စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ အန္တိမဆန္ဒဖြစ်သည်။ ယခုရက်ပိုင်း “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ”ကို စတင်ရေးဆွဲနေသည့် သတင်းများထွက်ပေါ်လာသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုဆိုရမည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအင်အားစုများအနေဖြင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ဟု ကြားသိရသည်။
စဉ်းစားချက်အသစ် ရည်မှန်းချက်အသစ်မှာ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး အခြေခံမူဖြင့် နိုင်ငံသစ်တည်ဆောက်မည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုသည့် ကြံရည်ရွယ်ချက်ဖြစ်သည်။
ဦးနေဝင်းက အစပြု၍ ဗိုလ်မင်းအောင်လှိုင်အထိ စစ်ခေါင်းဆောင်အဆက်ဆက် အခြေခံကိုင်ခဲ့သည့်မူမှာ မဟာမြန်မာလူမျိုးကြီးဝါဒကိုအခြေခံသည့် ဗဟိုပြုဝါဒဖြစ်သည်။
တနည်းအားဖြင့် လူများစုမြန်မာများကို ဗဟိုပြု စဉ်းစားထားဟန်ပြပြီး စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး ကြွေးကြော်ကာ စစ်အာဏာသိမ်းနိုင်ငံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်တည်ဆောက်ခဲ့သည် ဗဟိုချုပ်ကိုင်ပြည်ထောင်စုမူ အလုပ်မဖြစ်ကြောင်း ၁၉၆၂ ခုနှစ်က စတွက်လျှင် နှစ်ပေါင်း ၆ဝ ကျော်သက်သေပြပြီးဖြစ်သည်။
ပစ္စက္ခ ရဟန်းရှင်လူ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အန္တိမဆန္ဒ ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး ရှုဒေါင့်မှကြည့်လျှင်လည်း ပြည်နယ် ဗဟိုပြုပြည်ထောင်စုစနစ်သည် ဒီမိုကရေစီကျင့်စဉ်၏ စံနှုန်းတရပ်ဖြစ်သည့် Button up သဘောတရားနှင့်ကိုက်ညီလျှက်ရှိပြီး ပြည်နယ်များကို ဦးစားပေးစဉ်စားသည့်အတွက် အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးလမ်းစလည်းဖြစ်သည်။ စစ်အစိုးရ အဆက်အဆက်လုပ်ဆောင်ခဲ့သည့် NCA အပါအဝင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များသည် စစ်တပ်ဗဟိုပြုထားပြီး စစ်တပ်သဒ္ဒါသလောက်သာ စေတနာရှိသလောက် ခွဲပေးသည့်အာဏာကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ရရှိခံစားရေးဆိုသည့်အတွက် အလုပ်မဖြစ်သည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ဗဟိုချုပ်ကိုင်မှု ဦးစားပေးသည့် ၁၉၇၄ မဆလဖွဲ့စည်းပုံ၊ ၂ဝဝ၈ နာဂစ်ဖွဲ့စည်းပုံတို့ သမိုင်းအမှိုက်ခြင်းထဲရောက်သွားသည်ကိုကြည့်လျှင် ပြည်နယ်များဗဟိုပြုသည့်စဉ်းစားချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသာမက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်အဖြစ် The Nation Voice က ရှုမြင်မိပါသည်။


