ရာသီစက်ဝန်း 

 

ဒီအပတ်မှာတော့ မိဘဆွေမျိုးတွေအနေနဲ့ ပြောဆိုရှင်းပြရမှာ ရှက်တတ်ကြတဲ့၊ အမျိုးသမီးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းအကြောင်းလေးကို ပြောပြချင်ပါတယ်။

ရာသီလာတယ်၊ ဓမ္မတာလာတယ်၊ လုံချည်လာတယ် အစရှိသဖြင့် အမျိုးမျိုးခေါ်ဆိုကြတဲ့ ရာသီစက်ဝန်းဆိုတာ ဒီလ ရာသီစလာတဲ့ရက်ကနေ နောက်လ ရာသီမလာခင် အရှေ့ရက်ထိကို ရာသီစက်ဝန်းတစ်ခုလို့ သတ်မှတ်ပါတယ်။ များသောအားဖြင့် ရာသီစက်ဝန်းတစ်ခုဟာ ၂၈ ရက် ကြာပါတယ်။ ရာသီစက်ဝန်းဟာ အမျိူးသမီးတစ်ဦးနဲ့ တစ်ဦးမတူညီဘဲ ကွာခြားတတ်ပြီး ၂၁ ရက်ကနေ ၃၅ ရက်ထိ ကို ပုံမှန်ရာသီစက်ဝန်းလို့ သတ်မှတ်ပါတယ်။

အမျိုးသမီးလေးတွေမှာ အပျိုဖော်စဝင်တော့မယ်ဆိုရင် ရင်သားတွေ မသိမသာ စတင်ဖွံ့ဖြိုးလာပြီး၊ နောက်တစ်နှစ်ပတ်ဝန်းကျင်မှာ ချိုင်းမွှေးနဲ့ ဆီးခုံမွှေးတွေ အနည်းငယ်ရှိလာပါတယ်။ နောက်ထပ် တစ်နှစ်ခွဲလောက်အတွင်းမှာ ရာသီသွေးစဆင်းလာပြီး အပျိုဖြစ်ပြီလို့ သတ်မှတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးလေးတွေဟာ အသက် ၁၂ နှစ်ခန့်ကစပြီး ရာသီစက်ဝန်းစပါတယ်။ ၈ နှစ်အရွယ်ခန့်ကနေစပြီး အပျိုဖော်ဝင်သူတွေလည်း ရှိပါတယ်။

ရာသီစက်ဝန်းအကြောင်း နားလည်ဖို့ အမျိုးသမီးမျိုးဆက်ပွါးအင်္ဂါတွေအကြောင်းကိုလည်း ပြောပြချင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဝမ်းဗိုက်အတွင်းမှာ သားဥအိမ် ၂ ခု၊ သားဥပြွန် ၂ ခု၊ သားအိမ်၊ သားအိမ်ခေါင်း နဲ့ မိန်းမကိုယ် လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါများရှိပါတယ်။ မွေးဖွားလာစဉ်ကတည်းက သားဥအိမ်ထဲမှာ “မ”မျိုးဥလေးတွေအားလုံးကို သိုလှောင်ထားပြီး၊ အပျိုဖော်ဝင်ချိန်မှာဟော်မုန်းတွေရဲ့ သဘာဝအတိုင်း လှုံ့ဆော်မှုကြောင့် မျိုးဥလေးတွေ ရင့်မှည့်လာကာ ရာသီစက်ဝန်းတစ်ခုမှာ ပုံမှန်အားဖြင့် သားဥအိမ်တစ်ဖက်ဖက်ကနေ တစ်လုံးထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို သားဥကြွေခြင်း လို့ ခေါ်ပါတယ်။

တစ်ပြိုင်တည်းမှာ သားအိမ်နံရံတွေ ထူလာပြီး သန္ဓေတည်ဖို့ ပြင်ဆင်ပါတယ်။ သားဥအိမ်ထဲကထွက်လာတဲ့ မျိုးဥလေးဟာ သားဥပြွန်ထဲကို ရောက်လာပြီး၊ သန္ဓေတည်ခြင်း မရှိရင် ခန္ဓာကိုယ်က ပြန်စုပ်ယူထားလိုက်ပါတယ်။ ဒီနောက်မှာ သန္ဓေတည်ဖို့ပြင်ဆင်ထားတဲ့ သားအိမ်နံရံတွေနဲ့အတူ ကြွေဆင်းသွားပြီး ရာသီသွေးကို ဖြစ်စေကာ ရာသီလာခြင်း စပါတယ်။

