒီတပတ်မှာ စာရေးသူ လေပေါတာကို လျှော့ပြီး မှတ်တမ်းဓာတ်ပုံလေးကို မှတ်မှတ်ရရ ဖော် ဖော်ပြလိုက်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖိုးစနေ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...