ဇူလိုင် ၂၅
မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချတာ၊ နည်းပညာများ ထောက်ပံ့ကူညီပေးပြီး စစ်တပ်ကို လေ့ကျင့်သင်ကြားပေးနေမှုတွေ နဲ့ စောင့်ကြည့်ထောက်လှန်းရေး နည်းပညာတွေ လွှဲပြောင်းပေးတာတွေ ချက်ချင်း ရပ်ဆိုင်းဖို့ Justice For Myanmar က ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
MDY-PDF ကနေ မတ္တရာနဲ့ ပုသိမ်ကြီး မြို့နယ်တွေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေ သိမ်းတဲ့အခါမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း တွေက တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီ ကထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ စစ်တပ် ကို အမြဲစောင့်ကြည့်နေတဲ့ Tactical Raptor 2.0 ကနေ ထုတ်ပြန်ထားပါတယ်။
အဲဒီလို သိမ်းဆည်းရမိတဲ့ လက်နက်တွေက တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) က အာဏာသိမ်းစစ်တပ်ကို ဆက်ပြီး လက်နက်ရောင်းချနေတာ ကို အတည်ပြုနိုင်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
NORINCO ကုမ္ပဏီသည် ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ကုန်တင်ပို့မှုများမှ တဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို အာဏာသိမ်းစစ်တပ်ဆီကို ရောင်းချပေးခဲ့ပါတယ်။
NLD အစိုးရလက်ထပ် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံ NORINCO နည်းပညာရှင်တွေဟာ မကွေးတိုင်းမှာရှိတဲ့ အမှတ် (၂၀) ကပစစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အော်တိုအမြှောက်တွေ၊ ဆက်စပ်ခဲယမ်းတွေအပါအဝင် လေယာဉ်ပစ်သေနတ်တွေ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီတွေကို ပေးအပ်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ NORINCO နဲ့ စစ်တပ် အကြား ကာကွယ်ရေးပစ္စည်း ဆိုင်ရာ ရောင်းဝယ်မှုနဲ့ ဆက်စပ်နည်းပညာများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြပါတယ်။
NORINCO ကုမ္ပဏီ က မြန်မာနိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် စစ်လက်နက်တွေနဲ့နည်းပညာတွေကို အဓိကပံ့ပိုးပေးနေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။
ကံ့ကော် ရေးသားသည်။