ရာသီစလာတဲ့ရက်ကို ရာသီစက်ဝန်းရဲ့ ပထမရက် လို့ သတ်မှတ်ပါတယ်။ ရာသီသွေးဆင်းရက်ဟာ ၂ ရက်ကနေ ၇ ရက်အထိ ရှိတတ်ပြီး စုစုပေါင်း ၃၀ကနေ၅၀ မီလီလီတာ (လက်ဖက်ရည်ဇွန်း ၂ – ၃ ဇွန်းစာ) ခန့် ရှိတတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ သွေးဆင်းပိုများတတ်ပါတယ်။

၂၈ ရက် စက်ဝန်းရှိတဲ့ အမျိုးသမီးမှာဆိုရင် ရာသီစလာတဲ့ရက်ကနေ ၁၄ ရက်မြောက်နေ့မှာ သားဥကြွေပြီး၊ သားဥကြွေပြီး ၁၄ ရက်နေရင် ရာသီသွေးစဆင်းပါတယ်။ ရက် ၃၀ စက်ဝန်းရှိတဲ့ အမျိုးသမီးဆိုရင်တော့ ရာသီစလာတဲ့ရက်ကနေ ၁၆ ရက်မြောက်နေ့မှာ သားဥကြွေပြီး၊ နောက် ၁၄ ရက်နေရင် ရာသီသွေးစဆင်းပါတယ်။ စက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာဆိုရင်၊ ဥပမာ ၂၄ ရက် စက်ဝန်းဆိုရင် ရာသီစလာတဲ့ရက်ကနေ ၁၀ ရက်မြောက်မှာ သားဥကြွေပြီး၊ နောက် ၁၄ ရက်နေရင် ရာသီသွေး စဆင်းပါတယ်။

ရာသီစက်ဝန်းတွေဟာ အပျိုဖော်စဝင်တဲ့ ပထမ ၃ နှစ်လောက်မှာ စက်ဝန်းမမှန်တာ၊ ပိုကြာတာ၊ နောက်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီနောက်မှာ မှန်သွားတတ်ပြီး၊ သွေးဆုံးခါနီးနှစ်တွေမှာ တစ်ခါပြန် မမှန်တာ၊ နောက်ကျတာတွေ ဖြစ်တတ်ပါတယ်။ ပျမ်းမျှအားဖြင့် အသက် ၅၁ နှစ်မှာ သွေးဆုံးကြပြီး၊ ရာသီသွေးမပေါ်တာ ၁ နှစ်ကြာပြီဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်နိုင်ပါတယ်။

ရာသီစက်ဝန်း အလွန်တိုခြင်း (တစ်နည်းပြောရရင် တစ်လတည်း ၂ ကြိမ်ရာသီသွေးပေါ်ခြင်း)၊ ရာသီစက်ဝန်း အလွန်ရှည်ခြင်း (၃၅ ရက်ထက်ကျော်ခြင်း)၊ တစ်လနှင့်တစ်လ ရာသီသွေးပေါ်ချိန် မမှန်ခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ကြားပေါက်သွေးဆင်းခြင်း၊ ရာသီသွေးပေါ်ချိန် အလွန်အမင်း ကိုက်ခဲနာကျင်ခြင်း၊ သွေးဆင်းအလွန်များခြင်း၊ အသက်ငယ်ငယ်နှင့် ရာသီစပေါ်ခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ပေါ်ခြင်း၊ ကိုယ်ဝန်မရှိဘဲ ရာသီမပေါ်တာ ရက် ၉၀ ကျော်ခြင်း၊ ကိုယ်ဝန်ရှိနေပြီး သွေးဆင်းလာခြင်း တို့ ဖြစ်ပေါ်ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်ရှင်။

CDM အထွေထွေဆရာဝန် ဒေါက်တာစန္ဒီရေးသားသည်။

>n{