တိုင်းရင်းသား လူမျိုးပေါင်းစုံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့ကြသည်ကို ပထမဦးစွာအသိအမှတ်ပြုဖို့လိုသည်။
သမိုင်းအဆက်အဆက် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြရာမှ ဗြတိသျှ ကိုလိုနီ၏ သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာ အတူတကွ ကျွန်ပြုခံခဲ့ရသည်။ ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများအတွက် အတူတကွ ပြန်လည်ရယူပြီးနောက် ပြည်ထောင်စုကြီး ထူထောင်ရန် ရည်ရွယ်ကာ ၁၉၄၇ ခုနှစ်၌ ပင်လုံညီလာခံကြီးအား ကျင်းပခဲ့သည်။
ပင်လုံညီလာခံကျင်းပခြင်းသည် ယခုဆိုလျှင် ၇၈ နှစ်ရှိပြီဖြစ်သည်။ ပင်လုံ စာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူပေါ်တွင် အခြေခံသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအခွင့်အရေးများကို ဦးတည်ရည်မှန်း၍ ပင်လုံစာချုပ်တွင် စုပေါင်းလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထို့နောက် ဗြိတိသျှတို့ဆီမှ လွတ်လပ်ရေး ရရှိခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များသည် ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။ လူများစုဖြစ်တဲ့ ဗမာ ဖဆပလ ခေါင်းဆောင်များက ပျက်ကွက်ခဲ့သည်။ ၁၉၆၂မှ စခဲ့သည့် စစ်အာဏာသိမ်းမှုနှင့် အတူပေါ်လာသည့် စစ်အာဏာရှင်စနစ်ကြောင့် ဒီမိုကရေစီနှင့် လူအခွင့်အရေးတို့ ဆိတ်သုဉ်းခဲ့ရသည်။
အထူးသဖြင့် ၁၉၄၇ ပင်လုံ၌ ကတိပြုခဲ့သည့် တန်းတူရေးအခြေခံမှုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာသည့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးမှုများနှင့်အတူ ခုခံစစ်ဆင်နွှဲရင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်။
ပြည်တွင်းစစ်နဲ့အတူ မဟာလူမျိုးကြီးဝါဒကိုအခြေခံသည့် စစ်တပ်ကြီးစိုးရေး အတွေးအခေါ်များ အားကောင်းလာခဲ့သည်။ ပင်လုံကတိကဝတ်များအပေါ် အခြေခံထားသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် စစ်အာဏာရှင်တစုကြောင့် တိုင်းရင်းသားများအားလုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို ဆုံးရှုံးခဲ့ရသည်။ ဖိနှိပ်ခံ ခဲ့ကြရသည်။
ယခုကာလသည် တိုင်းရင်းသားလူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အသိအမှတ်ပြု အာမခံရေး၊ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးမှု ကင်းစင်ရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ထပ်မံမပေါ်လာစေရေးအတွက် အရပ်သား အုပ်ချုပ်မှုအောက်တွင် စစ်တပ်ထားရှိရေး ဆိုသည့် စံနှုန်းမူများကိုကိုင်စွဲ၍ ပင်လုံကတိကဝတ်များကို ပြန်လည်အသက်သွင်းကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညှိနှိုင်းကြိုးပမ်းရမည့်အချိန်ဖြစ်ကြောင်း The Nation Voice က မြန်မာ့နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များကို သတိပေးနှိုးဆော်လိုခြင်း ဖြစ်ပါသည်။


