အာဏာသိမ်းစစ်တပ်ရဲ့ ခြေလှမ်းများ

Date:

 

(ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ နေပြည်တော်အစိုးရဟာ သူတို့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စတင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ The Nation Voice ပရိသတ်တွေ အနေနဲ့ စစ်အာဏာရှင်ရဲ့ ခြေလှမ်းတွေကို သိရှိထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) မှသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ) ဆီသို့
****************************

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ခေါ်ယူပြီး အာဏာာသုံးရပ်ကို ရယူခဲ့ပါတယ်။ အာဏာရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခဲ့ကာ အာဏာကို လေးနှစ်နဲ့ခြောက်လတိုင်တိုင် ခြောက်လတစ်ကြိမ် သက်တမ်းတိုးခဲ့ပါတယ်။

အခု ၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) ကို သက်တမ်းမတိုးတော့ဘဲ အာဏာာသုံးရပ်ကို ကာလုံထံ ပြန်လည်ပေးအပ်ခဲ့ပြီး နစက ကို ကာလုံအစည်းအဝေးကနေ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၉ အရ အဲဒီလို ဖျက်သိမ်းပြီး ခြောက်လအတွင်းမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ) အနေနဲ့ ဒီခြောက်လအတွင်းမှာ ဆောင်ရွက်မယ့် ဦးတည်ချက် လေးရပ်ကို လည်း ဇူလိုင်လ ၃၁ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီ အကောင်အထည်ပေါ်လာရေး၊ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး ၊ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်ရေးနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေ အောင်မြင်ရေး စတာတွေနဲ့ ပတ်သက်တဲ့ လေးချက်ကို ထုတ်ပြန်ထားပါတယ်။

အထွေထွေရွေးကောက်ပွဲကျင်းပပြီး နောက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ) က တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ပါတယ်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှသည် ကော်မရှင်ဥက္ကဌ၊ ယာယီသမ္မတ ဆီသို့ ********************************************

ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးအရ စစ်ကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ကြားကာလ အုပ်ချုပ်ရေးအတွက် အဲဒီကော်မရှင်ကို ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) မှာ ဥက္ကဌ တာဝန်ယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ကော်မရှင်ဥက္ကဋ္ဌရာထူးနဲ့ ယာယီသမ္မတ အဖြစ် ဆက်လက် ဆောင်ရွက်သွားမှာပါ။

အခုအသစ် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် မှာ အရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)မှာ တဝန်ယူခဲ့သူ အချို့ ပြန်လည်ပါဝင်ခဲ့ပါတယ်။ တစ်ချို့ကို စစ်တပ် ရာထူးကနေ အနားပေးပြီး ကောက်မရှင် ထဲမှာ ပြန်လည် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အရင် နစက မှာ ပါခဲ့ပြီး ကော်မရှင်အသစ်မှာ မပါတဲ့ သူတွေကို အမျိုးသားကာကွယ်‌ ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းပြီး အဲဒီမှာ အဖွဲ့ဝင်အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

ကာလုံရုံးအဖွဲ့ အမှုဆောင်ချုပ်အဖြစ် ဦးအောင်လင်းဒွေးကို လည်း ခန့်အပ်ခဲ့ပါတယ်။ အဲဒီကာလုံရုံးအဖွဲ့ ဟာ အခုမှ အသစ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ ကိုဖွဲ့စည်းရာမှာ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရာထူးကနေ အငြိမ်းစား ယူထားတဲ့ ဦးညိုစော က တာဝန်ယူမှာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးဌာန အတွက် ဝန်ကြီး ၃၁ ဦးကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီလို ခန့်အပ်တဲ့မူလ အမိန့်ထုတ်ပြန်ချက်မှာ ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့လို့ ထပ်မံ ဖြည့်စွက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေအတွက် ဒုဝန်ကြီး ၃၅ ဦး ခန့်အပ်ခဲ့ပါတယ်။

မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး အခြေအနေ ကြေညာ ******************************************************

လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့နယ်မြေစိုးမိုးမှု မရှိတဲ့ နယ်မြေတွေထဲက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ၆၃ မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာတဲ့ စာရင်းထဲမှာ ရှမ်းပြည်နယ်က ၁၅ မြို့နယ်၊ ရခိုင်က ၁၄ မြို့နယ် နဲ့ အများဆုံးပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ အင်းတော် ၊ထီးချိုင့်၊ ကောလင်း၊ ပင်လယ်ဘူး ၊ခင်ဦး ၊ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ စတဲ့ ကိုး မြို့နယ်ပါဝင်ပြီး မကွေးတိုင်းထဲမှာ ဆော ၊ပေါက် ၊မြိုင်၊ ရေစကြိုနဲ့ ထီးလင်း စတဲ့ ၅မြို့နယ် ပါဝင်ပါတယ်။ မန္တလေးတိုင်းထဲမှာဆိုရင် မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန် မြို့နယ်တွေ ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှာ လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်တွေ ပါဝင်ပြီး တရားစီရင်ရေးမှာ လည်း ပြဌာန်းထားတဲ့ ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ပေးနိုင်တဲ့အပြင် နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ် ချမှတ်တာနဲ့ သေဒဏ်အထိချမှတ်နိုင်တယ်လို့ စစ်အုပ်ချုပ်ရေးအမိန့်ထဲမှာ ဖော်ပြထားပါတယ်။ စစ်ခုံရုံးအမိန့်နဲ့ ပတ်သက်လို့ ပြင်ဆင်မှုလျှောက်ချင်ရင်တော့ ၁၅ ရက်အတွင်းမှာ လျှောက်ထားလို့ရတယ်လို့ ပါရှိပါတယ်။
(အထက်မှာဖော်ပြခဲ့တာက အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတကာနဲ့ အများပြည်သူထံကိုထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က အချက်အလက်များကို ပြန်လည်ဖော်ပြထားခြင်းသာဖြစ်ပါတယ်။ အဆိုပါဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကိုတော့ ဒေသခံတွေက လက်တွေ့သိရှိပြီးဖြစ်ပါတယ်)

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပမယ် ***********************************************

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်(နလအ)က ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်း မှာ ကျင်းပမယ်လို့ထုတ်ပြန်ထားပေမယ့် ရက်အတိအကျကတော့ အခုအချိန်ထိ မပြောသေးပါဘူး။ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး တပြိုင်နက် တစ်ရက်ထဲ ကျင်းပမှာ မဟုတ်ဘဲ ရွေးကောက်ပွဲကို သီးခြားစီ ကျင်းပမှာပါ။ တစ်နေရာနဲ့ တစ်နေရာ ပြုလုပ်တဲ့အချိန် အနည်းဆုံး တစ်ပတ်စီခြားမယ် လို့ နလအ ဥက္ကဌမင်းအောင်လှိုင် ကပြောပါတယ်။ မဲပေးတဲ့အခါမှာလည်း မဲပေးစက်တွေ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နဲ့ ကိုယ်ပေးချင်တဲ့သူ ဘေးက ခလုပ်ကို နှိပ်လိုက်တာနဲ့ မဲပုံးထဲကို ကိုယ်ပေးလိုက်တဲ့ မဲစာရွက် ကျသွားတာမျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တနိုင်ငံလုံး မဲဆန္ဒရှင် တစ်သိန်းကျော်ကို သရုပ်ပြ စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေ အတွက်လည်း ကြိုတင်မဲဆန္ဒနဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ စနစ်နှစ်မျိုးနဲ့ ကျင်းပသွားမယ့် ဒီရွေးကောက်ပွဲကို တိုင်းရင်းသားများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် နိုင်သူအကုန်ယူ FPTP စနစ်၊ အမျိုးသားလွှတ်တော် နဲ့တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System) နဲ့ကျင်းပသွားဖို့ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အားလုံးမှာ First-Past-the-Post (FPTP) နိုင်သူအကုန်ယူ ဆိုတဲ့ စနစ် ကျင်းသုံးခဲ့တာပါ။ နိုင်သူ အကုန်ယူ စနစ်ဆိုတာ မဲဆန္ဒနယ်မှာ ဆန္ဒမဲ အများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိတာ ဖြစ်ပါတယ်။ Mixed Member Proportion System ( MMP) ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် ဆိုတာ မဲပေးထားတဲ့ ဆန္ဒမဲ အရေအတွက်ကို မတူညီတဲ့ စနစ် နှစ်ခုနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပါတီတစ်ခုက တစ်နိုင်ငံလုံး ဒါမှမဟုတ် မဲဆန္ဒနယ် တစ်ခု မှာ ဆန္ဒမဲ‌အရေအတွက် ရာခိုင်နှုန်း တစ်ခု ရရှိထားသော်လည်း ကိုယ်စားလှယ်နေရာ အတွက် အနိုင်မရရှိတဲ့အခါမှာ ရရှိထားတဲ့ မဲအရေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ပါဝင်ခွင့်ရရှိတာမျိုး ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မဖျက်သိမ်းမီ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ပြဌာန်း ***************************************************

