Home Blog Page 11

ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းလဲမလဲ အပိုင်း -၁

 

၁။ ပညာရေး
*************
တကယ်တော့ပညာရေးဆိုတာ ပညာရေးပဲဖြစ်ပြီး ရှေ့က ဘယ်နာမဝိသေသနမှ မပါတာအကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်လို့ အလွဲသုံးမှုတွေရှိလာတဲ့အခါ မျိုးဆက်အလိုက် ခေါင်းပုံဖြတ်မှုတွေရှိလာတဲ့အခါမှာတော့ ပညာရေးရှေ့မှာ နာမဝိသေသနတွေ ထပ်ထည့်ရတာမျိုးတွေရှိလာပါတယ်။

ပညာရေးက လူတိုင်းနဲ့သက်ဆိုင်တဲ့အရာဆိုတဲ့ အခြေခံသဘောကို ပစ်ပယ်ပြီး ဟိုလူနဲ့ပဲဆိုင်တာ ဒီလူနဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆတွေတင်သွင်းလာကြတဲ့အခါ ပညာရေးရဲ့ ရှေ့မှာ နာမဝိသေသနတွေပိုတိုးလာရပါတယ်။ အဓိကကတော့ ပညာရေးရဲ့ပိုင်ခွင့်တွေဟာ ဒီနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံတကာမှာပါ ပွန်းပဲ့ဆုံးရှုံးလာကြရတာရှိနေပါပြီ။

ဒါကြောင့် ပညာရေးရဲ့ရှေ့မှာ ဒီမိုကရေစီပညာရေးလို နိုင်ငံရေးဆိုင်ရာ ကျင့်စဉ်တွေထည့်သွင်းလာရပါတယ်။ ဒါ့အပြင် လူအနည်းစုကို ဖယ်ကျဉ်တတ်တဲ့ ဓလေ့တွေ ဆက်မထွန်းကားစေရေးအတွက် collective right ဆိုတဲ့ အစုအဖွဲ့အခွင့်အရေးတွေလည်း ပညာရေးမှာ လိုအပ်လာတာမို့ ဖက်ဒရယ်ပညာရေးဆိုတဲ့ စနစ်ကိုပါ ထပ်ဖြည့်ရပြန်ပါတယ်။

ဒါကြောင့် ပညာရေးရဲ့ ရှေ့မှာ စနစ်နဲ့ ကျင့်စဉ်ပါရောထည့်ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးလို့ အမည်နာမပေးလိုက်ရတော့တာဖြစ်ပါတယ်။ ပညာရေးရဲ့ ဖွင့်ဆိုချက်ကို အရစ္စတိုတယ်လက်ထက်ကနေ လက်ရှိကာလအထိ နိုင်ငံတကာမှာအမျိုးမျိုးဖွင့်ဆို‌နေကြဆဲဖြစ်ပေမဲ့ အနှစ်ချုပ်လိုက်ရင်တော့ နှစ်ချက်ပဲရှိပါတယ်။

လူတစ်ယောက်ရဲ့ သင်ယူလိုစိတ်ကို ပိုမိုဖြစ်ထွန်းလာအောင် ကူညီပေးတာနဲ့ သင်ယူစရာ အထောက်အကူတွေကို စီစဉ်တကျ ဖန်တီးပေးတာပဲဖြစ်ပါတယ်။ ဒီနှစ်ချက်အပေါ်မှာပဲ မူတည်ပြီး ပညာရေးဆိုတာဖြစ်လာတာပါ။

၂။ မြန်မာ့ပညာရေးသမိုင်း
**********************
မြန်မာ့ပညာရေးလို့ဆိုရင် ယေဓမ္မာဆိုတဲ့ ပေလွှာစတင်တွေ့ရှိခဲ့ရတဲ့အချိန်ကနေပြီး ဒီနေ့အထိ တွက်ရမှာဖြစ်ပါတယ်။ မြန်မာ့ပညာရေးကလည်း တခြားနိုင်ငံနဲ့ လူမျိုးတွေရဲ့ ပညာရေးနဲ့ အများကြီးကွာဟနေတာတော့ မရှိပါဘူး ဘာသာရေးအခြေပြုတဲ့ သင်ကြားမှုကနေပြီးတော့ပဲ ဖြစ်တည်ပေါ်ပေါက်လာတဲ့ ပညာရေးပဲဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းနီးပါးက ဖြစ်တည်လာတဲ့ ပညာရေးယဉ်ကျေးမှုမှာ အမျိုးသမီးတွေပါ ပညာသင်ကြားခွင့်ရကြခြင်းပဲဖြစ်ပါတယ်။ ပုဂံခေတ်က မင်းသမီးတစ်ပါးဟာ ဘုန်းတော်ကြီးတွေကိုတောင် စာပြန်ချပေးရတဲ့ ကထိကတစ်ဦးဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားအခိုင်အမာရှိသလို မိဘမောင်ဖွားတွေဆီကနေ အတွက်အချက်နဲ့ အရေးအဖတ်သင်ကြားခွင့်ရကြတယ်ဆိုတဲ့ အထောက်အထားတွေလည်းတွေ့ရပါတယ်။

NUG ရဲ့ မြေပြင်ပညာရေးတွေဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပညာရေး မဟုတ်သေးတဲ့အတွက် မူဝါဒနဲ့အညီ ပြောင်းရမှာပဲဖြစ်ပါတယ်

အထူးသဖြင့် elite အလွှာက အမျိုးသမီးတွေဟာ သာမန်ပညာတတ်ရုံသာမကဘဲ စာပေပညာရှင်တွေ အနုပညာရှင်တွေ ဖြစ်ခဲ့တဲ့အထိ ထွန်းပေါက်ခဲ့တာတွေရှိပါတယ်။ ပညာရပ်တွေမှာလည်း စာပေပညာသာမက တတ်သင့်တတ်အပ်တဲ့ စစ်ပညာ၊ အနုပညာနဲ့ Sex education ပညာကစလို့ သင်ကြားပေးခဲ့တဲ့ ဂါမဝါသီကျောင်းတွေရှိခဲ့တယ်ဆိုတာလည်း သက်သေအထောက်အထားတွေရှိခဲ့ပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးစနစ်အပြင် ကုန်းဘောင်ခေတ်မှာ ခရစ်ယာန်ပညာရေးအလွတ်ပညာသင်ကျောင်းတွေပါ ထွက်ပေါ်လာပြီးနောက်မှာ ခေတ်ပညာတတ်လူငယ်တွေ များစွာပေါ်ထွန်းခဲ့ပါတယ်။ လူတန်းလွှာကွဲပြားတာမျိုးတွေရှိပေမဲ့ ပညာသင်ကြားခွင့်မှာတော့ကိုယ့်အလွှာနဲ့ကိုယ် သင်ယူခွင့်ရခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းအခိုင်အမာရှိသလို နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်ခဲ့ရာမှာလည်းပညာရေးက အဓိကနေရာကနေပါဝင်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ပညာရေးသမိုင်းဟာ မညံ့ခဲ့ဘူးလို့ဆိုရမှာပါ။

ဒါပေမဲ့ စစ်အာဏာတွေ အကြိမ်ကြိမ်သိမ်းပြီး ပညာရေးကို အောက်ကျနောက်ကျဖြစ်အောင် ဆောင်ရွက်လိုက်တဲ့အခါမှာတော့ ပညာရေးဟာ လက်ရှိအခြေအနေကို ရောက်သွားပါတယ်။

၃။ ဘယ်ပညာရေးကို ပြောင်းမလဲ
*****************************
ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို ၂၀၂၄ နှစ်စပိုင်းမှာ ပညာရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ JCC EDU က တင်သွင်းပြီး NUCC မှာအတည်ပြုလိုက်တဲ့အခါ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းမလဲဆိုတာနဲ့အတူ ဘယ်ပညာရေးကိုပြောင်းမလဲဆိုတာပါ မေးခွန်းထွက်ပေါ်လာပါတယ်။

တချို့မြင်နေကြတာက လက်ရှိ NUG ရဲ့ ဦးဆောင်မှုနဲ့ မြေပြင်မှာ ဆောင်ရွက်နေတဲ့ ပညာရေးတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးနဲ့ ကိုက်ညီပြီးသားဖြစ်လို့ ပြောင်းစရာမလိုဘဲ စကစပညာရေးသာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ပြောင်းရမယ်လို့ထင်နေသူတွေလည်းရှိပါတယ်။

အဖြေကတော့ နိုးပါ။ NUG ရဲ့ မြေပြင်ပညာရေးတွေဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပညာရေးမဟုတ်သေးတဲ့အတွက် မူဝါဒနဲ့အညီပြောင်းရမှာပဲဖြစ်ပါတယ်။ တချို့ NUG အမည်ခံပညာရေးတွေဆိုရင် ဖက်ဒရယ်ပညာရေးနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ကျောင်းသားသမဂ္ဂတည်ထောင်ခွင့်ကို ပိတ်ပင်မှုတွေပါရှိနေလို့ ပြောင်းရုံတင်မကဘဲ အစားထိုးရမဲ့အနေအထားတွေတောင်ရှိနေပါတယ်။

ဒါကြောင့် လက်ရှိ ရှိနေတဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံးကို ပြောင်းလဲရမှာပဲဖြစ်တယ်ဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။ ဘယ်တော့ပြောင်းမလဲဆိုတာနဲ့ ပြောင်းလဲရေးနည်းနာတွေကိုတော့ နောက်တစ်ပတ်မှာ ဆက်လက်သုံးသပ်တင်ပြပေးပါ့မယ်။

