ဒီတစ်ပတ်တော့ အညာစာပေစကားဝိုင်းလေးကို တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းရဲ့ ရဲဘော်တွေရှိရာ ခြေဆန့်ခဲ့ပါတယ်။
သပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင်တွေဖြစ် တဲ့ ကိုစိုး၊ သက်သက်၊ မခိုင်နဲ့မဖြူတို့က စကားဝိုင်းလေးမှာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ဒေါင်းတို့အားမာန်ရဲ့ စာကြည့်တိုက်လေးမှာ စာအုပ်တွေ အမြဲငှားဖတ်လေ့ရှိတဲ့ မီးမီးတို့က အထူးဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီတစ်ပတ်မှာ စာရေးဆရာ ဇွဲယွန်း နောင် ရေးသားတဲ့ “ကျောက်သားထက်၌ပွင့် သော ကတ္တီပါပန်း” ဆိုတဲ့ ဝတ္ထုလေးကို ဆွေးနွေးထားကြပါတယ်။
“ခင်တွယ်စရာ ဆွေမျိုးမရှိ၊ နေအင်အား မရှိ၊ ကျောပွဲလူတန်းစား သားအဖသုံးယောက် အကြောင်းပေါ့၊ ဘိုးဘွားအမွေမရှိတဲ့ သူတို့သားအဖတွေဟာ ကျေးရွာလေးရဲ့ ဘုရားအိုတစ်ဆူရဲ့ ဘေးမှာ တဲထိုးပြီးနေကြရတယ်။ အဖေကြီးက ယစ်ထုတ်။ သောက်စားမူးရူးပြီး လမ်းမှာလဲနေတတ်သူ။ ၁၂ နှစ်အရွယ် သမီးလေးက မောင်ဖြစ်သူကို ခါးထစ်ခွချီရင်း မူးနေတဲ့ အဖေကြီးကို တွဲခေါ်ရတယ်။ ဒီကလေးမကပဲ အမကြီးလို့ အမိအရာဆိုသလို စားဝတ်နေရေးအတွက် ငါးလေးတွေ ပုဇွန်လေးတွေ ဖမ်းပြီး လှည့်ရောင်းချလို့ ဒီဖအေ ယစ်ထုတ်ကြီးနဲ့ မောင်လေးကို ရှာဖွေကျွေးမွေးရတာပေါ့။ တစ်နေ့ အရက်သမားအဖေကြီးဆုံးပါးတော့ ကလေးမလေးက ငါးတွေ ပုဇွန်တွေ ဖမ်းရောင်းပြီး ရလာတဲ့ ငွေတွေနဲ့ သူ့မောင်လေးကိုကျောင်းထားဖို့အတွက်စုရှာတယ်။ မောင်လေးကလည်း အစ်မနဲ့အတူ ငါးဖမ်းတဲ့ဆီလိုက်ပြီး အမကို ကူရှာတယ်။ အဲဒီမှာ အစ်မက သူ့မောင်လေးကို ပြောတဲ့စကားကို ရင်ထဲတော်တော် ထိရှခံစားရတယ်။ မောင်လေး နင်ကျောင်းတက်ရမယ်။ ကကြီး ခကွေးတွေ သင်ရမယ်။ မောင်လေးကမေးတယ်။ မမ ကကြီး ခကွေးကဘာလဲပေါ့။ အစ်မမှာ ပြန်ဖြေစရာ စကားမရှိ။ သူမှ အတန်းမနေခဲ့ရတာကိုး။ အစ်မကြီး ပြန်ဖြေတဲ့စကားက ကျောင်းတက်တော့ သိရမှာပေါ့ဟယ်တဲ့။ ဒီစကားက တော်တော်ဆို့နှင့်စေတယ်” လို့ပြောရင်း ကိုစိုးမြင့်က စကားဝိုင်းကို စတင်လိုက်ပါတယ်။
ကိုစိုးမြင့်ကပဲဆက်ပြီး “တစ်နေ့တော့ အစ်မကြီးက ကုန်းပေါ်ကို အတက်မှာ တစ်ခုခုက ထိုးရှုသွားတယ်။ တစ်နေ့ ငါးဖမ်းပြီး ရောင်းမှ တစ်နေ့စားရတဲ့ဘဝ၊ ရွာကလူတွေကလည်း မျက်ကွယ်ပြုထားကြတဲ့အပြင် သူတို့ဆီက ငါးဝယ်ရင် မတန်တဆ ဈေးဆစ်ပြီး ဝယ်တတ်ကြသေးတယ်။ ပတ်ဝန်းကျင်ကောင်းမရှိတဲ့ မောင်နှမနှစ်ယောက်အတွက် ဆေးကုဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဒီလိုနဲ့ပဲ အနာအရှိန်နဲ့ ဖျား၊ အစ်မကြီးက အိပ်ယာထဲ လဲ။ မောင်လေးကတော့ အစ်မရဲ့ တာဝန်ကို ပုခုံးပြောင်းလွှဲယူလို့ ငါးရှာရတာ ပေါ့။ တစ်နေ့မှာ ငါးရှာပြီးအပြန် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်ရှေ့မှာ လူအုံနေတာ တွေ့တော့ ခက်ရွံ့ရွံ့နဲ့ ဝင်သွားလိုက်တယ်။ အထဲကိုရောက်တော့ အခမဲ့ဆေးကုပေးတဲ့ ဆရာမရောက်နေတာကို တွေ့ရတယ်။ ဒီ ကလေးလေးက သူ့အစ်မရဲ့အနာကို ဒီဆရာမက ကုပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လူအုပ်ထဲကို ဝင်သွားလိုက်တယ်။ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူးရဲ့ သားက ကလေးကို မင်းနဲ့ ဘာဆိုင်လဲဆိုပြီး မောင်းလွှတ်တယ်။ ကလေးက ထပ်ပြီးကြိုးစားတိုးတယ်၊ ခုနကအတိုင်းပါပဲ အုပ်ချုပ်ရေးမှူးရဲ့သားက ရင့်ရင့်သီးသီး ပြောပြီး မောင်းလွှတ်တယ်။ အဲဒီအချိန်မှာ ကလေးလေးက အသံကုန်ဟစ်ပြီး ငိုချလိုက်တယ်” လို့ ကိုစိုးက ဝမ်းနည်းကြေကွဲစွာ တုန်ရီနေတဲ့ အသံနဲ့ ဝတ္ထုကို ပြောပြနေပါတယ်။
“အဲဒီအချိန်မှာ ဆရာမကသိသွားပြီး ကလေးကို အကျိုးအကြောင်းမေး၊ ဒီနောက် သူတို့ရဲ့ တဲလေးရှိရာကို လိုက်သွား၊ အဲဒီမှာ ကလေးမလေးက အဖျားတွေက တအားတက်နေပြီ။ အဲဒါနဲ့ ကလေးမလေးနဲ့ ကောင်လေးကို မြို့ကိုလိုက်ပြီး ဆေးကုရမယ်ပြောတော့ ကလေးကဆေးကုဖို့ ပိုက်ဆံပေးရမှာလား ဆရာမဆိုပြီး သူငါးရောင်းရတဲ့ ပိုက်ဆံလေးကို ကိုင်ပြီး ပြောတယ်။ အဲဒီအချိန် မှာစာနာစိတ်ရှိတဲ့ ဆရာမလေးက မလိုပါဘူးကွယ် သားနဲ့သမီးကို ဆရာမက အပြီးအပိုင် မွေးစားလိုက်ပါပြီ” ဆိုပြီး ဝတ္ထုလေးဟာ ပျော်စရာနဲ့ အဆုံးသတ်လိုက်တဲ့အကြောင်းပြောရင်း ကိုစိုးက သူရဲ့ ဆွေးနွေးမှုကို နားလိုက်ပါတယ်။
စကားဝိုင်းရဲ့ အရှေ့ဘက်ခြမ်းမှာ ထိုင်နေတဲ့ မခိုင်က “ဒီဇာတ်လမ်းထဲမှာဆိုရင်ပေါ့ လေ … ကလေးတွေက သူတို့မိဘဘယ်လိုပဲ ဆိုးပေတေနေပါစေပေါ့။ မစွန့်ရက်နိုင်ပဲ သူတို့နိုင်တဲ့ ခွန်အားနဲ့ ပြုစုလုပ်ကျွေးကြတယ်။ မစွန့်ပစ်ခဲ့ဘူး။ ကလေးတွေက သူတို့ရဲ့ဘဝပေးအခြေအနေအရ သူတို့ဘယ်လို ရုန်းကန်ကြရမယ်ဆိုတာ သူတို့သိတယ် နားလည်တယ်ဆိုတာ ပေါ်လွင်စေတယ်”လို့ ဆွေးနွေး လိုက်ပါတယ်။
စကားဝိုင်းရဲ့ တစ်ဖက်မှာထိုင်နေတဲ့ သက်သက်ကလည်း “ကလေးတွေကတော့ သူတို့ရဲ့ဘဝကျရာကနေ သရုပ်ဆောင်ကြရတဲ့ အခြေအနေပေါ့။ ဘာလို့လဲဆိုတော့ ခိုကိုးရာမဲ့နေတဲ့ဘဝ ကူကယ်ရာမဲ့နေပြီး သူတို့ကို ဘယ်သူမှမကူနိုင်ကြတော့ ပစ်တိုင်းထောင်လို သဘောမျိုးပေါ့။ ဘယ်နေရာပဲနေနေ ငါ တို့ရုန်းကန်မှရမယ်။ လဲကျရင်ပြန်ထရမယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်ဆိုတဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်ရတယ်”ဆိုပြီးဆွေးနွေးပါတယ်။
