ဇူလိုင် ၂၇
အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းရန်အန္တရာယ်ကို ဂရုပြုနေထိုင်ကြဖို့ ဇူလိုင်လ ၂၇ရက်နေ့မှာ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြို့နယ်အတွင်းမှာရှိတဲ့ စစ်ရေးမဟုတ်တဲ့ ရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်တာ၊ ဟောင်ဝှစ်ဇာတွေ၊ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လိုသိရပါတယ်။
အခုလိုလုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အမြဲသတိဝီရိယနဲ့နေထိုင်ကြဖို့၊ ဗုံးခိုကျင်းတွေကို အိမ်ရဲ့ လူဦးရေပေါ်မူတည်ပြီး အကျယ်အဝန်းကိုတွက်ဆကာ စနစ်တကျ ခိုင်ခိုင်ခံ့ခံ့ တူးထားကြဖို့၊ တတ်နိုင်သမျှ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်ရာတွေမှာ သွားလာနေထိုင်တာမျိုး လုံးဝမလုပ်ကြဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုအပ်လို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို အမြဲလိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ လေယာဉ်လာတဲ့အခါ ထွက်ကြည့်ပြီး စူးစမ်းတာမျိုးလုံးဝမလုပ်ဖို့နဲ့ လေယာဉ်လာတဲ့အခါ ဦးတည်ရာမဲ့ ပြေးတာမျိုးတွေမလုပ်ပဲ စနစ်တကျ ဗုံးခိုကျင်းထဲကိုဝင်ဖို့၊ အပြင်ကိုရောက်နေရင် အတတ်နိုင်ဆုံး လုံခြုံဘေးကင်းတဲ့နေရာမှာ နေဖို့ကိုလည်း သတိပေးထားပါတယ်။
ဒါ့အပြင် မသေချာ၊ မခိုင်လုံတဲ့ ကောလဟာလ စစ်ရေးသတင်းတွေကို ပတ်ဝန်းကျင်မှာ ဖြန့်ဝေတာ၊ ဆိုက်ဝါးထည့်တာမျိုးတွေလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တစ်ခုခုဆိုရင် သတင်းအချက်အလက်ခိုင်မာတဲ့ သတင်းရင်းမြစ်တွေဆီက စုံစမ်းမေးမြန်းပြီးမှ အတည်ပြုကြဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၈ရက် ညပိုင်းမှာ နွားထိုးကြီးမြို့နယ်၊ အောင်သာရွာအနောက်ဘက်က သိမ်တော်ကုန်းဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရပြီး စေတီနဲ့ တံတိုင်းတို့လည်းပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၃ရက် ညနေ ၄နာရီခန့်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ဟေဇယ် ရေးသားသည်။