တူမီးသိမ်းမောင် ရေးသားသည်။

ဓားပြတိုက်နေတဲ့ စစ်ဘီလူးတွေ

 

လယ်ကွင်းတစ်ခုထဲမှာ ယာယီတဲထိုးရင်း အညာဆောင်းရဲ့ အအေးဒဏ်ကို အံတုနေရသူတွေထဲမှာတော့ ကိုသန်းလည်း တစ်ယောက်အပါအဝင်ပါ။ ကိုသန်းက မြင်းခြံမြို့နယ်ထဲကိုရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကိုတိမ်းရှောင်နေရသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဘွဲ့တံဆိပ်တွေချီးမြှင့်ထားတဲ့ နာမည်ကြီးပျူစောထီးခေါင်းဆောင်သီတာယုမွန်ဦးဆောင်တဲ့ မြင်းခြံမြို့ပေါ်ပျူစောထီးအဖွဲ့က လယ်သစ်၊ လေးရွာဆုံစတဲ့ ကျေးရွာတွေကပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်နဲ့အတူ မြင်းခြံမြို့နယ်ထဲက ကျေးရွာ ၁၀ရွာကျော်ကို တက်ညီလက်ညီမီးရှို့နေတာပါ။

မီးမရှို့ခင်မှာတော့ ပိုင်ရှင်ကင်းမဲ့နေတဲ့ အိမ်တွေကို ဖောက်ထွင်းပြီး အိမ်သုံးပစ္စည်းတွေကို ဖောကားတွေနဲ့ တင်ဆောင်သွားခဲ့ကြပါတယ်။

“မနက်ခင်းအသက်တောင်ရှူရဲ့လားတွေးရတယ်။ စစ်ကြောင်းထိုးလာပြီဆို မြောက်ဘက်ကလာရင် တောင်ဘက် အရှေ့ဘက်ဆို အနောက်ဘက် ဝေးဝေးပြေးရတယ်။ မဟုတ်ရင် ယောက်ျားလေးဆိုတွေ့တာနဲ့ဖမ်းတယ်၊ ပစ်သတ်တယ်” လို့ အာဏာသိမ်းစစ်တပ်နဲ့ ပျူတွေရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ကိုသန်းကညည်းတွားပါတယ်။

ရွာ ၉ရွာလောက် အဖောက်ခံရတယ်၊ ပစ္စည်းအကုန်သိန်းပေါင်း တစ်သောင်းကျော် အထက်မှာပဲရှိတာ၊ ရွာ ၃ရွာလောက်က မီးရှို့ခံထားရတယ်

မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူတွေနဲ့ဒေသခံတွေကောက်ယူထားတဲ့ စာရင်းမှာတော့ ခင်မကန်၊ ခြေဆေး၊ ကူ၊ ကွမ်းစိုက်၊ မြောက်ကုန်း၊ တဲ၊ သဲတော၊ ဗလုံ၊ ပျော်ဘွယ်၊ စံပြ၊ သစ်ပင်ခြေစတဲ့ ၁၀ ရွာကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်ကစလို့ မီးရှို့ခဲ့တာပါ။ ဒီကျေးရွာတွေက အရပ်သားပြည်သူ ၃၀၀၀ကျော်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ စာရင်းမှာဖော်ပြပါတယ်။ ယခုဆောင်းပါးရေးသားနေတဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ တချို့ကျေးရွာတွေဟာ ခပ်စိပ်စိပ်မီးရှို့ခံနေရပြီး အထက်ဖော်ပြပါကျေးရွာတွေက အိမ်သုံးပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရမှုက ခန့်မှန်းခြေသိန်းပေါင်း ခုနှစ်ထောင် နီးပါးရှိနေပြီလို့ မြင်းခြံမြို့နယ် ပကဖတာဝန်ရှိသူတွေက ဆိုပါတယ်။

“တစ်ရွာလုံးကိုဓါးပြတိုက်တာ။ ပျော်ဘွယ်စံပြမှာဆို တစ်ရက်ထဲကို ဆိုက်ကယ်အစီးသုံးဆယ်လောက်သယ်သွားတာ။ ဖုန်းတွေဆို ဆာလာအိတ်နဲ့ကိုထည့်ပြီးအပြန် အိမ်တွေမီးရှို့ခဲ့သေးတယ်” လို့ မြင်းခြံမြို့နယ်ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ပျူတွေက ယာဥ်နဲ့စက်ပစ္စည်းတွေအပြင် ရေခဲသေတ္တာ၊ တီဗွီ၊ ထိုင်ခုံတွေနဲ့ စပါးကျီတွေ၊ ကျွန်းတံခါး၊ သံတိုသံစတွေကိုပါဖြုတ်ယူပြီး ဖောကားအပြည့်နဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ဆောင်သွားကြတာလို့ ကျေးရွာခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ အပေါင်းပါတွေက ကျေးရွာခံတွေရဲ့ ပစ္စည်းတွေကိုသယ်ဆောင်ပြီးနောက်မှာနေအိမ်တွေကိုမီးတိုက်ရှို့ခဲ့ကြတာပါ။ ကျေးရွာသားတွေကတော့ မီးခိုးလုံးတွေအလိပ်လိုက်ထွက်နေတဲ့ သူတို့ရဲ့ ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရာက ရင်နာနာနဲ့ ထိုင်ကြည့်နေရတော့တာ ပြာကျတဲ့အထိပါလို့ ဆိုကြပါတယ်။

မြင်းခြံခရိုင်အတွင်းက နယ်နိမိတ်ထိစပ်နေတဲ့ ငါန်းဇွန်မြို့နယ်မှာလည်း အလားတူ မီးရှို့ဖျက်ဆီး၊ ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေကို ဒေသခံတွေက ကြုံနေကြရပါတယ်။

ငါန်းဇွန်မြို့နယ် ဖောင်းကတောကျေးရွာက ပျူစောထီးငမိုး၊ တောင်ရွာဘိုက ပျူစောထီး ညွှန့်လွင်နဲ့ အပေါင်းအပါတွေက အာဏာသိမ်းစစ်တပ်နဲ့ လက်တွဲလို့ အကြမ်းဖက်လုယက်ဓားပြတိုက် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာကိုးရွာလောက် အဖောက်ခံရတယ်။ ပစ္စည်းအကုန် သိန်းပေါင်း တစ်သောင်းကျော်အထက်မှာပဲရှိတာ၊ ရွာ သုံးရွာလောက်က မီးရှို့ခံထားရတယ်”တယ်လို့ ငါန်းဇွန်မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းပါတွေက ငါန်းမြာကြီး၊ ရွာသစ်၊ မိုးထောင်ခြောက်၊ ကုလ၊ မင်းကြီးကြပ်၊ မန်ကျည်းကုန်း၊ သံကုန်း၊ ညောင်လေးပင်စတဲ့ ရွာပေါင်း ကိုးရွာက အိမ်တွေကို ဖောက်ထွင်းပြီး အိမ်သုံးပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားတယ်လို့ ငါန်းဇွန်မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးကဆက်ပြီး ရှင်းပြပါတယ်။

ငါန်းဇွန်မြို့နယ် မိုးထောင်ကျေးရွာရှိကုန်မာဆိုင်တစ်ခုတင် ကာလတန်ဖိုး သိန်းတစ်သောင်းဝန်းကျင်ရှိတဲ့ ပစ္စည်းတွေကိုသယ်ဆောင်သွားပြီးနောက် ဘေးပတ်ဝန်းကျင်ရှိငွေကြေးချမ်းသာတဲ့ နေအိမ်ကအစ လူလတ်တန်းစားမရွေးနေထိုင်တဲ့ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုပါ ယူသွားကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်တာနဲ့ပဋိပက္ခဖြစ်စဥ်တွေကြောင့် နေရပ်အိုးအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၃ဒသမ ၄သန်းကျော်ရှိတယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က နောက်ဆုံးထွက်ရှိလာတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းရဲ့ ဖော်ပြချက်အရ နေရပ်အိုးအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော်ထဲက ၁ဒသမ၂ သန်းကျော်ဟာ အညာဒေသကလူဦးရေစစ်တမ်းဖြစ်တယ်လို့ဆိုပါတယ်။

မည်သို့ပင်ဖြစ်စေ “အခုက မီးရှိ့လုယက်ပြီးနေအိမ်ပြောင်သွားလည်း လူတွေက သိပ်မတုန်လှုပ်တော့ဘူး စိတ်နာနေပြီ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ပဲစိတ်ထဲရှိကြတော့တာ”လို့ ကိုသန်းက သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပါတယ်။

ဂါရာ ရေးသားသည်။

 

အနောက်ကလာတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးရောင်ခြည်

 

အာဏာသိမ်းစစ်တပ်ရဲ့ မောင်တောအခြေစိုက် အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိလိုက်တဲ့သတင်းဟာ အခုရက်ပိုင်း လူပြောများနေပါတယ်။

AA အနေနဲ့ အဲဒီစခန်းကိုရဖို့ အောက်တိုဘာ ၁၄ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ ၅၅ ရက် ကြာကြိုးပမ်းခဲ့ရတာပါ။

