Home Blog Page 5

မြိုင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကြောင့် ရိုးရာနတ်ပွဲ မကျင်းပနိုင်

ဇူလိုင် ၂၇
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းမှာ နှစ်စဉ်ကျင်းပနေကျ ရိုးရာနတ်ပွဲကို လေကြောင်းအန္တရာယ်ကြောင့် မကျင်းပနိုင်ဘူးလို့ မြိုင်မြို့နယ်ခံတွေဆီက စုံစမ်းသိရပါတယ်။
မြိုင်မြို့နယ် အနောက်ပိုင်းက ဆင်စိန်းနတ်ပွဲကို နှစ်စဉ် ဝါဆိုလပြည့်ကျော် ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ကျင်းပလေ့ရှိတယ်လို့ဆိုပါတယ်။
“ ဒီနှစ်က မလုပ်ဖြစ်ဘူး။ လေကြောင်းအန္တရာယ်ကြောင့်ပါ။ ကိုဗစ်ကာလကနေ အာဏာသိမ်းကာလတလျှောက်လုံး မနှစ်ကပဲ ပွဲလုပ်ခဲ့ပါတယ်။ ဈေးသည်တွေကတော့ နှစ်စဉ်အားထားပြီး ရောင်းချရာ နေရာပျောက်တာပေါ့ ။ဒါကသူတို့ရဲ့ ရောင်းရေး ဝယ်တာဆိုတော့လေ” လို့ မြိုင်နယ်ခံအမျိုးသားတစ်ဦးက The Nation Voice ကိုပြောပါတယ်။
ရိုးရာနတ်ပွဲမှာ အနောက်ကတော်လို့ ခေါ်တဲ့ အ‌မေရေယဉ်၊ ကိုကြီးကျော်၊ အိမ်တွင်းနတ် ခုနစ်ဖော် စတဲ့နတ်တွေနဲ့ဆိုင်တဲ့ ပြည်သူတွေကတော့ ဆန်ကို ဆုံထည့်ပြီး ပူဇော်ရတဲ့ အစိမ်းဆုံ၊ ငါးကြော် ထမင်းဖြူ စတာတွေနဲ့ ပူဇော်ရတဲ့ အကျက်ဆုံတို့နဲ့ ပူဇော်တာအပြင် မြိုင်၊ ပေါက်၊ ရေစကြို၊ မုံရွာ၊ ပခုက္ကူနယ်ဘက်က ဒေသခံအများစုကတော့ နတ်ကိုပူဇော်ပသတာထက် ဈေးရောင်း၊ ဈေးဝယ်သွားကြတာများတယ်လို့ ဆိုပါတယ်။
အဲဒီပွဲဟာ နတ်ပွဲဆိုပေမယ့် ဒေသထွက်ကုန်တွေဖြစ်တဲ့ တောင်သူ၊ ယာသမားတွေသုံးကြတဲ့ ဓား၊ တံစဉ်၊ ပေါက်ပြား၊ ငန်းပြား၊ တောင်း၊ ဆန်ကော၊ ဆန်ကာ၊ ထွန်သွား၊ ထွန်ထည်၊ မြေအိုး၊ မြေခွက်၊ အဝတ်အထည်၊ ပဲလှော်မျိုးစုံနဲ့ ဆေးရွက်ကြီး စတာတွေကို တစ်နေရာတည်းမှာ စုစည်း ရောင်းဝယ်ကြတဲ့ ပွဲတော်တစ်ခုလို့ မြိုင်မြို့နယ်ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ငြိမ်း ရေးသားသည်။

အင်းစိန်နဲ့အိုးဘိုအကျဉ်းထောင်ကနေ ၁၆ ဦးအောင်၊ ၁၄ ဦး ဂုဏ်ထူးပါ

ဇူလိုင် ၂၈
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို အကျဉ်းထောင်များက ဖြေဆိုခဲ့ကြသူများရှိရာ ရန်ကုန်က အင်းစိန် ဗဟိုအကျဉ်းထောင် က ၁၀ဦးနဲ့ မန္တလေးက အိုးဘိုအကျဉ်းထောင်ကနေ ၆ ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းထောင်မှ အောင်မြင်သူ ၁၆ ဦးထဲမှာ သုံးဘာသာဂုဏ်ထူးက ၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးက ၄ ဦး နဲ့ တစ်ဘာသာ ဂုဏ်ထူးက ၄ ဦး ရရှိခဲ့လို့ ရိုးရိုးအောင်သူ နှစ်ဦးသာ ရှိပါတယ်။
ငလျင်ကြောင့် စာဖြေလွှာများ မီးလောင်ပျက်စီးခဲ့မှုကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရသူများထဲတွင် အိုးဘိုထောင်မှ စာဖြေသူများလည်း ပါဝင်ခဲ့ပါတယ်။
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မှာ ဖြေဆိုသူကျောင်းသားကျောင်းသူတွေ မနှစ်ကထက်များခဲ့ပေမယ့် အောင်ချက်ရာခိုင်နှုန်းကတော့ လျော့နည်းခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူက မကွေးတိုင်း စကုမြို့တွင် ပညာသင်ကြားခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဖြေဆိုသူက ၁၇,၈၇၇ ဦးရှိပြီးတော့ တစ်သောင်းနီးပါ အောင်မြင်ခဲ့တာဖြစ်လို့ အောင်ချက်ရာနှုန်းက ၅၂ ရာခိုင်နှုန်းရှိပါတယ်။
ကံ့ကော် ရေးသားသည်။

အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူနှစ်ဦးသေဆုံး၊ ခုနှစ်ဦးဒဏ်ရာရ

ဇူလိုင် ၂၇
မကွေးတိုင်း၊ ပေါက်မြို့နယ်က ဆေးခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
ဇူလိုင်လ ၂၆ရက် ညနေ ၃နာရီ ၄၅မိနစ်ဝန်းကျင်မှာ ပေါက်မြို့နယ်၊ စံဖဲရွာဆေးခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“ စုစုပေါင်းနှစ်ဦးသေ၊ နေရာမှာတင် တစ်ဦးသေ၊ တစ်ဦးက နောက်မှသေတာ ထိတာ ကိုးဦး”လို့ ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူကိုးဦးကိုထိမှန်ခဲ့ပြီး သက်ကြီးပိုင်းအရွယ် ဒေသခံနှစ်ဦးသေဆုံးခဲ့ကာ သုံးဦးကတော့စိုးရိမ်ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပြင် ကျန်းမာရေးဆိုင်ရာအဆောက်အဦးတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ငြိမ်း ရေးသားသည်။

လေကြောင်းရန် ဂရုပြုနေထိုင်ကြဖို့ နွားထိုးကြီး ပကဖ သတိပေး

ဇူလိုင် ၂၇
အာဏာသိမ်းစစ်တပ်ရဲ့‌လေကြောင်းရန်အန္တရာယ်ကို ဂရုပြုနေထိုင်ကြဖို့ ဇူလိုင်လ ၂၇ရက်နေ့မှာ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြို့နယ်အတွင်းမှာရှိတဲ့ စစ်ရေးမဟုတ်တဲ့ ရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်တာ၊ ဟောင်ဝှစ်ဇာတွေ၊ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လိုသိရပါတယ်။
အခုလိုလုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အမြဲသတိဝီရိယနဲ့နေထိုင်ကြဖို့၊ ဗုံးခိုကျင်းတွေကို အိမ်ရဲ့ လူဦးရေပေါ်မူတည်ပြီး အကျယ်အဝန်းကိုတွက်ဆကာ စနစ်တကျ ခိုင်ခိုင်ခံ့ခံ့ တူးထားကြဖို့၊ တတ်နိုင်သမျှ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်ရာတွေမှာ သွားလာနေထိုင်တာမျိုး လုံးဝမလုပ်ကြဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုအပ်လို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို အမြဲလိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ လေယာဉ်လာတဲ့အခါ ထွက်ကြည့်ပြီး စူးစမ်းတာမျိုးလုံးဝမလုပ်ဖို့နဲ့ လေယာဉ်လာတဲ့အခါ ဦးတည်ရာမဲ့ ပြေးတာမျိုးတွေမလုပ်ပဲ စနစ်တကျ ဗုံးခိုကျင်းထဲကိုဝင်ဖို့၊ အပြင်ကိုရောက်နေရင် အတတ်နိုင်ဆုံး လုံခြုံဘေးကင်းတဲ့နေရာမှာ နေဖို့ကိုလည်း သတိပေးထားပါတယ်။
ဒါ့အပြင် မသေချာ၊ မခိုင်လုံတဲ့ ကောလဟာလ စစ်ရေးသတင်းတွေကို ပတ်ဝန်းကျင်မှာ ဖြန့်ဝေတာ၊ ဆိုက်ဝါးထည့်တာမျိုးတွေလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တစ်ခုခုဆိုရင် သတင်းအချက်အလက်ခိုင်မာတဲ့ သတင်းရင်းမြစ်တွေဆီက စုံစမ်းမေးမြန်းပြီးမှ အတည်ပြုကြဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၈ရက် ညပိုင်းမှာ နွားထိုးကြီးမြို့နယ်၊ အောင်သာရွာအနောက်ဘက်က သိမ်တော်ကုန်းဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရပြီး စေတီနဲ့ တံတိုင်းတို့လည်းပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၃ရက် ညနေ ၄နာရီခန့်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ဟေဇယ် ရေးသားသည်။

၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ဦးရေ များလာပေမယ့် အောင်ချက်ရာခိုင်နှုန်းကျဆင်း

ဇူလိုင် ၂၇
အာဏာသိမ်းစစ်တပ် လက်အောက်ခံ အခြေခံပညာကျောင်း‌တွေမှာ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ဦးရေမှာ အရင်နှစ်ကထက် ထက်ဝက်နီးပါး များပေမယ့် အောင်ချက်ရာခိုင်နှုန်းက ကျဆင်းတယ် လို့ ဒီနေ့ ထုတ်ပြန်တဲ့ အောင်စာရင်း အရ သိရပါတယ်။
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ တစ်နိုင်ငံလုံး နှစ်သိန်းကျော် ရှိခဲ့ပြီး အောင်မြင်သူက ၉၉၉၂၄ ရှိခဲ့ရာ အောင်ချက်က ၄၈ ရာခိုင်နှုန်း ရှိပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံး ဖြေဆိုသူ ၁၂၈၈၂၀ ရှိခဲ့ပြီး ခုနှစ်သောင်းကျော် အောင်မြင်ခဲ့ရာ အောင်ချက်က ၆၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှစ်ကြိမ် ဖြေဆိုခဲ့ရတဲ့ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ ကချင်ပြည်နယ်က စာစစ်ဌာန တွေမှာ လည်း အောင်ချက်ရာနှုန်းက ဖြေဆိုသူအားလုံးရဲ့ ထက်ဝက်နီးပါး သာအောင်မြင်ခဲ့ပါတယ်။
စာမေးပွဲ နှစ်ကြိမ်ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်းမှာ ဖြေဆိုသူ သုံးသောင်းကျော်မှာ အောင်ချက်က ၅၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်က ရှစ်ထောင်ကျော်ဖြေတာ လေးထောင်ကျော် အောင်မြင်ပြီး ၄၈ ရာခိုင်နှုန်း၊ နေပြည်တော် မှာ ဖြေဆိုသူ တစ်သောင်းကျော်ရှိရာ အောင်ချက်က ၄၆ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ ဖြေဆိုသူ တစ်သောင်းနီးပါးရှိရာ အောင်ချက်က ၄၄ ရာခိုင်နှုန်း ရှိပါတယ်။
ပြည်တွင်းစာစစ်ဌာနတွေထဲမှာ ဖြေဆိုသူ အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ ၁၃၂ ဦးဖြေတာ ၆၈ဦး အောင်ပါတယ်။ ချင်းပြည်နယ်မှာ တော့ ၄၀၈ ဦး ဖြေပြီးတော့ တစ်ရာကျော်အောင်မြင်ခဲ့တာမှာ အောင်ချက်ရာခိုင်နှုန်းအနည်းဆုံး ဒေသဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ကိုးထောင်နီးပါးဖြေဆိုခဲ့တာမှာ ငါးထောင်ကျော်အောင်လို့ အောင်ချက်ရာခိုင်နှုန်း ၅၇ ရာခိုင်နှုန်းနဲ့ အောင်ချက်အများဆုံးဒေသ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဖြေဆိုသူက ၁၇၈၇၇ ဦးရေရှိပြီးတော့ တစ်သောင်းနီးပါ အောင်မြင်ခဲ့တာမို့ အောင်ချက်ရာနှုန်းက ၅၂ ရာခိုင်နှုန်းရှိပါတယ်။
ပြည်ပ စာစစ်ဌာနတွေမှာ ဖြေဆိုသူ အယောက် ၂၀ ရှိတာမှာ ၁၉ ဦး အောင်မြင်ခဲ့ပါတယ်။
ကံ့ကော် ရေးသားသည်။

မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

ဇူလိုင် ၂၆
ပြည့်စုံစွာ ဆေးဝါးကုသမှုမရရှိခဲ့ဘဲ ကွန်လွန်ခဲ့သူ မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မဝတ်ရည်အောင်သည် လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသူ ဖြစ်တဲ့အတွက် ကျောင်းသားမျိုးဆက် အသီးသီးအတွက် စံနမူနာ ဖြစ်စေဖို့ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းခဲ့တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်ကို တော်လှန်ခဲ့ပြီး ဖမ်းဆီးထောင်ချခံရချိန်မှာလည်း ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့သူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် သည် ထောင်ဒဏ် ခုနှစ်နှစ် ကျခံနေရသူဖြစ်ပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကို လုံလောက်စွာဆေးကုသခွင့်မရတာကြောင့် ဇူလိုင်လ ၂၀ ရက်နေ့က အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့အချိန်မှသာ အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။
မဝတ်ရည်အောင် ဟာ အတက်ရောဂါ၊ လေဖြန်းရောဂါ၊ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ပြီးတော့ အကျဉ်းကျခံရချိန် လေးနှစ်အတွင်းမှာ ဆေးကုသမှု ၁၅ ကြိမ် ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။
အကျဉ်းထောင်ဆေးရုံမှာ ငါးကြိမ်၊ အိင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ၁၀ ကြိမ် ဆေးကုသမှုပေးခဲ့တာဖြစ်လို့ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ရရှိတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသမှု မရရှိလို့ သေဆုံးတာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။
မဝတ်ရည်အောင် သည် ဇူလိုင်လ ၁၉ ရက်နေ့မှာ အတက်ရောဂါ ခံစားခဲ့ရပြီးနောက် အကျဉ်းထောင်ဆေးရုံအုပ်က ကုသပေးခဲ့တာ မသက်သာလို့ အင်းစိန်ဆေးရုံကြီးမှာ ဆက်လက် ကုသပေးသော်လည်း အတက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းတာ၊ နှလုံးအားနည်းတာကြောင့် ကွယ်လွန်ခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကံ့ကော် ရေးသားသည်။

စာစစ်ဌာန နေရာ တစ်ရာကျော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မကပ်နိုင်

ဇူလိုင် ၂၆
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်သွားမည်ဖြစ်ရာ တိုင်းနဲ့ ပြည်နယ် ၁၁ ခုက စာစစ်ဌာန နေရာ တစ်ရာကျော် မှာ အောင်စာရင်းမကပ်နိုင်ဘဲ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ နေ့စဉ်ထုတ် သတင်းစာမှာ ကြေညာထားပါတယ်။
မနက်ဖြန်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တရက်တည်း တပြိုင်တည်း ထုတ်ပြန်ရမှာ ဖြစ်လို့ အောင်စာရင်း မကပ်နိုင်တဲ့နေရာတွေကို မနက် ၆ နာရီကနေ စပြီး မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်ကနေ ထုတ်လွှင့်သွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီလိုရေဒီယိုကနေ ကြေညာတာ လို့ အကြောင်းပြထားပေမယ့် အောင်စာရင်းမကပ်နိုင်တဲ့ မြို့တွေအများစုက တော်လှန်ရေးတပ်တွေ ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။
ရေဒီယိုကနေ အောင်စာရင်း ထုတ်ပြန်ပေးမယ့် စာစစ်ဌာနတွေထဲမှာ ကချင်ပြည်နယ်မှာဆိုရင် ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဗန်းမော်၊ ရွှေကူ၊ ကယားပြည်နယ်မှာဆို လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှာဆို မြဝတီ စာစစ်ဌာန ၊ ချင်းပြည်နယ် ဆို ဟားခါးနဲ့ တီးတိန်၊ ရှမ်းပြည်နယ်ဆို မူဆယ်၊တန့်ယန်း ၊ မကွေးတိုင်းထဲမှာ ဆိုရင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါနဲ့ကျော စတဲ့ မြို့တွေ ပါဝင်နေပါတယ်။
မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ခဲ့ရာ မန္တလေး၊စစ်ကိုင်း၊ရှမ်း၊ ကချင်က စာဖြေလွှာတွေ မီးထဲပါသွားလို့ နေပြည်တော်အပါအဝင် အဲဒီ စာစစ်ဌာနက ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ရပါတယ်။
ကံ့ကော် ရေးသားသည်။

အညာစာပေစကားဝိုင်း

 

The Nation Voice က ဦးဆောင်တဲ့ အညာစာပေစကားဝိုင်းလေးကို စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေကြရတဲ့ကြားက ဝိုင်းဖွဲ့နိုင်ခဲ့ကြပါတယ်။ ပုံမှန်ဆွေးနွေးပွဲလေးကို လူငယ်ဝိုင်းတော်သားတွေနဲ့ကျင်းပခဲ့တာပါ။ အချိန်အပိုင်းအခြားနဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေကြောင့် အားနည်းချက်တွေတော့ ရှိနေဦးမှာလို့ တင်ကြိုခွင့်ပန်ပါရစေ။