သေဒဏ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ကို ဇူလိုင်လ ၂၉ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကထုတ်ပြန် ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ဆိုပြီး တော့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေထဲက ပြစ်မှုတစ်ခုခု ကျူးလွန်ပြီး လူသေဆုံးစေခဲ့မယ်ဆိုရင် သေဒဏ်ချမှတ် နိုင်တယ်လို့ ပါရှိပါတယ်။

အဲဒီဥပဒေထဲမှာ မဲဆန္ဒရှင် တစ်ဦးဦးကို မဲမပေးနိုင်အောင် ခြိမ်းခြောက်တာ၊ ဟန့်တားတာ ၊ မလျော်ဩဇာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်ကနေ ထောင်ဒဏ် တစ်သက် ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။ အဲဒီဥပဒေ မှာ တားမြစ်ချက် ခုနှစ်ခု ပါဝင်ပါတယ်။ ဒီဥပဒေ ဟာ လူ့အခွင့်အရေးစံနှုန်းတွေ ချိုးဖောက်ပြီး ပြဌာန်းထားတဲ့ ဥပဒေ လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် ယခင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဥပဒေ တွေကိုလည်း အာဏာသိမ်းစစ်တပ်က ဖြည့်စွက်ပြင်ဆင်ခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေတွေကို ဇူလိုင် ၂၉ ရက်နေ့က ပြင်ဆင်ခဲ့ပါတယ်။ အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းက အခြေခံပညာအထက်တန်းအဆင့် အောင်မြင်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေအပြင် ကြိုတင်မဲ ပေးတာနဲ့ ပတ်သက်လို့ နေရပ်စွန့်ခွာနေရတဲ့ မဲဆန္ဒရှင်တွေက ကိုယ့်ရဲ့ မဲစာရင်းပါနေတဲ့ မဲဆန္ဒနယ်အတွက် ကြိုတင်မဲ ပေးနိုင်တဲ့ အချက်တွေကို ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇူလိုင်လ ၂၈ ရက်နေ့က ပြင်ဆင်ခဲ့ပါသေးတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ကျူးလွန်တယ်လို့ ကော်မရှင်က တွေ့ရှိရင် ပါတီအဖြစ်ကနေ ဆက်လက်ရပ်တည်ခွင့်မရှိ ဆိုတဲ့အချက်ကိုပြင်ဆင်ခဲ့ပါတယ်။

ဆိုက်ဘာ လုံခြုံရေး ဥပဒေ ဇူလိုင်လ ၃၀ ရက်ကစပြီး အသက်ဝင် ***********************************************

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇူလိုင်လ ၃၀ ရက်နေ့က စပြီး ကျင့်သုံးပြီလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်။ စကစ မဖျက်သိမ်းမီ တစ်ရက်အလိုမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းအချက်အလက် စီးဆင်းတာများတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်လို လူသုံးများတဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတွေကို ပြည်တွင်းမှာ ထိန်းချုပ်ခွင့်နဲ့ ပိတ်သိမ်းခွင့်တွေ အပြင် ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တစ်တော့ခ်တို့လို ဒီဂျစ်တယ် ပလက်ဖောင်းတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ထံမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

အဲဒီဥပဒေထဲမှာ VPN အသုံးပြုမှု ကန့်သတ်ထားတာတွေလည်း ပါဝင်ပါတယ်။ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ ကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။

ကံ့ကော် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...