စစ်ဆင်ရေးရဲ့ အကျိုးရလဒ်အနေနဲ့ မောင်တောဒေသမှာ အာဏာအရှိဆုံး စစ်ဖက်အရာရှိတစ်ဦးဖြစ်တဲ့ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ စကခမှူးနဲ့အတူ သူ့ရဲ့ကိုယ်ရေးအရာရှိနဲ့ တခြား အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရခဲ့ပါသေးတယ်။

ဒါကြောင့် ရခိုင်ဒေသမှာ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့တွေကိုသာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ AA က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အတိအလင်း ထုတ်ပြန်ထားပါတယ်။ တဆက်တည်းမှာ အဲဒီမြို့တွေထဲက မကွေးတိုင်းနယ်စပ် အမ်းမှာ နောက်ဆုံးသိမ်းဖို့ကျန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(နပခ)ကို အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

မကွေးတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက စစ်မီးဟာ မင်းဘူး- အမ်းလမ်းကို အခြေပြုပြီး ကူးစက်လာမှာ သေချာပါတယ်

နောက်ဆက်တွဲအနေနဲ့ ဒီဇင်ဘာ ၆ ရက်က အမ်းမှာရှိတဲ့ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းရဲ့နေအိမ်နဲ့ ယာယီတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ နေအိမ်တွေကို AA က ချိတ်ပိတ်သိမ်းဆည်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒေသတွင်းသတင်းတချို့အရ အခုလက်ရှိမှာ နပခ တိုင်းမှူး၊ ဒုတိုင်းမှူး၊ ယာယီတိုင်းဦးစီးချုပ်နဲ့ စစ်တပ်အရာရှိတချို့ဟာ အမ်းကနေ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ ဒီမတိုင်ခင်ကလည်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ တပ်သားအများအပြားဟာ ရခိုင်ပြည်နယ်ထဲကနေ မကွေးဒေသထဲကို ထွက်ပြေးလာကြတာတွေ ရှိခဲ့တယ်လို့ The Nation Voice ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံတပ်သားတွေ ထွက်ပြေးရာမှာ မင်းဘူး-အမ်း လမ်းပိုင်းကို အဓိကအသုံးပြုနေကြပြီး လွတ်မြောက်သွားသူတချို့ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းနဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

“တပ်က စိတ်ဓာတ်ပြိုသွားတာပဲကိုး။ အဲဒီလို စခန်းတွေတောက်လျှောက်ပြိုလာတာကို တွေ့ရတယ်” လို့ မင်းဘူးခရိုင်ထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရခိုင်ဒေသက အာဏာသိမ်းစစ်တပ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပေးပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးအခြေအနေတွေနဲ့ ဆက်စပ်ပြီး နယ်မြေချင်းထိစပ်နေတဲ့ မကွေးဒေသထဲက အာဏာသိမ်းစစ်တပ်တွေကို တပ်ကူအဖြစ်စေလွှတ်နေတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မကွေးဒေသက အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေဟာ ရခိုင်ကိုအပို့မခံဘဲ တပ်ပြေးမှုတွေ ဆက်တိုက်ရှိနေတာပါ။

“AA က နပခကို ရဖို့ကတော့ မြေကြီးလက်ခတ်မလွဲဘဲ။ နပခရပြီး နောက်ဆက်တွဲကတော့ အမ်းနဲ့ ကမြင်းကန်ကြားက ဗျူဟာကို ထပ်ပြီးရင်ဆိုင်ရဦးမှာ”လို့ မကွေးဒေသအခြေစိုက် အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲကို ကုန်းလမ်းကနေ အဓိကဝင်ထွက်နိုင်တဲ့ အမ်းမြို့နယ်အစွန် မကွေးတိုင်းအစပ်က ကမြင်းကန်အနီးမှာ စစ်တပ်ဗျူဟာကုန်းတစ်ခု အထိုင်ချဖို့ စီစဥ်နေတာကိုတွေ့ရပါတယ်။ ဒီတော့ စစ်တပ်ဟာ အမ်းမှာရှိတဲ့ နပခ ကိုစွန့်လွှတ်ရဦးတော့ ရခိုင်ပြည်နယ်ထဲကနေ အလွယ်တကူ ထထွက်သွားမှာမဟုတ်ဘဲ ရခိုင်-မကွေးနယ်စပ်မှာ ကမြင်းကန်ကို နောက်ဆုံးခံစစ်ဗျူဟာအဖြစ် အသုံးပြုလာနိုင်တယ်လို့ အကဲခတ်တွေက ယူဆကြပါတယ်။

ကမြင်းကန်ဟာ အမ်း-မင်းဘူးလမ်းပေါ်မှာတည်ရှိတာကြောင့် အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေ ယခင်ထက်ပိုစိပ်လာမလားဆိုတဲ့အတွေးနဲ့ ဒေသခံ ပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေလည်း ရှိလာနေပါတယ်။ လက်ရှိမှာလည်း ရခိုင်ပြည်နယ်ထဲကို စစ်ကူလွှတ်ခံရတဲ့ စစ်တပ်ယာဥ်တန်းတွေဟာ မကွေးဒေသထဲက အမ်း- မင်းဘူးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဒါကြောင့် အမ်း-မင်းဘူးလမ်းပေါ်က ပဒါန်းအပါအဝင် မြို့ရွာတချို့က ဒေသခံတွေဟာ မကွေးမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြတာတွေ တွေ့လာရတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

“ကျန်းမာရေးအကြောင်းပြ လူမှုရေးအကြောင်းပြပေါ့ဗျာ။ ပိုက်ဆံရှိတဲ့ တော်တော်များများ မကွေးကို ပြောင်းသွားကြတယ်။ သေချာတာကတော့ စစ်ကြောက်လို့ ပြေးကြတာပဲ”လို့ ငဖဲဒေသခံ တစ်ဦးက ဆိုပါတယ်။

ပြည်သူတွေ နေရပ်စွန့်ခွာမှုခပ်စိပ်စိပ် ဖြစ်ပေါ်လာနေတဲ့ မင်းဘူး- အမ်းလမ်းပိုင်းဒေသဟာ ရခိုင်ဒေသစစ်ရေးနဲ့ ဆက်စပ်ပြီး စစ်တပ်ရဲ့ အဓိကသွားလာလှုပ်ရှားရာလမ်းပိုင်းတစ်ခုလည်း ဖြစ်နေတာပါ။ နောက်တစ်ခုက အဲဒီရခိုင်ရိုးမအရှေ့ခြမ်းမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ)တွေရှိသလို အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စတဲ့တပ်စခန်းတွေလည်း ရှိနေပါတယ်။ ဗိုလ်နေဝင်းလက်ထက်ကစလို့ စစ်အစိုးရအဆက်အဆက်ဟာ ရန်သူဟာ အရှေ့ဘက်လာနိုင်တယ်လို့ ယူဆထားပြီး ဧရာဝတီမြစ်ကြီးကို ခံစစ်စည်းထားကာ ဧရာဝတီမြစ်အနောက်ခြမ်း ရခိုင်ရိုးမအရှေ့ခြမ်းမှာ ကပစစက်ရုံတွေ တော်တော်များ တည်ဆောက်ထားတာလို့ သိရပါတယ်။

ဒီတော့ မကွေးတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက စစ်မီးဟာ မင်းဘူး- အမ်း လမ်းကိုအခြေပြုပြီး ကူးဆက်လာမှာသေချာတယ်လို့ စစ်ရေးအကဲခတ်သူတွေက ယူဆနေကြပါတယ်။ ဒါပေမဲ့ အဲဒီစစ်မီးဟာ နေ့ချင်း ညချင်းရောက်လာနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်သေးဘူးလို့ ဆိုပေမယ် တိုက်စွမ်းရည်ကျပြီး စိတ်ဓါတ်ပျက်ပြားနေတဲ့ စစ်ကောင်စီတပ်ကြောင့် ဘာမဆိုဖြစ်နိုင်အခြေအနေမျိုးလည်းဖြစ်ပါတယ်။

လက်ရှိ မင်းဘူး- အမ်းလမ်းပိုင်းမှာ ပြောက်ကြားစနစ်နဲ့ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေပေမယ့် AA နည်းတူ စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်လောက်တဲ့အထိ အားမကောင်းသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက The Nation Voice ကို ထင်မြင်ချက်ပေးထားပါတယ်။

သို့ပေမယ့် အဲဒီတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်နေတာတွေဟာ AA နဲ့မဟာမိတ်ပြု ညှိနှိုင်းလုပ်ဆောင်နေတာလို့ ဆိုကြပါတယ်။

ဒါကြောင့် အမ်းမှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က သိမ်းပိုက်ပြီးတဲ့တိုင် ကမြင်းကန်စစ်တပ်ဗျူဟာကို ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အဲဒီကမှတဆင့် မကွေးဒေသ အမ်း-မင်းဘူးလမ်းပိုင်းမှာရှိတဲ့ ကပစ စက်ရုံတွေနဲ့ စစ်တပ်စစ်ခန်းတွေအထိ AA ဘက်က စစ်ဘောင်ချဲ့လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ကိုနီခေတ်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု ပါဝင်ခဲ့တဲ့ စာရေးဆရာသတင်းစာဆရာ သိန်းဖေမြင့်က အရှေ့ကွက်နေဝန်းထွက်သည့် ပမာဆိုတဲ့ စာအုပ်ဟုတ် နိုင်ငံရေး တော်လှန်ရေးကို စိတ်ဝင်စားတဲ့ လူတွေငယ်တွေကြားမှာ ဖတ်ရှု့ကြတဲ့စာအုပ်ပါ။

အခုစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အနောက်စလို့ ရောင်နီတွေသန်းစပြုလာတာကိုတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်က စစ်ရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံစစ်ရေးအကဲခတ်သူတစ်ဦးကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။

“လက်ရှိဒီဘက်(မကွေးဒေသ)ကို ဆင်းနိုင်တဲ့ အင်အားမျိုး၊ ကပစတွေကိုဆင်းနိုင်တဲ့ အနေအထားမျိုးဆိုတာက AA နဲ့စုဖွဲ့ထားတဲ့ မဟာမိတ်တွေ၊ နယ်ခံတပ်ရင်းတွေ ပူးပေါင်းတိုက်တဲ့အားနဲ့ပဲ ရမယ်။ အဓိက ကတော့ AA ပဲ။ အဲဒီအတွက်ကြောင့် AA ရဲ့ အခင်းအကျင်းပေါ်မှာ အများကြီးမူတည်နေတယ်” လို့ဆိုပါတယ်။

မောင်ရေချမ်း ရေးသားသည်။

စကားတွေပြောဖို့လိုနေတဲ့ မကွေးဒေသက တော်လှန်ရေး စည်းနှောင်မှုများ

 

အာရက္ခဒေသ၊ ရခိုင်ဒေသက တော်လှန်ရေးအောင်မြင်မှုတွေကို ကျွန်တော်တို့ အရမ်းရွှင်လန်းအားတက်ရပါတယ်။ အဲဒီအောင်မြင်မှုတွေဟာ ကျွန်တော်တို့ အညာဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဒေသတွေက တော်လှန်ရေးအင်အားစုတွေကိုလည်း အောင်စိတ်တွေ ကူးစက်စေတယ်လို့မြင်ရပါတယ်။

ရခိုင်ဒေသနဲ့ နယ်နိမိတ်အားဖြင့်ကပ်လျက်တည်ရှိနေတဲ့ အထူးအားဖြင့်မကွေးဒေသ အပြင်တစ်ဆက်တည်း စစ်ကိုင်းဒေသကိုလည်း သက်ရောက်မှုတွေရှိနိုင်တယ်လို့ ယူဆမိပါတယ်။

စစ်ဆိုတာက ကူးစက်တတ်တဲ့သဘောရှိပါတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချုပ်ငြိမ်းအောင်ကြိုးပမ်းနေတဲ့ တော်လှန်ရေးထဲမှာ ဒီတော်လှန်စစ်ကတော့ ကူးလူးဆက်ဆံရဦးမယ်။ သက်ရောက်မှုတွေရှိလာဦးမယ်လို့ ယူဆပါတယ်။

ဒီအတွက်လည်း မကွေးဒေသအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အားစိုက်မှုတွေ လုပ်ဆောင်ဖို့လိုနေပြီဆိုတာ တစ်ပါတည်းပဲ ရှုမြင်ကြောင်းတင်ပြချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုဆိုတဲ့အပိုင်းမှာ စိုးမိုးထိန်းချုပ်တဲ့နယ်မြေတွေ ထပ်ပြီးရရှိနိုင်ဖို့အပြင် စစ်ရေးအရ ထိုးစစ်တွေ၊ ခုခံစစ်တွေ၊ ပူးပေါင်းစစ်ဆင်ရေးတွေအတွက် ပိုမိုကောင်းမွန်စနစ်ကျတဲ့ အချိတ်အဆက်မိမှု၊ ဟန်ချက်ညီညီပြင်ဆင်ဖို့လိုအပ်လှပါတယ်။

တစ်ပြိုင်နက်ထဲမှာပဲ တိုက်ပွဲတွေဖြစ်တဲ့အခါမှာ ပြည်သူတွေ ရှောင်ရတိမ်းရဖို့ကိစ္စတွေလည်း အများကြီးရှိနိုင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပြင် မြို့တွေသိမ်းတယ်၊ ရွာတွေသိမ်းတယ်ဆိုရင် မြို့တွေ၊ ရွာတွေကို သိမ်းပိုက်ဖို့ကြိုးစားတာနဲ့ အတူ ပြည်သူလူထု အထိအခိုက်နည်းနိုင်သမျှနည်းရေးအတွက် အစီစဉ်တွေ၊ အစီအမံတွေကိုလည်း သေချာညှိနှိုင်းပြီးတော့ ပြင်ဆင်ထားသင့်တယ်ပါတယ်။

အဓိကကတော့ စစ်ရေးအရပြင်ဆင်မှု စစ်ရေးနဲ့အတူ လူထုထိခိုက်နစ်နာမှုနည်းနိုင်သလောက်နည်းအောင် ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်လေလေ ရရှိတဲ့အောင်ပွဲတွေဟာလည်း ထိခိုက်ကျရှုံးမှု ထိခိုက်နစ်နာမှုနည်းနည်းနဲ့ အောင်မြင်မှုများများရတဲ့ အောင်ပွဲတွေဖြစ်မှာပါ။

တစ်ပြိုင်နက်ထဲမှာ ဒီလို အတူပူးပေါင်းစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားမှာလည်း ပိုမိုခိုင်ကြည်တဲ့ သွေးစည်းညီညွတ်မှုတွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေအများကြီးရရှိနိုင်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။

နိုင်ငံရေးအရ ချဉ်းကပ်မှုတွေမှာ ကွဲလွဲမှုတွေမရှိအောင် သေချာပြင်ဆင်အားစိုက်သင့်တဲ့ အခြေနေကို ရောက်နေပါပြီ

စစ်ကိုင်းတိုင်းမှာတော့ အဲဒီလိုအခင်းအကျင်းရှိတယ်လို့ သိရပါတယ်။ အထူးသတိချပ်ဖို့လိုတာက မကွေးနဲ့စစ်ကိုင်းဟာ နယ်နမိတ်ချင်းအားဖြင့်ထိစပ်ပေမယ့် နယ်နမိတ်ချင်းထိစပ်မှုအရ ဒေသနှစ်ခုက တူညီတဲ့အခင်းအကျင်းတွေရှိသလို မတူညီတဲ့အနေအထားတွေလည်း အများကြီးရှိပါတယ်။ အထူးအားဖြင့်ဆိုရင်တော့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုမှာ မကွေးတိုင်းက စစ်ကိုင်းတိုင်းလောက် ကျယ်ဝန်းမှု၊ ပြန့်နှံ့မှု မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းရဲ့ ကြားကာလအတွက်ပြင်ဆင်တဲ့အခင်းအကျင်းဟာ စာရွက်ပေါ်မှာတင်မဟုတ်ဘဲနဲ့ တကယ်ကိုပဲ မြေပြင်ကိုသက်ရောက်နိုင်တဲ့ မြေပြင်မှာတစ်စုံတစ်ရာအကောင်အထည်ဖော်နိုင်မယ့် အခင်းအကျင်းပုံစံမျိုးရှိနေတဲ့ အနေအထားပါ။ မကွေးတိုင်းမှာတော့ အဲဒီလိုစိုးမိုးထိန်းချုပ်နယ်မြေကလည်း မများသေးတာကတစ်ကြောင်း၊ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စစ်ရေးအရရောနိုင်ငံရေးအရပါ တကယ့်ကို စည်းနှောင်မှုတွေ အားကောင်းဖို့အများကြီးလိုသေးတယ်လို့ရှုမြင်ပါတယ်။

တစ်ပြိုင်နက်ထဲမှာ ကြားကာလစီမံအုပ်ချုပ်ရေးဆိုင်ရာအစီမံတွေကို ရေးဆွဲဖို့လည်းအားစိုက်ရမှာ ဖြစ်သလို ရေးဆွဲပြီးရုံနဲ့ အစီမံတွေဟာ ချက်ချင်းအသက်ဝင်လာမှာမဟုတ်ပါဘူး။ ရေးဆွဲလိုက်တဲ့အစီအမံတွေကို ကောင်းကောင်းမွန်မွန်အသက်ဝင်လာဖို့ အကောင်အထည်ပေါ်လာဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ယန္တရားတွေကအစ ပြင်ဆင်မှုဖို့လိုအပ်နေပါတယ်။

တစ်ပြိုင်နက်ထဲမှာ ပြည်ထောင်စုအဆင့် ဖက်ဒရယ်အဆင့် ၊ ဖက်ဒရယ်အစိုးရအဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်မှာရှိတယ်လို့ပြောလို့ရမယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကဲ့သို့သော ကော်မရှင်တွေအဖွဲ့အစည်းတွေနဲ့လည်း မပြတ်ထိတွေ့ပြီး အချင်းချင်းကြားက သဘောတူညီမှုတွေ၊ နိုင်ငံရေးသဘောတူညီမှုတွေ၊ နိုင်ငံရေးအရ ချဉ်းကပ်မှုတွေမှာ ကွဲလွဲမှုတွေမရှိအောင် သေချာပြင်ဆင်အားစိုက်သင့်တဲ့အခြေအနေကို ရောက်နေပါပြီ။

ကြားကာလအစီအမံတွေ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးကြတဲ့အခင်းအကျင်းမှာ အင်မတန်အရေးကြီးတာက တော်လှန်ရေးကို အထောက်အကူပြုစေတဲ့ အခင်းအကျင်းတွေဖြစ်ဖို့ လိုအပ်တယ်။

