မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်ကစလို့ တိုက်ပွဲကြီးငယ်တွေ ဆက်တိုက်ဖြစ်ပွားလာတာဟာ ဖေဖော်ဝါရီ ၆ ရက်နေ့အထိပါပဲ။ ဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က ၃၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဓိကထားပြောချင်တာကတော့ ပုသိမ် -မုံရွာလမ်းပိုင်းကို စိုးမိုးထားတဲ့ မင်းဘူး ရင်း ၇၊ ပွင့်ဖြူ ပကဖ နဲ့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တို့ရဲ့ လေးရက်တာ ခုခံစစ် အကြောင်းပါ။
ဒါက ပထမဆုံးအကြိမ် ခုခံစစ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဩဂုတ်လမှာလည်း တစ်ကြိမ်ကြုံခဲ့ပါတယ်။
ဗျူဟာမြောက်ဒေသ မြစ်အနောက်ဘက်ခြမ်းကနေ ရခိုင်ပြည်နယ်အစပ်ထိဆိုရင် ပုသိမ်-မုံရွာလမ်း၊ စလင်း-ဆိပ်ဖြူလမ်း နဲ့ အမ်း-ပဒါန်းလမ်းမကြီးတွေဟာ စစ်ရေးအရသာမက ဆက်သွယ်ရေးအရပါ အရေးပါတဲ့နေရာတွေပါ။ ဒီထဲကမှ ပုသိမ်-မုံရွာလမ်းနဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို စိုးမိုးနိုင်ဖို့၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူတွေ တက်မလာဖို့၊ ထောက်ပံရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုးစားနေပါတယ်။ လမ်းပိုင်းတချို့ကိုလည်း ထိန်းချုပ်စိုးမိုးထားနိုင်နေပါတယ်။
မင်းဘူးခရိုင်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေက စေတုတ္တရာမြို့အနီးက ကြီးအုံ-ကြီးဝတမံ၊ လျှပ်စစ်၊ ဆိုလာထုတ်လုပ်ရေးစက်ရုံနေရာတွေအပါအဝင် အဲဒီဒေသက အထင်ကရနေရာတွေကို ၂၀၂၄ နွေရာသီကတည်းက စိုးမိုးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၂၄ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ စစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကိုလည်း ခုခံထားနိုင်ခဲ့ပါတယ်။
မြစ်အနောက်ဘက်ခြမ်းက ခုခံစစ်ဆင်နေတဲ့ တပ်တွေရဲ့အကြောင်းသိသလောက် ရှင်းပြရရင် နယ်မြေချင်းနီးစပ်ရာ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ပညာသင်ယူထားသူတွေဦးဆောင်နေသလို၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အခြေခံစစ်သင်တန်း၊ အရာရှိစစ်သင်တန်း၊ အကြပ်သင်တန်း ပြီးစီးသူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ လက်ရှိအချိန်ထိလက်နက်လူအင်အားသာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို ခုခံနေနိုင်တာပါ။
ဒီလိုခုခံနိုင်နေခြင်းမှာ သေဆုံး၊ ဖမ်းမိဆိုတဲ့ ရလဒ်ပိုင်းအရ ကောင်းပေမဲ့ ဗျူဟာ မြောက်နိုင်ပွဲကောင်းတွေ ရလာဖို့လည်း လိုအပ်နေပါတယ်။ “လုံလောက်တဲ့ ထောက်ပံ့မှုတွေကိုသာ ရမယ်ဆိုရင် စစ်ကြောင်းတစ်ကြောင်းလုံးကို ဖွဲ့စည်းပုံပျက်သွားတဲ့အထိချေမှုန်းတိုက်ခိုက်နိုင်ခဲ့မှာ ဖြစ်တယ်”လို့ တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ဆိုပါတယ်။
တိုက်ခိုက်ရေးအတွေ့အကြုံ မရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပွင့်ဖြူမြို့နယ်က ဝါစိုက်ပျိုးရေးတပ်၊ စလင်းမြို့နယ်က တပ်မ ၁ဝ၁ လက်အောက်ခံ ခလရ ၂၅၃၊ ၂၅၄၊၂၅၅ နဲ့ စေတုတ္တရာက က.ပ.စ ၂၀ အပြင် ပွင့်ဖြူမြို့နယ်က ပျူစောထီးတွေဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အဓိကလှုပ်ရှားနေကြတာပါ။
