ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းလဲမလဲ အပိုင်း(၄)

 

၁။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

အပြန်အလှန်အသိအမှတ်ပြုခြင်းကို အခိုင်အမာတည်ဆောက်ဖို့ဆိုတာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးရဲ့အနှစ်သာရဖြစ်သလို နောက်ထပ်အရေးကြီးတာကတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုတဲ့ Decentralization ပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချတာနဲ့ ဗဟိုချုပ်ကိုင်မှုကင်းမဲ့တာနဲ့လည်း အနည်းငယ်ကွဲပြားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးအနေနဲ့ကတော့ တချို့နေရာတွေမှာ ဗဟိုအဆင့် ပြည်နယ်အဆင့်နဲ့ ရပ်ရွာအဆင့်တို့ကို လုပ်ပိုင်ခွင့်ခွဲဝေတာမျိုးနဲ့ စနစ်တခုဖော်ဆောင်ပြီးသွားရတာမို့ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းလို့ပဲ သုံးရမှာဖြစ်ပါတယ်၊ တနည်းပြောရရင် ပညာရေးဆိုင်ရာ မူဝါဒနဲ့ ဘဏ္ဍာရေးကိုပဲ ဗဟိုကဖော်ဆောင်ရမှာဖြစ်ပြီး စီမံခန့်ခွဲရေးတွေ၊ သင်ရိုးတွေနဲ့ သင်နည်းစနစ်တွေအပါအဝင် တခြားစီမံခန့်ခွဲရေးလုပ်ငန်းဆောင်တာတွေကိုတော့ ပြည်နယ်အဆင့်နဲ့ ရပ်ရွာ( ကျောင်း) အဆင့်တို့ကို လုပ်ပိုင်ခွင့်ခွဲပေးထားရတာဖြစ်ပါတယ်။ ဒီလိုတာဝန်ခွဲဝေရာမှာလည်း နည်းလမ်းအမျိုးမျိုးရှိပြီး ကိုယ့်ဒေသ ကိုယ့်နယ်မြေ၊ ကိုယ့်စနစ်နဲ့ ကိုက်ညီတဲ့အခြေအနေအလိုက် လုပ်ပိုင်ခွင့်ခွဲကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက စီမံခန့်ခွဲခွင့်ကိုကိုင်ထားသူက အောက်ခြေအဆင့် ကျောင်းကောင်စီကပဲဖြစ်ရမှာပါ။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအရဆိုရင် ကျောင်းကောင်စီက စီမံပိုင်ခွင့်အမြင့်ဆုံးဖြစ်ပြီး၊ ဒုတိယအားဖြင့် မြို့နယ်ကောင်စီ၊ တတိယအားဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီတို့ရှိပြီး မူဝါဒပိုင်း ဘဏ္ဍာရေးပိုင်းကိုသာ ဗဟိုဖက်ဒရယ်ပညာရေးကောင်စီက လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိပြောင်းမဲ့ ပညာရေးမူဝါဒဟာ ဗဟိုက အနည်းဆုံးချုပ်ကိုင်ထားတဲ့ Decentralized System လို့ပြောရမှာဖြစ်ပါတယ်။

၂။ လက်ရှိဝိရောဓိများ

လက်ရှိပညာရေးမှာတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အစဉ်အဆက် ဗဟိုချုပ်ကိုင်မှုနဲ့ပဲသွားနေတာဖြစ်သလို လက်ရှိကြားကာလပညာရေးဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဗဟိုချုပ်ကိုင်မှုကို အခြေခံပညာရေးမှာ မြို့နယ်ဆင့် ပညာရေးအဖွဲ့တွေဆီစီးဆင်းစေပြီး အဲဒီမြို့နယ်အဖွဲ့တွေကမှ ရပ်/ကျေးအဆင့် ကျောင်းတွေကို ညွှန်ကြားစီမံခန့်ခွဲတဲ့ ပုံစံမျိုးမို့ အားကောင်းတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်နေပါတယ်။ နောက်တခုက ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအတိုင်း ကမကထပြု အကောင်အထည်ဖော်ဆောင်မဲ့ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီကလည်း ပြည်ထောင်စုအဆင့်ဖွဲ့ထားပြီး မူဘောင်တွေရေးဆွဲအကောင်အထည်ဖော်ဖို့လုပ်ဆောင်နေရာမှာ ပညာရေးဝန်ကြီးဌာနနဲ့ဘယ်လိုပေါင်းစပ်ဆောင်ရွက်မယ်ဆိုတာ ရေရေရာရာမရှိသေးဘဲ စင်ပြိုင်လိုဖြစ်နေတာတွေ့ရပါတယ်။ ဒါ့အပြင် ဗဟိုကစဖွဲ့ပြီး အောက်ခြေအဆင့်ဆင့်ကို ကမကထပြုရမှာမို့ ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ ဗဟိုကလုပ်နေရတာမျိုးဖြစ်ပြီး လက်တွေ့ဖော်ဆောင်မှုမှာ ဝိရောဓိတွေဖြစ်နေပါတယ်။ နောက်တချက်ကတော့ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီမှာ ပါဝင်တဲ့ Inclusiveness ဟာ အားလုံးပါဝင်မှုအပိုင်းမှာ မေးခွန်းထုတ်စရာတွေရှိနေသေးတဲ့အချက်ပါပဲ။ သာဓကပြရရင် ကရင်နီပညာရေးဌာနဟာ ကြားကလဖက်ဒရယ်ပညာရေးကောင်စီမှာ ကိုယ်စားလှယ်စာရင်းပေးဖို့ ငြင်းဆိုထားတာမျိုးတွေပေါ့။