တစ်ပြိုင်နက်ထဲမှာ ဒီလိုမျိုးအစီမံတွေ အခင်းအကျင်းတွေကို ပြင်ဆင်နေခြင်းဟာ ကျွန်တော်တို့မျှော်ရည်တဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကိုလည်း ပန္နက်ရိုက်နေတဲ့၊ အုတ်မြစ်ချနေတဲ့အခင်းအကျင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုအုတ်မြစ်ချတဲ့ ပန္နရိုက်တဲ့အခင်းအကျင်းတွေဟာလည်း မှားသွားလို့လည်းမသင့်ဘူး၊ လွဲသွားလို့လည်းမကောင်းဘူး။

ဒါကြောင့် အမှားအယွင်းနည်းနည်း၊ လွဲချော်မှုနည်းနည်းဖြစ်အောင် ကိုယ့်ဒေသအလိုက်လည်း လိုက်လျောညီထွေဖြစ်တဲ့အခင်းအကျင်းတွေဖြစ်အောင်စီမံသင့်ပါတယ်။

အဲလိုမျိုးအခင်းအကျင်းတွေ စီမံတဲ့အခါမှာလည်း တစ်စုတစ်ဖွဲ့ရဲ့ လွှမ်းမိုးမှုတွေနဲ့ ချီတက်တဲ့အခင်းအကျင်းတွေမဖြစ်အောင်အထူးဂရုစိုက်သင့်တယ်။ အင်အားစုတွေဟာ နောက်ခံတွေ၊ စဉ်းစားပုံတွေ တွေးခေါ်ပုံတွေမတူညီတာသဘာဝကျတယ်။

သို့သော် အဲဒီလိုမတူတဲ့အခင်းအကျင်းတွေကို ပါဝင်သူအားလုံးက အခြေနေတစ်ခုထိ မျှခြေဖြစ်အောင် နိုင်ငံရေးသဘောတူမှုတွေဖြစ်အောင် ကြိုးစားရမှာပါ။ အဲဒီလို ကြိုးစားဖို့ဆိုရင် စကားတွေအများကြီးပြောရလိမ့်မယ်။ ဆွေးနွေးပွဲတွေအများကြီးလုပ်ရလိမ့်မယ်။

တစ်ဖက်ကကြည့်ရင်‌တော့ ဒီလိုလုပ်ခြင်းဟာ စကားတွေချည်းပြောနေတာက ဘာမှဖြစ်မလာဘူးလို့ထင်စရာရှိပါတယ်။ နိုင်ငံရေးကိစ္စ အထူးအားဖြင့် နိုင်ငံရေးနည်းနာနဲ့ ချီတက်တဲ့အခါမှာ ခုရေတွင်းတူး ခုရေကြည်သောက်နိုင်တဲ့အခင်းအကျင်းမျိုးမဟုတ်ပါဘူး။ ပါဝင်ဖော်ဆောင်သူတွေအားလုံးက စကားတွေပြောဖို့ကို လိုပါတယ်။ စကားတွေပြောမှသာ တကယ့်နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးရဲ့စည်းနှောင်မှုတွေအားကောင်းမှာဖြစ်တယ်။

အဲဒီအတွက် တော်လှန်ရေးအင်အားစုတွေအချင်းချင်း ဆွေးနွေးမှုတွေလုပ်ဖို့၊ တွေ့ဆုံမှုတွေ လုပ်ဖို့ဆိုတာ လက်မတွန့်သင့်တဲ့ ကိစ္စတွေဖြစ်တယ်လို့ရှုမြင်မိပါတယ်။ဆွေးနွေးညှိနှိုင်တယ်ဆိုတာကလည်း ဒီမိုကရေစီကျင့်စဥ်ရဲ့ အခြေခံ လုပ်နည်းလုပ်ဟန်တခုလည်းဖြစ်ပါတယ်။

(ချစ်ဝင်းမောင်)မြေလတ်)သည် မကွေးဒေသအခြေစိုက် မကွေးလူထုတိုက်ပွဲကော်မတီတွင်ပါဝင်သူတစ်ဦးဖြစ်သည်)

ချစ်ဝင်းမောင်(မြေလတ်) ရေးသားသည်။

စစ်ဘေးဒဏ်ကြားက သားဆက်ခြားစိန်ခေါ်မှုများ

 

ကုန်ဈေးနှုန်းတွေကြီးမြင့်လာတာနဲ့ တဆက်တည်း သန္ဓေတားဆေးတွေ ဈေးနှုန်းမြင့်တက်လာတာက အိမ်ထောင်ရှင်မတွေအတွက် စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လို့လာပါတယ်။

မြို့နေပြည်သူတွေအတွက်တော့ ကိုယ့်ဝင်ငွေအလိုက် လိုအပ်တဲ့သန္ဓေတားဆေးတွေ၊ ကာကွယ်နည်းတွေကို လက်တကမ်းမှာ ရရှိနိုင်ပေမယ့် စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေမှာတော့ ပုံမှန်မဟုတ်တဲ့ အတားအဆီးတချို့လည်း ရှိနေပါတယ်။ အဲဒါတွေကတော့ စစ်ရေးပြင်းထန်တဲ့ဒေသတွေဆီ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ခံရတာနဲ့ စစ်ရေးအခြေအနေတွေအရ ဆေးရှိတဲ့နေရာကို သွားလာရေးခက်ခဲတာတွေပါ။

စစ်ကိုင်းတိုင်း ကလေးခရိုင်ထဲက စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ သူတို့အနေနဲ့ ဆေးဝါးရရှိဖို့ နယ်စပ်ဒေသတွေကို အားကိုးအားထားပြုနေရတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာလည်း သန္ဓေတားဆေးတွေဟာ တခြားသောဆေးဝါးတွေ နည်းတူ စျေးကွက်ထဲမှာ ပစ္စည်းပြတ်တာ၊ စျေးတွေအဆမတန်ခုန်တက်တာတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ သူက ရင်ဖွင့်ပါတယ်။

ကလေးခရိုင်တစ်ခုလုံးကို လွှမ်းခြုံပြီး ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ် ဆောင်နေတဲ့ သူတို့အဖွဲ့ဟာ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သူတို့အနေနဲ့ စစ်ဘေးသင့်ဒေသတွေဆီ ကွင်းဆင်းတဲ့အခါမှာ သန္ဓေတားခြင်းအပါ အဝင်သားဆက်ခြားတဲ့ကိစ္စကို အထူးတလည် ထည့်သွင်းဆွေးနွေးပေးတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် ကာယကံရှင်ဆန္ဒအရ သားဆက်ခြားချင်တဲ့အခါမှာ သောက်ဆေး၊ ထိုးဆေးအလျဥ်းသင့်သလို စီစဥ်ပေးတာပဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးသင့်ဒေသနေပြည်သူတွေဟာ စစ်ရေးအခြေအနေကိုလိုက်ပြီး ထွက်ပြေးတိမ်းရှောင်ရတာ၊ သင့်တော်တဲ့နေရာမှာအိပ်စက်ရတာ၊ အလျဥ်းသင့်သလိုစားသောက်နေ ထိုင်ရတာကြောင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းစေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခါမျိုးမှာ လိင်ဆက်ဆံမိရင် လိင်ကတဆင့် မလိုလားအပ်တဲ့ ရောဂါကူးစက်မှုတွေ ရှိလာနိုင်တာကိုလည်း အသိပညာပေးရတာတွေရှိတယ်လို့ ဆေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ဆေးဝါးပြတ်လတ်မှုတွေရှိနေတဲ့အ ပြင် လိုအပ်တဲ့သန္ဓေတားဆေးတွေကို စျေးကြီးပေးဝယ်ယူနေကြရပါတယ်။ ဒါ့အပြင် သန္ဓေတားခြင်းအပါအဝင် သားဆက်ခြားရေးကိစ္စအတွက် ယခင်ကလို ဆေးရုံဆေးခန်းတွေဆီ လက်လှမ်းမှီသူလည်း နည်းပါးလာနေတယ်လို့ CDM ကျန်းမာရေးဝန်ထမ်း ဒေါက် တာစန္ဒီက ထင်မြင်ချက်ပေးပါတယ်။

ဒါကြောင့်မို့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်အောင်မရတဲ့ စစ်ဘေးသင့်ဒေသတွေမှာရှိတဲ့ အမျိုးသမီးငယ်တွေနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် ကျန်း မာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ပရဟိတအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့ သူက ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာလည်း သန္ဓေတားခြင်းနဲ့ သားဆက်ခြင်းကိစ္စရပ်တွေအတွက် အသိပညာပေးဆွေးနွေးတာတွေ မုချလိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီဒေသတွေမှာ အကြောင်းကြောင်းနဲ့ သန္ဓေတားဆေးတွေမရနိုင်ဘူးဆိုရင် တခြားဘယ်လိုနည်းလမ်းတွေနဲ့ တားဆီးလို့ရနိုင်တယ်ဆိုတာကို ရှင်းပြထားသင့်တယ်လို့ သူက မြင်ပါတယ်။