စကားဝိုင်းထဲမှာပါဝင်ဆွေးနွေးတဲ့ မဖြူကလည်း “ကလေးတွေဖြစ်ပေမယ်လို့ ကြုံ ရတဲ့ လောကဒဏ်ကိုရင်ဆိုင်တယ်၊ အသက်ရှင်သန်နိုင်ဖို့ စိတ်ဓာတ်မကျဘဲ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်တယ်။ နောက်တစ်ခုက ဒီဝတ္ထုလေးထဲမှာဆို လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့အကြောင်းကို သိရသလို မေတ္တာတရားကြီးမားပုံလေးတွေလည်း တွေ့ရတယ်။ လူတွေမှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် မရှိလို့ဆိုပြီး မနှိမ်ကြဖို့၊ တစ်ယောက်နဲ့ တစ်ယောက် လူသားချင်းစာနာစိတ် ထားကြရမယ့်အတွေးလေးတွေ ဝင်တယ်” ဆိုပြီး ဆွေးနွေးပါတယ်။
စကားဝိုင်းမှာ ဧည့်သည်အဖြစ်ပါဝင်လာတဲ့ မီးမီးကလည်း “အစ်မကငယ်သေးတယ်ဆိုပေမယ့် အိမ်မှုကိစ္စနိုင်နင်းတယ်။ သူ့ ဖခင်မူးရူးနေတာတောင်သူ့ဖခင်ကို အိမ်ထိရောက်အောင်ခေါ်ခဲ့တဲ့ ဖခင်အပေါ် ချစ်ခင်စိတ်ရှိတာကိုလည်း တွေ့ရတယ်။ နောက်ပြီးကျတော့ သူ့မောင်လေးကို ကျောင်းထားချင်တယ်ဆိုတဲ့ စိတ်လေးကလည်း အင်မတန်မှ ချစ်စရာကောင်းတယ်” ဆိုပြီး တိုတိုနဲ့ လိုရင်း ဆွေးနွေးပါတယ်။
စာရေးသူကိုယ်တိုင် ဆွေးနွေးခဲ့တာကတော့ “ဒီမိုကရေစီ မထွန်းကားသေးတဲ့ နိုင်ငံတစ်ခုရဲ့ အခြေအနေကို မီးမောင်းထိုးပြလိုက်သလို မြင်လိုက်ရပါတယ်။ ဘာလို့လဲဆို ဒီဝတ္ထုထဲမှာပါတဲ့ အကြောင်းအရာတွေက ဒီမိုကရေစီမထွန်းကားတဲ့ နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ အလေ့အထတွေပဲလေ။ ကလေးသူငယ်အခွင့်အရေးတွေ့ဆုံးရှုံးတယ်။ အခမဲ့ပညာရေးသင်ကြားခွင့်မရှိဘူး။ အခမဲ့ ဆေးကုသခွင့် မရှိဘူး။ နိုင်ငံတော်နဲ့ ပတ်ဝန်းကျင်ရဲ့ စောင့်ရှောက်မှုကို မခံစားကြရဘူး။ ကလေးတွေရဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်မနေဘူးပေါ့လေ။ ဒီအကြောင်းအရာတွေကို ထည့်ရေးမထားပေမယ့် ဆိုလိုရင်းကို တော့ ခံစားလိုက်ရတယ်”လို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဝတ္ထုကို ကိုယ်တိုင်ဖတ်ခဲ့တဲ့ ကိုစိုးကလည်း ဒီဇာတ်လမ်းလေးကို ဖတ်ပြီး ကျွန်တော်တော်တော်လေး ခံစားရတယ်။ အစ်မက မောင်လေးကို ကျောင်းထားပေးမယ်လို့ ပြောတဲ့အခန်းမှာဆို စာမတတ်တဲ့ အစ်မရဲ့ စကားက တော်တော်လေးခံစားရတယ်။ အစ်မကို ဆေးကုဖို့အတွက် အုပ်ချုပ်ရေးမှူးအိမ်မှာ ငိုပြီးတော့ ပြောခဲ့တဲ့ အစ်မအပေါ်ထားတဲ့ သံယောဇဉ်ကလည်း ကြက်သီးထစရာကောင်းပါတယ်။ ဇာတ်လမ်းလေးကို အနှစ်ချုပ်ရရင် လူသားချင်းစာနာတတ်တဲ့စိတ်တွေ ဒီမိုကရေစီနဲ့ထိုက်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်ဖို့ ဝိုင်းဝန်းကြိုးစားကြရမယ်” ဆို ပြီး စကားဝိုင်းလေးကို အဆုံးသတ်လိုက်ပါ တယ်။
ဖိုးစနေ ရေးသားသည်။