ပညာရေးမှာ ဘာအကျိုးစီးပွားရလို့လဲ မေးစရာရှိပေမယ့် ဦးဆောင်ရခြင်း၊ ဦးဆောင်သူဖြစ်ရခြင်းဆိုတာကိုက အကျိုးစီးပွားဖြစ်နေတော့ အောက်ခြေဗဟိုပြုစနစ်ဟာ ဖော်ဆောင်ဖို့ အင်မတန်ခက်နေတာပါ

၃။ အောက်ခြေဗဟိုပြုစနစ်

အောက်ခြေကနေ ဗဟိုကို အဆင့်ဆင့် သွားတဲ့ Bottom Up Approach စနစ်ဟာ ပညာရေးဆောင်ရွက်မှုမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် အကောင်းဆုံးစနစ်ဖြစ်ပါတယ်။ မူလပညာရေးအထိုင်တွေရှိနေပြီးသားဆိုလည်း အဆင့်ဆင့်တက်လာလို့လည်းရပါတယ်။ ဒါဖြင့် ဘာကခက်နေတာလဲဆိုရင် ယခင်ကတည်းက ရှိနေနှင့်ပြီးသားဖြစ်တဲ့ ပညာရေးဗဟိုအဖွဲ့တွေရဲ့ အကျိုးစီးပွားပြဿနာကခက်နေတာပါ။ ပညာရေးမှာ ဘာအကျိုးစီးပွားရလို့လဲလို့ မေးစရာရှိပေမဲ့ ဦးဆောင်ရခြင်း၊ ဦးဆောင်သူဖြစ်ရခြင်းဆိုတာကိုက အကျိုးစီးပွားဖြစ်နေတော့ အောက်ခြေဗဟိုပြုစနစ်ဟာ ဖော်ဆောင်ဖို့အင်မတန်ခက်နေတာပါ။ ဒါ့ကြောင့်လည်း ကြားကာလဖက်ဒရယ်ပညာရေးကောင်စီဖွဲ့ပြီး ကမကထ ပြု အောက်ခြေကိုဆင်း၊ အောက်ခြေကလည်း ပြည်နယ်အဆင့်ထိတက်လာဆိုတဲ့ မော်ဒယ်ကို ဖန်တီးရတာပါ။ ဒါပေမဲ့ လက်ရှိမှာ ဘုတ်အဖွဲ့တွေ၊ ကြားကာလတက္ကသိုလ်ကောင်စီတွေ၊ ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားပညာရေးအဖွဲ့တွေကြားမှာ ပြတ်သားတဲ့ ညှိနှိုင်းသဘောတူညီမှုမရှိသေးတာကြောင့် အကျိုးစီးပွားတွေတိုးတိုက်မှုဖြစ်နေပြီး မကြာခင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်ရာမှာ တစ်ဆို့မှုတွေဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ပညာရေးကို တကယ်ပြောင်းမယ်ဆိုရင် ရှိနှင့်ပြီးဖြစ်တဲ့ ပညာရေးဦးဆောင် အင်စတီကျူးရှင်းတွေဟာ လုပ်ပိုင်ခွင့်အာဏာကို စွန့်လွှတ်ဖို့လိုပါတယ်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနဟာ သူတို့ရဲ့ ပညာရေးဖော်ဆောင်မှုကို ကြားကာလဖက်ဒရယ်ပညာရေးကောင်စီလက်ထဲကို လုံးလုံးလျားလျား လွှဲအပ်ဖို့လိုနေပါတယ်။

၄။ စိန်ခေါ်မှုများ

ဒီအချက်ဟာ အဓိကစိန်ခေါ်မှုဖြစ်လာမှာဖြစ်သလို အဲဒီစိန်ခေါ်မှုတွေကိုလည်း မဖြစ်မနေ ကျော်လွှားနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်လာနိုင်မှာဖြစ်ပါတယ်။ တစ်လမ်းသွားပညာရေးစနစ်ကို အသွင်ပြောင်းဖို့ရာ မငြင်းဆန်မှရမှာဖြစ်သလို တိုင်းရင်းသားပညာရေးအဖွဲ့တွေကအစ သူတို့တရားသေကိုင်စွဲလာတဲ့ မူအချို့ကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။ လေ့လာကြည့်ရသလောက်တော့ အခြားတိုင်းရင်းသားပညာရေးစီမံခန့်ခွဲမှုတွေကလည်း NUG ရဲ့ ပညာရေးစီမံခန့်ခွဲမှုနဲ့ သိပ်မကွာခြားလှပဲ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်တွေ အမြောက်အမြားရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကို ပြောင်းတော့မယ်ဆိုရင် ပြောင်းလဲမဲ့သူတွေကိုယ်တိုင် ကိုယ့်အရည်အချင်းကို မြှင့်တင်ကြဖို့လိုပြီး ကိုယ်တိုင်လည်း အရည်အချင်းအားနည်းနေတာကို သိကြဖို့လိုပါတယ်။ အရည်အသွေးမြှင့်တင်ရေးကို ဘယ်လိုသွားမလဲဆိုတာ နောက်အပတ်မှဆက်ပါဦးမယ်။

တူမီးသိမ်းမောင် ရေးသားသည်။

>n{