သန္ဓေတားခြင်းနဲ့ သားဆက်ခြားခြင်းကိစ္စရပ်မှာ သောက်ဆေး၊ ထိုးဆေးနဲ့ သန္ဓေတားကရိ ယာထည့်တာအပြင် ကွန်ဒုန်းအသုံးပြုတာ၊ ရာသီသွေးပေါ်ချိန်နဲ့နီးလာရင် လိင်ဆက်ဆံခြင်းကို ရှောင်ရှားတာတွေ လုပ်လို့ရတယ်လို့ ဒေါက်တာစန္ဒီက ရှင်းပြပါတယ်။

ဒီနေရာမှာ သန္ဓေတားနိုင်ဖို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုန်းအသုံးပြုရာမှာ အခက်အခဲမရှိနိုင်ပမယ့် ရာသီသွေးပေါ်ချိန်ကိုတွက်ပြီး ဆက်ဆံတာမျိုးကတော့ လူတိုင်းနဲ့ အဆင် ပြေမှာမဟုတ်ဘူးလို့ သူက မှတ်ချက်ပေးပါတယ်။

“ရာသီသွေးပေါ်ချိန် မှန်တဲ့သူတွေတောင်မှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း(ခန္ဓာကိုယ်)ဆိုင်ရာ အပြောင်းအလဲကြောင့် ဟိုမုန်းတွေလည်းပြောင်းလဲသွားနိုင်တယ်။ ရာသီပေါ်နိုင်တယ်ပေါ့။ အဲတော့ ဒီနည်းက သိပ်ပြီးတော့တော့ အားကိုးလို့မရဘူး” လို့ ဒေါက်တာစန္ဒီကရှင်းပြပါတယ်။

ဒါကြောင့် NGOs တွေ၊ လူမှုအဖွဲ့အစည်းတွေပူးပေါင်းလို့ဖြစ်စေ၊ တစ်ဖွဲ့ချင်းကဖြစ်စေ သ န္ဓေတားဖို့လိုအပ်သူတွေအတွက် ၃ လခံဆေးထိုးပေးတာ၊ မိန်းမ ကိုယ်မှာ ၅ နှစ်ခံ၊ ၁၀ နှစ်ခံ အစရှိတဲ့ သန္ဓေတားကရိယာထည့်ပေးတာ၊ လက်မောင်းထဲ ပိုက်ထည့်တာတွေ လုပ်ပေးနိုင်မှသာ သားဆက်ခြားရေးပြဿနာကို အဆင် ပြေအောင်ဖြေရှင်းနိုင်မယ်လို့ ဒေါက်တာစန္ဒီက အကြံပြုထားပါတယ်။

မောင်ရေချမ်း ရေးသားသည်။

 

မုံရွာမှာ လစဉ်သုံးသန္ဓေတားဆေးတွေ စျေးမြင့်တက်နေပြီး ဆေးပြတ်လပ်မှုတွေရှိလာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ သန္ဓေတားဆေးတွေ စျေးတက်လာပြီး ပစ္စည်းအချို့ ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ အိမ်ထောင်ရှင်မတွေက ပြောပါတယ်။
လူသုံးများတဲ့ လေဒီယာ၊ စိတ်ချ၊ Ok ၂၈လုံးပါ သန္ဓေတားဆေး တစ်ကဒ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတစ်ထောင့်ငါးရာ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် အခုတော့ တစ်ကဒ်ကိုသုံးထောင့်ငါးရာ ဝန်းကျင်ထိ စျေးနှစ်ဆကျော် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

သန္ဓေတားဆေးတွေထဲမှာ အရည်အသွေးကောင်းမွန်ပြီး ဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ မာဗလွန်(marvelon) 28 ဆိုတဲ့ ဆေးကဒ်တစ်ကဒ်ရဲ့ စျေးနှုန်းဟာ အရင်က တစ်သောင်းခွဲ ဝန်းကျင်သာရှိခဲ့ပေမယ့် အခုမှာတော့ နှစ်သောင်းရှစ်ထောင်ကျပ်ကနေစပြီး သုံးသောင်းနှစ်ထောင်ကျပ်အထိ စျေးတွေမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
စျေးတွေတက်လာခဲ့တဲ့အပြင် မာဗလွန်(marvelon) 28 နဲ့ “စိတ်ချ” ဆိုတဲ့သန္ဓေတားဆေးနှစ်ခုဟာ မုံရွာစျေးကွက်အတွင်း မကြာခဏ ပြတ်လပ်လေ့ရှိတယ်လို့ ဆေးဆိုင်ဝန်ထမ်းတွေကဆိုပါတယ်။

သန္ဓေတားဆေး နှစ်ဆယ့်ရှစ်လုံးပါ ဆေးကဒ်တွေ နှစ်ဆနီးပါး စျေးကြီးလာတာကြောင့် တားဆေးကဒ်နေရာကို သုံးလခံဆေးတွေနဲ့ လက်မောင်းထဲ ပိုက်ထည့်တဲ့ သန္ဓေတားနည်းတွေကို အရင်ကထက် ပိုပြီးအသုံးပြုလာကြတယ်လို့ မုံရွာမြို့က သားဆက်ခြား ကျန်းမာရေးဆိုင်ရာအကူအညီပေးနေတဲ့ သူနာပြုတစ်ဦးက ပြောပါတယ်။

“ဒီနှစ်ထဲမှာမှ အရင်ကထက် ဆေးထိုးတဲ့သူတွေ လက်မောင်းထဲ ပိုက်ထည့်သူတွေက တော်တော်များလာတယ်။ ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် အရင်နှစ်ကထက် ၄၀ရာခိုင်နှုန်းလောက် ပိုတိုးလာတာပေါ့။ ဆေးကသုံးလခံလေ တစ်ခါထိုးမှ ငါးထောင်လောက်ပဲ ရှိတာကိုး”လို့ သူက ဆက်ပြောပါတယ်။

သန္ဓေတားသောက်ဆေး စျေးတွေနှစ်ဆနီးပါး မြင့်တက်လာခဲ့တာကြောင့် အရင်က မာဗလွန် သန္ဓေတားဆေးကို အသုံးပြုတဲ့ အိမ်ထောင်သည်အမျိုးသမီးတချို့ဟာလည်း ဆိုးကျိုးနည်းပြီး တစ်သောင်းလေးထောင် ကျပ်သာရှိတဲ့ အွန်ဂျယ် (Onjel)လို့ အမည်ရှိတဲ့ သန္ဓေတားဆေးကဒ်ကို အစားထိုး အသုံးပြုလာကြတယ်လို့ သိရပါတယ်။

“နှစ်သောင်းကျော် သုံးသောင်းနားကပ်နေတာကြီးကို ပေးမသောက်နိုင်တော့ဘူး။ စီးပွားရေးကလည်း အရင်လို အဆင်မပြေ ကုန်စျေးနှုန်းကလည်းတက်ဆိုတော့ တတ်နိုင်တာလေးကိုပဲ ဝယ်သောက်ရတော့တာ။ တစ်ခါတလေကျ ဆေးကလည်းကုန်သွားပြီ လက်ထဲပိုက်ဆံလည်း ပြတ်သွားပြီဆို okတို့ စိတ်ချတို့ပဲ ဝယ်သောက်လိုက်တယ်”လို့ မုံရွာမြို့က မုန့်ဟင်းခါး ရောင်းချတဲ့ အိမ်ထောင်သည် စျေးသည်တစ်ဦးက The Nation Voice ကို ပြောပါတယ်။

တစ်နေ့တာ မုန့်ဟင်းခါးရောင်းချလို့ ရတဲ့ဝင်ငွေ အမြတ်ဟာ တစ်သောင်းကျော်လောက်သာ ကျန်ပြီး အိမ်အသုံးစရိတ်အတွက် ပြန်ထည့်ရတာကြောင့် မာဗလွန် သန္ဓေတားဆေးကို တစ်ရက် တစ်ထောင်ကျပ် နီးပါးပေးပြီး တစ်လစာ ဝယ်မသောက်နိုင်တော့ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရှားပါးမှု ပြဿာနာနဲ့ပါ ရင်ဆိုင်နေကြရတဲ့အပြင် ကုန်စျေးနှုန်းတွေလည်း စံချိန်တင် မြင့်တက်လာခဲ့တာကြောင့် သန္ဓေတားဆေးတွေကို စျေးကြီးပေးမဝယ်နိုင်ကြတော့ဘူးလို့ မုံရွာ မြို့ခံ အိမ်ထောင်ရှင်မတွေက ဆိုပါတယ်။

သွန်းမီ ရေးသားသည်။

အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ တစ်နှစ်‌ကျော် အတွင်း အရပ်သား ၉၅၈ ဦးသေဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရ

 

အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ တစ်နှစ်‌ကျော်အတွင်း အရပ်သား သေဆုံးမှု ၉၅၈ ဦးရှိခဲ့ပြီး ဒဏ်ရာရခဲ့သူဦးရေ တစ်ထောင်ကျော် ရှိတယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ခရိုင် ၁၃ ခု ရှိတဲ့အထဲမှာ မုံရွာခရိုင် ၊ ရွှေဘိုခရိုင်၊ ကလေးခရိုင် နဲ့ စစ်ကိုင်းခရိုင်တို့က အရပ်သားသေဆုံးမှုဟာ ၂၀၂၃ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ အထိ တစ်နှစ်ကျော်ကာလ အတွင်း ၆၃၉ ဦး ရှိခဲ့တာကြောင့် တခြားခရိုင်တွေထက် သိသိသာသာပိုများနေတယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အထက် အမျိုးသား ၅၉၉ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်က သေဆုံးသူ စုစုပေါင်းရဲ့ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး လက်နက်ကြီး ၊ ဒရုန်း ၊ မိုင်းနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတာက ၁၄၂ ဦး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာက ၄၃၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီး သေဆုံးသူဦးရေဟာလည်း ၂၂၃ ဦးထိရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းကျော်ရှိတာ‌ကြောင့် အရပ်သားသေဆုံးမှုထဲမှာ ဒုတိယအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေးက ၅ ရာခိုင်နှုန်း ၊ မိန်းကလေး ၃ ရာခိုင်နှုန်းနဲ့ အချက်အလက် မပြည့်စုံလို့ ကျား / မ ခွဲခြားမရတာ ၆ ရာခိုင်နှုန်းထိ အသီးသီးရှိတယ်လို့ သိရပါတယ်။အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ အဓိက အကြောင်းအရင်းက လက်နက်ကြီး ဒရုန်း ၊ မိုင်းနဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

“အဓိကတော့ ပြည်သူကို အာဏာသိမ်းစစ်တပ်က အကြောက်တရားသိမ်းသွင်းတာ။ ငါတို့စစ်တပ်ကို ဒါမျိုးတော်လှန်ရင် ဒါမျိုးဖြစ်တယ်ဆိုတာ ပြတဲ့သဘော။ အာဏာသိမ်းစစ်တပ်က သူတို့ကို မတော်လှန်ရဲအောင်လို့ ပြည်သူကို အဓိကပစ်မှတ်ထားပြီး သတ်ဖြတ်နေတာ။ အရပ်သားသေဆုံးမှုကတော့ မြေပြင်နဲ့ ကွဲလွဲမှုရှိလာဆိုရင်တော့ မြေပြင်အထိ ကွင်းဆင်းကောက်ထားတာမျိုးဆိုရင် ကွဲလွဲမှုမရှိဘူး။ မြေပြင်အထိ ကွင်းဆင်းကောက်တာမဟုတ်ပဲ ကိန်းဂဏန်းသပ်သပ်ထည့်ထားတာဆိုရင်တော့ ကွဲလွဲမှုကတော့ရှိနိုင်ပါတယ် “လို့ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ခေါင်းဆောင် ကိုလွမ်းသူက အရပ်သားသေဆုံးထိခိုက်မှုတွေနဲ့ပါတ်သတ်လို့ မှတ်ချက်ပြုပါတယ်။

လက်တွေ့မြေပြင် အချက်အလက်တွေမှာတော့ တစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှုဟာ ယခုညွှန်းကိန်းထက်ပိုနိုင်ပြီး အကြမ်းဖက်မှုတွေကြောင့် လစဥ်ပျှမ်းမျှ သေဆုံးသူ ၇၀ နီးပါးနဲ့ ဒဏ်ရာရရှိသူ ၈၀ ဦးဝန်းကျင်အထိ ရှိနိုင်တယ်လို့ မြေပြင်လေ့လာသူတွေက ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရပ်သားနေအိမ်တွေဟာ တစ်သိန်းကျော်ရှိနေပြီး စစ်ကိုင်းတိုင်းထဲက နေအိမ် ၇၃,၀၀၀ ကျော် ပါဝင်တာကြောင့် အများဆုံးဆုံးရှုံးခဲ့ရတာလို့ Data for Myanmar အဖွဲ့ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ထုတ်ပြန်ချက်မှာဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အနက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး ၊ လဟယ် ၊ နန်းယွန်းစတဲ့မြို့နယ်တွေကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆူးငယ်၊နှင်းနှင်း ရေးသားသည်။

အယ်ဒီတာအာဘော်

 

အညံ့ချင်းပြိုင်လို့မနိုင်ပါ

ပဋိပက္ခများ၏ သဘောသဘာဝအရ လက်နက်ကိုင်ပဋိပက္ခသည် အမြင့်ဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟုဆိုကြသည်။
လက်နက်ကိုင်ပဋိပက္ခနှင့်အတူ နှစ်သက်လိုလားဖွယ်မရှိသော သွေးထွက်သံယိုများ၊ ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့ အဖြစ်အပျက်များရှိလာတတ်သည်။

မြန်မာနိုင်ငံ၏ လက်နက်ပဋိပက္ခသည် အချိန်ကြာလာသည်နှင့်အမျှ အနိဌာရုံများကို ခပ်စိတ်စိတ်တွေ့မြင်လာခဲ့ရသည်။ အထူးသဖြင့် ခေါင်းဖြတ်သတ်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သည့်လုပ်ဟန်များတွေ့လာရသည်။

လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် မြန်မာနွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီနှင့် လူဂုဏ်သိက္ခာရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးဖော်ဆောင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် စစ်အာဏာရှင်စနစ်၏ လက္ခဏာများဖြစ်သည့် လူလူချင်းလက်နက်အားကိုးဖြင့် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခြင်းကဲ့သို့ ခပ်ညံ့ညံ့လုပ်ဟန်များကို တော်လှန်ရေးအဖွဲ့အစည်းများက မကျင့်သုံးမိကြရန် လိုအပ်လာသည်ဟု ပွင့်ပွင့်လင်းလင်း ရှုမြင်မိသည်။

ယနေ့ စစ်အာဏာရှင်များ ကျဆုံးလာခြင်းသည် ခပ်ညံညံအတွေးအခေါ်နှင့်လုပ်ဟန်များကြောင့်ဟု ဆိုနိုင်ပါသည်။ ရန်သူက ယုတ်မာတယ်။ ငါတို့လည်းယုတ်မာမှရမယ်၊ ရန်သူက ရက်စက်ကြမ်းကြုတ်တယ်။ ငါတို့လည်း ရက်စက်ယုတ်မာမှရမယ် ဆိုသည့် အတွေးအခေါ်နှင့် လုပ်ဟန်များသည် စစ်အာဏာရှင်နှင့် တစ်ထပ်တည်းကျသည့် အတွေးအခေါ်နှင့် လုပ်ဟန်များဖြစ်သည်ဟု ဆိုချင်ပါသည်။

အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးရှုထောင့်က စဉ်းစားလျှင် အမုန်းတရားများ၊ အာဃတများ၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် နိုင်ငံတည်ဆောက်ရေးသည် မဖြစ်နိုင်ပေ။ ရက်စက်
ကြမ်းကြုတ်မှုများသည် အနာဂါတ်မျိုးဆက်များသို့ လက်ဆင့်ကမ်းဆက်ခံစေသင့်သည့် အမွေမဟုတ်ဟု The Nation Voice က သတိပေးရေးသားလိုက်ရပါသည်။

 

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ခြေရာကောက်ခြင်း

 

အပိုင်း(၁)

The Nation Voice အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က ရေးဆွဲနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)နဲ့ပတ်သက်လို့ အပတ်စဉ် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

အပတ်စဉ်ဖော်ပြသွားမယ့် ဒီဆောင်းပါးက စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို ဝေဖန်ပြစ်တင်ခြင်းမဟုတ်ဘဲ အများပြည်သူအကျိုးစီးပွါးအား ရှေးရှုသည့် အပြုသဘောဆောင်သောဆွေးနွေးဝေဖန်မှုများအဖြစ် ဖော်ပြသွားပါမယ်။

ဒီတစ်ပတ်မှာတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ဖြစ်ပေါ်လာတာနဲ့ပတ်သက်လို့ The Nation Voice အနေနဲ့ ဖော်ပြသွားပါမယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် စတင်ခြင်း)

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဆိုတဲ့ အသုံးအနှုန်းကိုပြောင်းလဲ အသုံးပြုဖို့ ၂၀၂၃ ခု နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။ တစ်ဆက်တည်းမှာပဲ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်အနေနဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နိုင်ဖို့အတွက် ကြို တင်ပြင်ဆင်ရေးဆိုင်ရာဥပဒေကိုလည်း အဲဒီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မရှင်မှာ ဘယ်အစုအဖွဲ့တွေ ပါဝင်ကြလဲ)

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်လို့ ပြောင်းလဲခေါ်ဆိုသုံးနှုန်းဖို့ အတည်ပြုအပြီး ၂ လကျော်အကြာ ၂ဝ၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် အထူးအစည်းဝေးက အတည်ပြုခဲ့ပါတယ်။ ကော်မရှင်ကို အစုအဖွဲ့ ၅စုက အဖွဲ့ဝင် ၅၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်မှာပါဝင်တဲ့ အဖွဲ့ဝင်များ)

(၁) ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှ ရွေးကောက်ခံရသော လွှတ် တော်ကိုယ်စားလှယ်များ၊

(၂) ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ခံရသော တိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များနှင့် ဌာနေတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်များ၊

(၃) စီဒီအမ် (CDM) နိုင်ငံ့ဝန်ထမ်းများ၊

(၄) လေးစား ယုံကြည်ခံရသူများနှင့် သပိတ်ခေါင်းဆောင်များ၊

(၅) နိုင်ငံရေးပါတီများ မှ ကိုယ်စားလှယ်

(မူကြမ်း)ရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်တွေ ၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက်မှာတော့ ကြားကာလဖွဲစည်းပုံအခြေခံဥပဒေပါဝင်တဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပခဲ့ပြီး အခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