မကွေးလေတပ်ကနေ လေယာဉ်ပျံသန်းချိန် ငါးမိနစ်တောင်မကြာတဲ့ ဒေသတွေကို နယ်မြေစိုးမိုးမှုယူဖို့ဆိုတာ တကယ်တော့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကို အားပြုနေရတဲ့ အာဏာသိမ်းစစ်တပ်
ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ပဲ အာဏာသိမ်းစစ်တပ်က ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ လေကြောင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုတိုက်ခိုက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အင်ဂျင်တပ်စက်လေထီးတွေ သုံးပြီး ဗုံးကြဲချတာတွေကိုပါ နေ့စဉ်ဆိုသလို ပြုလုပ်နေတာပါ။ ဒီကြားထဲကမှ ကာကွယ်ရေးအဖွဲ့တွေက တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ရှေ့တိုးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ပွင့်ဖြူမြို့နယ်က တပ်တွေဟာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းစတက်စဉ်ကတည်းက အချိန်ကြာမြင့်စွာခုခံထားနိုင်ပေမဲ့ ထောက်ပို့ကျည်မလုံလောက်မှုတွေကြောင့် နောက်ပြန်ဆုတ်ဆုတ် ပေးရတာမျိုးတွေလည်း ရှိနေပါတယ်။ ဒါ့အပြင်တိုက်ပွဲဝင်ရဲဘော်တွေရဲ့ အဆောင်ယောင်တွေမှာလည်း ကျောပိုးအိတ်တောင် စုံလင်တာကို မတွေ့ရပါဘူး။
ကြီးအုံ၊ ကြီးဝ တမံဘက်ကို ဦးတည်တဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှာ တပ်မ ၁၀၁ ဘတ်တံဆိပ်၊ ၂၅၃ နဲ့ က.ပ.စ၂ဝ ဘတ်တံဆိပ်တွေကိုလည်းတွေ့ရပါတယ်။ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၃ရက်မှာ ပွင့်ဖြူမြို့နယ်၊ မဲဇလီ ရဲစခန်းကနေစတင် ထိုးစစ်ဆင်လာတာပါ။ အဲဒီစစ်ကြောင်းက ကာကွယ်ရေးအဖွဲ့တွေ ခြေကုပ်နေရာယူထားတဲ့ ကြီးအုံကြီးဝတမံ လမ်းခွဲ သုံးမိုင်ပေါက်ကို ကျားတက်တက် လာခဲ့ပါတယ်။
သုံးမိုင်လမ်းခွဲမှာ ကာကွယ်ရေးအဖွဲ့တွေက မိနစ် ၃၀ မျှ ကာကွယ်ပစ်ခတ်နိုင်ခဲ့ ပြီး အာဏာသိမ်းစစ်တပ်ဘက်က အထိခိုက်များစွာရှိခဲ့ပါတယ်။ တိုက်ပွဲတွေပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်မှသာ အထိအခိုက်များတယ်ဆိုတာကို သွေးကွက်များစွာက အတည်ပြုနေခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ ဝင်တွေကဆိုပါတယ်။
ဒီတိုက်ပွဲမှာ နာရီဝက်မျှခုခံပြီးတဲ့နောက် ကျည်မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က သုံးမိုင်လမ်းခွဲကနေ ရုန်းပင်ရွာလမ်းအတိုင်း ကြီးအုံကြီးဝတမံဆီကို တက်လာခဲ့ပြီး ကြီးအုံကြီးဝတမံ ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာရောက်ခဲ့ပါတယ်။ ၅ ရက်နေ့နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က ကာကွယ်ရေးအဖွဲ့တွေနေရာယူထားတဲ့ တမံကုန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲဟာ တစ်နာရီခွဲမျှ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေအထိနာလို့ လေကြောင်းနဲ့သာမက ၈၁ မမ လက်နက်ကြီး ပစ်ကူတောင်းတဲ့အသံတွေကိုပါ ကြားနေရတဲ့အထိကို အနီးကပ်တိုက်ပွဲက ပြင်းထန်ခဲ့တာပါ။