ပုံမှန်အတိုင်းပါပဲ။ စကားဝိုင်းလေးကို ကိုစည်၊ ကိုစနေ၊ ကိုမိုး၊ အေမီနဲ့ နေခြည်တို့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီတပတ်မှာတော့ စာရေးဆရာ သိုးဆောင်းရေးသားတဲ့ အကြင်သူသည်ဆိုတဲ့ ဝတ္ထုကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

စကားဝိုင်းလေးကို ကိုစည်က စတင်လိုက်ပြီး “ဒီနေ့ ကျွန်တော်ဆွေးနွေးမှာကတော့ စာရေးဆရာ သိုးဆောင်းရေးသားတဲ့ အကြင်သူသည်ဆိုတဲ့ ဝတ္ထုလေးကို ဆွေးနွေးမှာပါ။ ဒီဇာတ်လမ်းမှာ လှည့်လည်ပြီး ဖျော်ဖြေနေရတဲ့ သဘင်သည်မလေး ရှိတယ်ဗျာ။ သဘင်သည်မလေးက သူဌေးသားလေး နန်းနွယ်ရှိတဲ့မြို့ကို ဖျော်ဖြေဖို့ရောက်လာခဲ့တယ်ဗျ။ အဲဒီအချိန်မှာ သူဌေးသားလေး နန်းနွယ်က သူ့ကို မြင်မြင်ချင်းပဲ နှစ်သက်သွားတယ်ပေါ့ဗျာ။ နန်းနွယ်နဲ့ ပါလာတဲ့ သူ့ သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ နန်းနွယ်သူငယ်ချင်းကတော့ ဒီသဘင်သည်မလေးက ဘာဆိုတာ သိပြီးသား။ မြင်လည်း မြင်ဖူးပြီးသား။ နောက်နေ့ကျတော့ နန်းနွယ်က သဘင်သည်မလေးကို တွေ့ဖို့သွားတော့ သူနေမကောင်းဘူးအထင်နဲ့ စိုးရိမ်တာပေါ့ဗျာ။ တကယ်က နေမကောင်းလို့မဟုတ်ဘူး အခကြေးငွေယူပြီး ယောက်ျားတွေနဲ့ ပျော်ပါးရတဲ့ ပြည့်တန်ဆာမလေးဖြစ်နေတာ။ နန်းနွယ် က သဘင်သည်မလေးဆီကို တစ်ယောက်တည်း သွားတဲ့ညမှာပဲ နန်းနွယ်ရဲ့ သူငယ်ချင်းကလည်း ပျောက်နေတာ။ တကယ်တော့ နန်းနွယ်ရဲ့ သူငယ်ချင်းက ပြည့်တန်ဆာမလေး နဲ့သွားပြီး ပျော်ပါးနေခဲ့တာ။ သဘင်သည်မလေးကလည်း ပြည့်တန်ဆာ ဖြစ်ချင်လို့ ဖြစ်နေတာမဟုတ်ဘူး။ သဘင်ခေါင်းဆောင်ရဲ့အိမ်မှာ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် သဘင်ခေါင်းဆောင်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရ တာဗျ။ ဒါပေမယ့် သဘင်သည်မလေးက ဒီလိုအလုပ်တွေလုပ်ဖို့အတွက် ဆန္ဒမရှိဘူး။ တော်တော်လေးကို ညည်းငွေ့နေတာ၊ ဒီအခြေအနေကို နန်းနွယ်က သိသွားတယ်။ သိသွား ပြီးနောက်ပိုင်းမှာ သဘင်သည်မလေးကို အခကြေးငွေပေးပြီး ငှားတယ်။ တခြားယောက်ျား တွေလိုပျော်ပါးတာမျိုး မဟုတ်ဘဲ သဘင်သည်မလေးကို အိပ်စက်အနားယူခိုင်းတယ်။ နောက် ပိုင်းကျတော့ သဘင်အဖွဲ့ခေါင်းဆောင်က ဈေးတွေ တိုးတိုးပြီးတောင်းတယ်၊ တခြား ယောက်ျားသားတွေကလည်း သူ့ကို တအားစိတ်ဝင်စားကြတယ်။ သူဌေးလေးနန်းနွယ်ကလည်း သဘင်သည်မလေးကို အခကြေးငွေငှားရင်းနဲ့ စည်းစိမ်တွေပြုတ်တဲ့အထိ ဖြစ်လာတယ်။ မြို့မှာရှိတဲ့ လူတွေကလည်း အရင်က လေးစားခဲ့ကြပေမယ့် ပြည့်တန်ဆာမကြောင့် စည်းစိမ်တွေ ပြုတ်သွားတယ်ဆိုပြီး ဘယ်သူမှ မလေးစားကြတော့ဘူး။ သူ့ကို အရူးလို့တောင် ဝိုင်းလှောင်ပြောင်ကြတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းအကျဉ်းချုပ်လေးကို ဒီမှာပဲရပ်ထားချင်တယ်” လို့ ဆိုကာ တခြားညီကိုမောင်နှမတွေရော ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး အမြင်လေးတွေ ဆွေးနွေးပေးကြဖို့ ပြောဆိုလိုက်ပါတယ်။