(ရေးဆွဲစဉ်ကာလ အတွင်း ပြည်တွင်း၊ ပြည်ပက ဥပဒေပညာရှင်တွေ၊ ဖက်ဒရယ်ရေးရာပညာရှင်တွေ၊ နိုင်ငံရေးသုတေသီတွေနဲ့ချိတ်ဆက်ပြီး သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်)

(စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးဆွဲရာမှာ ကိုးကားခဲ့သည့် နိုင်ငံရေးမှတ်တမ်းများ)

(က) ဒေါ်အောင်ဆန်းစုကြည်၏ ဖက်ဒရယ်မူ ၆ ချက်၊

(၈) ၂၁ ပင်လုံညီလာခံမှ သဘောတူညီမှုရရှိခဲ့သော ပြည်ထောင်စုသဘောတူ စာချုပ်များ၊

(ဂ) UNFC တင်သွင်းသည့် ဖက်ဒရယ်မူဝါဒ စာတမ်းများ ၊

(ဃ) တော်လှန်ရေးအဖွဲ့ ( ၁၂ ) ဖွဲ့ ၊ ( PPST / KIO / KNPP ) တို့ သဘောတူထားသည့် အခြေခံမူ (၂၄) ချက်၊

(င) ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) (၂ဝ၂၁)

(စ) ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ ချုပ်က ထုတ်ပြန်ထားသည့် ညီညွတ်ရေး ကော်မတီ၏ ကြေညာစာတမ်း၊

( ဆ ) အခြားသော ပြည်တွင်း၊ ပြည်ပ ဖက်ဒရယ်စာတမ်းများ၊ ဥပဒေများ၊ မှတ်စုများ၊

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်သည် အစည်းအဝေး အကြိမ်ပေါင်း (၁၁၅ကြိမ် ပြုလုပ်ခဲ့ကြပြီး အခန်းပေါင်း (၁၈)ခန်း၊ ပုဒ်မပေါင်း (၁၉၈)ခု ပါဝင်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ရေးဆွဲခဲ့ကြပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ၂၀၂၄ခု နှစ် ဖေဖော်ဝါရီ ၆ ရက်မှာ စတင်ရေးဆွဲပြီး အောက်တိုဘာ ၂၃ မှာ အပြီးသတ်ခဲ့ပါတယ်။ ရေးဆွဲချိန် ၉ လကြာမြင့်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းခဲ့ ပါတယ်။

The Nation Voice မှ ရေးသားသည်။

ကလေးအဆုတ်ရောင်ရောဂါ

 

ဒီတစ်ပတ် “ကျန်းမာရေး” ကဏ္ဍ အတွက် မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ အခုလို ဆောင်းရာသီမှာ ကလေးတွေ အဖြစ်များတဲ့ နမိုးနီးယား လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါအကြောင်းဖြစ်ပါတယ်။

ကလေးတွေမှာဖြစ်တဲ့ အဆုတ်ရောဂါတွေထဲကမှ အဆုတ်ရောင်ရောဂါဟာ ဖြစ်ပွါးနှုန်းများသလို သေဆုံးမှုနှုန်းလည်းများတဲ့အတွက် အရေးကြီးတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

ဘယ်လိုကိစ္စရပ်တွေက ကလေးအဆုတ်ရောင်ရောဂါကို ပိုဖြစ်စေနိုင်သလဲဆိုရင် ၅ နှစ်အောက်ကလေးတွေ၊ ကာကွယ်ဆေးပုံမှန်မထိုးခဲ့ရတဲ့ကလေးတွေ၊ အစာအာဟာရအုပ်စု စုံလင်အောင်မကျွေးခဲ့တဲ့ သို့မဟုတ် စုံလင်အောင်မစားတဲ့ကလေးတွေ၊ မွေးဖွားစဉ်က လမစေ့ ပေါင်မပြည့်ခဲ့တဲ့ ကလေးတွေ၊ လူဦးရေ ထူထပ်ပြွတ်သိပ်တဲ့ အိမ်နဲ့ အိမ်ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့ ကလေးတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ထို့အတူပဲ လေထုမသန့်ရှင်းတဲ့ နေရာပတ်ဝန်းကျင်မှာ နေရတဲ့ကလေးတွေ၊ ဥပမာအားဖြင့် အိမ်မှာအတူနေထိုင်တဲ့သူတွေထဲမှာ ဆေးလိပ်သောက်သူရှိရင်၊ အိမ်မှာ ထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီး အစရှိသဖြင့် အသုံးပြုသောကြောင့် မီးခိုးငွေ့ အမြဲ ရှူရှိုက်နေရတဲ့ ကလေးတွေမှာလည်း အဆုတ်ရောင်ရောဂါ ပိုဖြစ်ပွါးနိုင်ပါတယ်။

အဆုတ်ရောင်ရောဂါဟာ ဘက်တီးရီးယားပိုးကြောင့် အဖြစ်အများဆုံးဖြစ်ပြီး ဗိုင်းရပ်စ်ပိုး နဲ့ မှိုပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဆုတ်ရောင်ရောဂါ ကူးစက်ခံရနိုင်တဲ့နည်းလမ်းတွေကတော့ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပိုးမွှားများ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ပိုးရှိသူတစ်ဦးရဲ့ နှာချေ ချောင်းဆိုးတဲ့ထဲ ပါလာတဲ့ မမြင်ရနိုင်သော အစက်အမှုန်လေးတွေထဲမှာ ရောဂါပိုးများပါလာပြီး ရှူသွင်းမိသူ ကူးစက်ပါတယ်။

ကိုယ်ပူဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းများဟာ သာမန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါ လက္ခဏာတွေကတော့ ထိုသာမန်လက္ခဏာများအပြင် ပုံမှန်ထက် အသက်ရှူမြန်ခြင်း၊ ရင်ဘတ်နံရိုးအောက်ဘက်ချိုင့်အောင် အသက်ရှူနေခြင်း၊ နှာခေါင်းထိပ်ဖျား ဖောင်းပွလိုက် ပိန်လိုက်ဖြစ်အောင် အသက်ရှူနေခြင်းများနှင့် တစ်နှစ်အောက် ကလေးငယ်တွေမှာဆိုရင် အသက်ရှူရာမှာ ညည်းသံနှင့် ရှူနေရခြင်း များ ဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါပြင်းထန်အဆင့်ရဲ့ အရေးကြီးတဲ့ အန္တရာယ်လက္ခဏာတွေကတော့ နှုတ်ခမ်းများ ပြာနှမ်းလာခြင်း၊ ကလေးငယ်တွေမှာ နို့မစို့နိုင်ခြင်း၊ အစားမစားနိုင်ခြင်း၊ စို့သမျှနို့၊ စားသမျှအစာ ပြန်အန် ခြင်း၊ ကလေးမလန်းဆန်းဘဲ နုံးခွေပျော့နေခြင်း၊ ပုံမှန်ထက် ပိုအိပ်နေခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ မောဟိုက်စွာ အသက်ရှူနေရခြင်းများ ဖြစ်ပါတယ်။ အာဟာရအလွန် ချို့တဲ့နေသော ကလေးများဆိုလျှင် ရောဂါပိုပြင်းထန်နိုင်တဲ့အတွက် ပိုအန္တရာယ်များနိုင်ပါ တယ်။

အဆုတ်ရောင်ရောဂါဟာ အချိန်မီကုသလျှင် သက်သာပျောက်ကင်းနိုင်ပါတယ်။ မိမိရဲ့ကလေးမှာ အထက်ပါရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ကျန်းမာရေးဌာန ဆေးရုံဆေးခန်းကို အမြန်သွားပြရန်လိုပါတယ်။ ကျန်းမာရေးဝန်ထမ်းမှ စမ်းသပ်ကြည့်ရှုပြီး လိုအပ်ပါက ဆေးရုံတက်၍ ပိုးသတ်ဆေးထိုးခြင်း၊ အောက်ဆီဂျင်ရှူခြင်း၊ ဆေးရှူခြင်းများဖြင့် ကုသမှုခံယူရပါမယ်။

ကလေးအဆုတ်ရောင်ရောဂါကို တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကလေးငယ်များကို မွေးကင်းစမှ အသက် ၆ လအထိ မိခင်နို့တစ်မျိုးသာ တိုက်ကျွေးခြင်း၊ ကလေး ကာကွယ်ဆေးများကို အချိန်မှန် အကြိမ်စေ့ထိုးနှံပေးခြင်း၊ အိမ်တွင်းနှင့်အိမ်ပတ်ဝန်းကျင် လေထု မညစ်ညမ်းအောင် နေထိုင်ခြင်း၊ အာဟာရ စုံလင်ပြည့်ဝအောင် စားခြင်း၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

ကလေးငယ်တွေမှာ ဖြစ်ပွါးမှုနှုန်းများပြီး သေဆုံးမှုနှုန်းလည်းများတဲ့ အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာများကို သတိမူမိပြီး မိမိကလေးမှာ အရေးကြီးတဲ့လက္ခဏာတစ်ခုခုဖြစ်ပေါ်လာရင် နီးစပ်ရာကျန်းမာရေး ဌာနများသို့ သွားရောက်ကုသမှု ခံယူခြင်း ဖြင့် ကလေးငယ်များရဲ့ ရောဂါပြင်းထန်မှုနဲ့ အသက်အန္တရာယ်ထိခိုက်မှုများကို ကာကွယ်ပေးကြပါစို့ရှင်။

ဒေါက်တာစန္ဒီ CDM အထွေထွေဆရာဝန် ရေးသားသည်။