တစ်နာရီခွဲမျှတိုက်ပွဲ ဖြစ်ပွားပြီးချိန်မှာတော့ ကာကွယ်ရေးအဖွဲ့တွေက တမံကုန်းဘက်ကနေ ဆုတ်ခွာပေးခဲ့ပါတယ်။ အဲဒီလို ဆုတ်ခွာပေးလိုက်ချိန်မှာလည်း အာဏာသိမ်းစစ်တပ်ဘက်က ချက်ခြင်းစစ်ကြောင်းတက်နိုင်တာမျိုး မဟုတ်ဘဲ တိုက်ပွဲပြီးနောက်ရက်မှသာ တမံကုန်းပေါ်ကို ရောက်နိုင်ခဲ့ပါတယ်။ ဒေသခံတွေရဲ့အဆိုအရတော့ အဆိုပါနေရာတွေမှာ ပုပ်စော်တွေနံနေပြီး နယ်မြေ ရှင်းလင်းရေး မလုပ်ရသေးဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက် မနက်ပိုင်းမှာတော့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းက ၁၀၀ ဝန်းကျင်သာ ကျန်ရှိပြီး တမံကနေ မဲဇလီစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားပါတယ်။ ဆုတ်ခွာသွားတဲ့ စစ်သားတွေဟာ အလာတုန်းက တစ်ယောက်ကို လက်နက်ငယ်တစ်လက်သာပါခဲ့ပေမဲ့ အပြန်မှာတော့ တစ်ယောက်ကို လက်နက်ငယ် ၂ လက်စီပြန်သယ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
တကယ်တော့ ဒီလက်နက်ငယ်တွေ ဟာ ကာကွယ်ရေးအဖွဲ့တွေက ရရှိရမယ့် လက်နက်ငယ်တွေပါ။ ကျည်လုံလောက်လို့ နောက်ထပ်အချိန်နည်းနည်းသာ ပစ်ထားနိုင်ပြီး တန်ပြန်ထိုးစစ်ဆင်နိုင်မယ်ဆိုရင် အဲဒီစစ်ကြောင်းဟာ နောက်ကိုလန်ပြီးပြေးမယ်ဆိုတာ သေချာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက မချိတင်ကဲဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ နောက်ဆုံးကျည် တစ်ဘောက်စာပဲ ကျန်တော့တာကြောင့် မတတ်သာဘဲဆုတ်ခွာပေးခဲ့ရတာပါ။
ရခိုင်ပြည်နယ်မှာတော့ အာရက္ခတပ်တော်ကအောင်ပွဲတွေရနေပါတယ်။ အာရက္ခတပ်တော်ရဲ့ အဓိကအားသာချက်က ရှေ့တန်းကို မရောက်ရောက်အောင်ထောက်ပို့လုပ်နိုင်တာပါပဲ။ ရိက္ခာ၊ ကျည် လုံလောက်အောင် ထောက်ပို့လုပ်နိုင်တဲ့အတွက် ရှေ့တန်းရဲဘော်တွေဟာ အားမာန်အပြည့်နဲ့ ထိုးစစ်ဆင်နိုင်နေတာ၊ အောင်ပွဲတွေယူနေတာပဲဖြစ်ပါတယ်။
ကျည်ချေးငှားတိုက်နေရတဲ့ ဒေသခံတပ်ဖွဲ့တွေနယ်မြေစိုးမိုးမှုယူထားတဲ့ မင်းဘူးခရိုင်တပ်ရင်းတွေကတော့ သူတို့မှာရှိပြီးသား ကျည်တွေကိုသာ ချွေတာသုံးစွဲနေရတာဖြစ်ပြီး၊ ကျည်ကုန်လျှင် ချေးငှားပစ်ခတ်နေရဆဲ ဖြစ်ပါတယ်။ မင်းဘူးခရိုင်ထဲမှာ လှုပ်ရှားနေတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့တပ်ရင်း၊ တပ်ဖွဲ့တွေ ပကဖတွေများပါတယ်။ ဒီတပ်ရင်း၊ တပ်ဖွဲ့တွေဟာလည်း သက်ဆိုင်ရာခရိုင်၊ တိုင်းကွပ်ကဲမှုအဆင့်ဆင့်ယူပြီး (COC တည်ဆောက်ပြီး) တပ်တွေပါ။
ဒီအဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့ပြနဲ့ အနီးကပ်ဆုံးနေရာတွေထိ ကပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီကစတွက်ရင် တစ်နှစ်နီးပါးကြာမြင့်တော့မယ့်အချိန်မှာ ဒီတိုးထားတဲ့နေရာတွေကို ထိုးစစ်ဆင်လာရင် နောက်ဆုတ်ပေးရစမြဲပဲ ဖြစ်နေခဲ့ပါတယ်။ အခုလို နောက်ဆုတ်ပေးရတဲ့ အဓိကအချက်ကတော့ ကျည်၊ လက်နက်၊ ခဲယမ်း အချိန်မီမဖြည့်တင်းနိုင်လို့ပဲ ဖြစ်ပါတယ်။ NUG အနေနဲ့ ခဲ၊ ယမ်း ကျည် ဖြည့်တင်းပေးဖို့ အကန့်အသတ်ရှိနိုင်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်၊ ကျည်ရေသောက်မြစ်ဖြစ်တဲ့ ကပစစက်ရုံတွေရှိတဲ့ ဧရာဝတီမြစ်အနောက်ခြမ်းရဲ့ အရေးပါမှုကို စစ်ရေးအမြင်နဲ့ ဦးဆောင်မှုပေးဖို့ လိုအပ်လှပါတယ်။
NUGရဲ့စစ်အမြင်အားနည်းမှု ဦးဆောင်မှု မပေးနိုင်မှုတို့နဲ့ပတ်သက်လို့ မင်းဘူးခရိုင်က စစ်ရေးအကဲခတ်သူတစ်ဦးက “NUG အနေနဲ့ ဒီနယ်မြေတွေကို သူတို့ဘာလုပ်ချင်လဲဆိုတာ သူတို့ကိုယ်တိုင် သိဖို့လိုတယ်။ PDF တွေကတော့ ကိုယ့်နယ်မြေကိုယ် ပြန်အခြေချတာလို့ပြောနေပေမဲ့ အဓိကကွပ်ကဲနေတာက စစ်ဒေသကလေ။ အဲဒီတော့ သူတို့ဒီနယ်မြေတွေရဲ့ အရေးပါမှုကို သေချာသိတယ်။ စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ပဲ လိုတော့တာ” လို့ လက်ရှိအခြေနေနဲ့ပတ်သက် ပြီး မှတ်ချက်ပြုပါတယ်။
ကိုသိန်းတင် ရေးသားသည်။