စကားဝိုင်းရဲ့ တစ်ဖက်မှာထိုင်နေတဲ့ ကိုစနေက ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး သူဌေး လေးနန်းနွယ်အပေါ်မှာ အမြင်ဘယ်လိုရှိတယ်၊ သဘင်သည်မလေးအပေါ်မှာ အမြင်ဘယ်လိုရှိတယ်၊ ဇာတ်ခေါင်းဆောင်ရဲ့အပေါ်မှာ အမြင်ဘယ်လိုရှိတယ်.. ညီတွေ ညီမတွေရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

စကားဝိုင်းရဲ့ တောင်ဘက်ထိပ်မှာထိုင်နေတဲ့ အေမီကလည်း မင်းသမီးလေးဟာ အင်မတန် သနားစရာကောင်းတယ်။ သူ့ရဲ့ စိတ်ဆန္ဒမရှိဘဲ ဇာတ်ခေါင်းဆောင်ခိုင်းသမျှ လိုက်လုပ်နေရတယ်လို့ ဆွေးနွေးပြောဆိုပါတယ်။

ဝိုင်းရံတဖက်မှာထိုင်နေတဲ့ သီရိကလည်း လက်ရှိ ခေတ်ကာလနဲ့ ကြည့်မယ်ဆို မင်းသမီးလေးက စိတ်ဆန္ဒမပါဘဲ ပြည့်တန်ဆာလုပ်နေရတဲ့အတွက် အမျိုးသမီးတစ်ယောက် ရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လက်ရှိအခြေအနေမျိုးဆို ရတဲ့ပုံစံနဲ့ တိုက်ပြီးယူကြမှာပဲ။ ဒီဝတ္ထုကို ကြည့်ရုံနဲ့ အရင်ခေတ်ကာလတွေက အမျိုးသမီးတွေဟာ တဆင့်နှိမ့်ဆက်ဆံခံရတယ်၊ အမျိုးသမီးတွေဟာ သူများတွေ ဖိနှိပ်သမျှ ခံနေရတယ်ဆို အထင်းသားမြင်ရတယ်လို့ ဆိုပါတယ်။

ကိုစနေက သီရိရဲ့စကားနဲ့ ပတ်သက်ပြီး ဒီလိုမျိုးဖိနှိပ်တာဟာ ဇာတ်ခေါင်းဆောင်က ဖိနှိပ်တာလား မင်းသမီးလေးနဲ့ ပျော်ပါးနေတဲ့ ယောက်ျားတွေကို ဆိုလိုတာလားလို့ မေးခွန်းထုတ်လိုက်ပြီး သီရိကလည်း ဇာတ်ခေါင်းဆောင်ကိုဆိုလိုတာလို့ ပြန်ဖြေပါတယ်။

စကားဝိုင်းမှာပါဝင်ဆွေးနွေးနေတဲ့ နေခြည်ကလည်း အရင်ခေတ်ကာလမှ မဟုတ်ဘူး အခုခေတ်မှာလည်း ပြည့်တန်ဆာအလုပ်ကို ဝါသနာအရလုပ်နေသူတွေရှိသလို အကြောင်း အမျိုးမျိုးကြောင့် လုပ်နေရသူတွေလည်း ရှိပါတယ်။ စိတ်ဆန္ဒမပါဘဲ သူတို့ရဲ့ မိသားစု အခက်အခဲကို ဖြေရှင်းဖို့အတွက် ပြည့်တန်ဆာအလုပ်ကို လုပ်နေရသူတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာလည်း ပြည့်တန်ဆာလို့ပြော လိုက်တာနဲ့ ဒီလိုအမျိုးသမီးတွေကို ရွံစရာ အဖြစ်သတ်မှတ်ကြတယ်။ ဒါပေမယ့် အခုဝတ္ထုလေးနဲ့ သုံးသပ်ကြည့်လိုက်တဲ့အခါမှာ သူတို့မှာလည်း သူတို့အခက်အခဲနဲ့သူရှိတယ် ဆိုတဲ့ အတွေးတစ်ခုရတယ်။ ဒါပေမယ့် ဒီဝတ္ထုမှာ အားနည်းတာက သူ့အခွင့်အရေး သူရအောင်မယူရဲတာပဲ။ ငါမှ စိတ်မပါတာမလုပ်နိုင်ဘူးဆိုတဲ့ သတ္တိမရှိတာလို့ ဆိုပါတယ်။

