အာဏာသိမ်းစစ်တပ်က စခန်းစွန့်ခွာသွားပေမယ့် ကူတော်ရွာခံတွေ ရွာကိုပြန်မနေရဲသေး

Date:

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက ရွာခံပြည်သူတွေဟာ အာဏာသိမ်းစစ်တပ် ကျေးရွာကနေ စခန်းစွန့်ခွာသွားခဲ့ပေမယ့် ရွာထဲကို ပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ မိုင် ၂ဝ ကျော်လောက်သာ ကွာဝေးတဲ့ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှာ အခြေပြုတပ်စွဲနေထိုင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ စခန်းစွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ကျေးရွာကနေ စခန်းစွန့်ခွာသွားခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ရန်ကြောင့် နှစ်ရှည်စစ်ဘေးရှောင်နေခဲ့ရတဲ့ ကူတော်ရွာက ရွာခံပြည်သူတွေဟာ လက်ရှိ ဇန်နဝါရီလအထိ ရွာထဲကို ပြန်လည် မနေထိုင်ရဲကြသေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရှိခဲ့စဉ်က ထောင်ထားခဲ့တဲ့ မိုင်းကွင်းတွေရန်နဲ့ တစ်ရွာလုံးနီးပါးကို မြင်ကွင်းရှင်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေထိုင်ဖို့ နေအိမ်မရှိတော့တာကြောင့် ရွာထဲကို ပြန်ဝင်နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

“အရင်သူတို့ရှိတုန်းက လက်နက်ရန်တွေကြောက်လို့မနေရဲတော့တာနဲ့ ထွက်ပြေးခဲ့တာ။ အခုသူတို့မရှိတော့လည်း ထောင်ထားခဲ့တဲ့ မိုင်းကွင်းတွေ ရှိသေးတယ်ဆိုလို့ ဘယ်သူမှ ဝင်မနေရဲကြသေးဘူး။ ရှင်းလင်းရေးတွေ လုပ်ပြီးတောင် အိမ်တွေမီးရှို့ခံထားရတော့ နေထိုင်ဖို့ နေစရာမရှိသေးဘူး” လို့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက The  Nation Voice ကိုပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေကြား ရွာထဲမှာ မနေထိုင်ရဲလို့ နှစ်ရှည်စစ်ဘေးရှောင်နေခဲ့ရတဲ့ မီးဘေးသင့် ရွာခံပြည်သူ တစ်ထောင်ဝန်းကျင်ခန့်က ရွာကိုပြန်ပြီး မနေထိုင်ရဲကြသေးပေမယ့် အာဏာသိမ်းစစ်တပ် ရှိခဲ့စဉ်ကတည်းက ရွာမှာနေထိုင်ခဲ့ကြတဲ့ ရွာခံပြည်သူ ၂ဝဝ ကျော်လောက်ကတော့ ဆက်လက် နေထိုင်ကြဆဲလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရန်ကြောင့် နှစ်ရှည်စစ်ဘေးရှောင်နေခဲ့ရတဲ့ ကူတော်ရွာက အရပ်သား ရွာခံပြည်သူတွေဟာ စားဝတ်နေရေးအတွက် တောင်သူလုပ်ငန်းမလုပ်ရတာလည်း သုံးနှစ်တာဝန်းကျင်ရှိပြီလို့ သိရပါတယ်။

“ရဲစခန်းက စစ်သားတွေက ရွာပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လယ်ယာခင်းတွေထဲ ကျတယ်လေ။ အဲဒီကတည်းက လယ်ယာလုပ်ငန်းတွေ မလုပ်ရဲကြတော့တာ။ တချို့ကတော့ အရဲစွန့်ပြီး လုပ်ကြပါတယ်။ မလုပ်ရဲတဲ့သူက များတာပေါ့။ ရွာမှာရှိတဲ့ စစ်သားတွေကိုလည်း လာ တိုက်ခိုက်ကြတဲ့အချိန်ဆို လက်နက်သံတွေကြား ပြေးရလွှားရဆိုတော့ မစိုက်ပျိုးရဲ မနေရဲကြတော့တာ” လို့ စစ်ဘေးရှောင်နေရတဲ့ မြေပဲစိုက်တောင်သူတစ်ဦးက The Nation Voice ကို ပြောပါတယ်။

ကျေးရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်ရင် မိုင်းရှင်းလင်းရာမှာလည်း အခက်အခဲရှိသလို မီးရှို့ခံထားရတဲ့ နေအိမ်တွေက မီးဘေးသင့်ပြည်သူတွေအတွက်လည်း ပြန်လည် တည်ဆောက်နေထိုင်ဖို့ မိုးကာနဲ့ သစ်သားတိုင်တွေလည်း လိုနေတယ်လို့ သိရပါတယ်။

အိမ်ခြေ ၂၆ဝ ရှိတဲ့ ကူတော်ရွာကို တပ်စွဲနေထိုင်ခဲ့ကြတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေဟာ သုံးနှစ်ကျော်ကာလအတွင်း ရွာအတွင်းကလူနေအိမ် ၂ဝဝ ကျော်ကို မီးရှို့ဖျက်စီးသွား ခဲ့တယ်လို့ သိရပါတယ်။

သွန်းမီ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...