ကိုမိုးကလည်း နေခြည်ရဲ့ ဆွေးနွေး ချက်နဲ့ ပတ်သက်ပြီး “ဟုတ်တယ် နေခြည် ပြောတာ လက်ခံတယ်။ အိန္ဒိယဇာတ်လမ်း တစ်ပုဒ်တောင်ရှိတယ် ဂန်ဂူးဘိုင် ဆိုတဲ့ ဇာတ်ကားလေး၊ သူကအကြောင်းအမျိုးမျိုး ကြောင့် ပြည့်တန်ဆာရုံကိုရောက်သွားတယ်။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ရတယ်ပေါ့လေ။ ဒါပေမယ့် သူအဲဒီပြည့်တန်ဆာရုံကြီးကို သွား ချင်လို့ သွားခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် သူ့ ဘဝပေးအခြေအနေအရ ပြည့်တန်ဆာလုပ်နေရပေမယ်လို့ ပြည့်တန်ဆာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အဝရအောင် တောင်းတယ်ပေါ့လေ။ ဒီဇာတ်လမ်းမှာတော့ကို တောင်းယူဖို့ အခွင့်မသာခဲ့ဘူး” လို့ သူ့ အမြင်ကို ပြောပြပါတယ်။

အမျိုးသမီးတွေ စကားဝိုင်းရဲ့ အဆုံးသတ်မှာတော့ ကိုစည်က ဒီဝတ္ထုကို ဆွေးနွေးပြီးနောက်ပိုင်း အမျိုးသားတွေကလည်း အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို မချိုးဖောက်မိအောင် နေကြဖို့ အမျိုးသမီးတွေအနေနဲ့လည်း မိမိရဲ့ အခွင့်အရေးကို တိုက်ယူတောင်းယူတတ်ကြဖို့ နန်းနွယ်လိုမျိုး မွန်မြတ်တဲ့ စိတ်ဓာတ်တွေကို မွေးမြူနိုင်ကြဖို့ အတွေးတစ်စကျန်တယ်လို့ ဆွေးနွေးပြီး စကားဝိုင်းလေးကို အဆုံးသတ်လိုက်ပါတယ်။

အညာစကားဝိုင်းလေးကို အခက်အခဲတွေကြားက ပြုလုပ်ရတာကြောင့် အားနည်း ချက်တွေရှိနေတာကို နားလည်ခွင့်လွှတ်ပြီး နောက်အပတ်တွေမှာလည်း စောင့်မျှော်ဖတ် ရှုပေးကြပါအုံးခင်ဗျာ။ အားလုံးကို ကျေးဇူး တင်စွာဖြင့် … … …။

ဖိုးစနေ ရေးသားသည်။

အယ်ဒီတာအာဘော်

 

တိုင်းရင်းသား လူမျိုးပေါင်းစုံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့ကြသည်ကို ပထမဦးစွာအသိအမှတ်ပြုဖို့လိုသည်။

သမိုင်းအဆက်အဆက် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြရာမှ ဗြတိသျှ ကိုလိုနီ၏ သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာ အတူတကွ ကျွန်ပြုခံခဲ့ရသည်။ ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများအတွက် အတူတကွ ပြန်လည်ရယူပြီးနောက် ပြည်ထောင်စုကြီး ထူထောင်ရန် ရည်ရွယ်ကာ ၁၉၄၇ ခုနှစ်၌ ပင်လုံညီလာခံကြီးအား ကျင်းပခဲ့သည်။

ပင်လုံညီလာခံကျင်းပခြင်းသည် ယခုဆိုလျှင် ၇၈ နှစ်ရှိပြီဖြစ်သည်။ ပင်လုံ စာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူပေါ်တွင် အခြေခံသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအခွင့်အရေးများကို ဦးတည်ရည်မှန်း၍ ပင်လုံစာချုပ်တွင် စုပေါင်းလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ထို့နောက် ဗြိတိသျှတို့ဆီမှ လွတ်လပ်ရေး ရရှိခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များသည် ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။ လူများစုဖြစ်တဲ့ ဗမာ ဖဆပလ ခေါင်းဆောင်များက ပျက်ကွက်ခဲ့သည်။ ၁၉၆၂မှ စခဲ့သည့် စစ်အာဏာသိမ်းမှုနှင့် အတူပေါ်လာသည့် စစ်အာဏာရှင်စနစ်ကြောင့် ဒီမိုကရေစီနှင့် လူအခွင့်အရေးတို့ ဆိတ်သုဉ်းခဲ့ရသည်။

အထူးသဖြင့် ၁၉၄၇ ပင်လုံ၌ ကတိပြုခဲ့သည့် တန်းတူရေးအခြေခံမှုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာသည့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးမှုများနှင့်အတူ ခုခံစစ်ဆင်နွှဲရင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်။

ပြည်တွင်းစစ်နဲ့အတူ မဟာလူမျိုးကြီးဝါဒကိုအခြေခံသည့် စစ်တပ်ကြီးစိုးရေး အတွေးအခေါ်များ အားကောင်းလာခဲ့သည်။ ပင်လုံကတိကဝတ်များအပေါ် အခြေခံထားသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် စစ်အာဏာရှင်တစုကြောင့် တိုင်းရင်းသားများအားလုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို ဆုံးရှုံးခဲ့ရသည်။ ဖိနှိပ်ခံ ခဲ့ကြရသည်။

ယခုကာလသည် တိုင်းရင်းသားလူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အသိအမှတ်ပြု အာမခံရေး၊ နိုင်ငံရေးနှင့် ဘာသာရေးရောထွေးမှု ကင်းစင်ရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ထပ်မံမပေါ်လာစေရေးအတွက် အရပ်သား အုပ်ချုပ်မှုအောက်တွင် စစ်တပ်ထားရှိရေး ဆိုသည့် စံနှုန်းမူများကိုကိုင်စွဲ၍ ပင်လုံကတိကဝတ်များကို ပြန်လည်အသက်သွင်းကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညှိနှိုင်းကြိုးပမ်းရမည့်အချိန်ဖြစ်ကြောင်း The Nation Voice က မြန်မာ့နိုင်ငံရေးသမားများနှင့် ခေါင်းဆောင်များကို သတိပေးနှိုးဆော်လိုခြင်း ဖြစ်ပါသည်။

စစ်ကိုင်း၊ မန္တလေး နဲ့ မကွေးရဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစု ပေါင်းစည်းရေးလား သီးခြားစီလှုပ်ရှားရေးလား

 

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက တချို့သော အစိတ်အပိုင်းတွေကို စုစည်းပြီး အညာလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ အညာဒေသရဲ့ လက်နက်ကိုင် တော်လှန်ရေးလို့လည်း ခေါ်ဆိုကြသလို အဆိုပါ ဒေသတွေမှာ လက်နက်ကိုင် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းကာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာ၊ မြို့တွေတိုက်ခိုက်သိမ်းယူတာတွေ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါး အတွင်းဖြစ်ပွားနေတာ အားလုံး သိရှိပြီး ဖြစ်ကြပါတယ်။ ၂၀၂၁ ခုနှစ် မေလနှောင်းပိုင်း ဇွန်လလောက်က စတင်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အစောပိုင်း ရွာအမည်၊ လူအမည်၊ နဲ့ တော်လှန်ရေး၊ လက်နက်ကိုင် လှုပ်ရှားမှုကို ထင်ဟပ်စေတဲ့ အမည်တွေ စသဖြင့် အမျိုးမျိုး မှည့်ခေါ်ခဲ့ကြပြီး နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက် ဝင်သွားတဲ့ အဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဆိုတဲ့ အမည်ကို ပြောင်းလဲခဲ့ကြပြီး သီးခြားရပ်တည်နေတဲ့ အဖွဲ့တွေကတော့ ၄င်းတို့ဘာသာ ၄င်းတို့ပေးထားတဲ့ အမည်နဲ့ အဖွဲ့တွေ အများအပြားရှိနေကြတာတွေ့ရပါတယ်။

ဥပမာအားဖြင့် ဗိုလ်နဂါး ဦးဆောင်တဲ့ Burma Revolution National Army လို အဖွဲ့တွေ၊ ဗိုလ်ကျားကြီး အဖွဲ့ ၊ မိုးကြိုးမုန်တိုင်း အဖွဲ့ အစရှိတဲ့ လူနာမည်ရင်းမဟုတ်တဲ့ အမည်၊ ဒေသနဲ့ လူမျိုးအမည်မဟုတ်တဲ့ အမည်အမျိုးမျိုးနဲ့ လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲမှာ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲမှာတော့ TNLA နဲ့ ပူးပေါင်းလှုပ်ရှားတဲ့ MDY-PDF မန္တလေး ပီဒီအက်ဖ် လိုအဖွဲ့တွေ ရှိပြီး ယော၊ ဆောနဲ့ ဂန့်ဂေါ ဒေသတွေမှာလည်း အမျိုးမျိုးသော အမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိကြတာ တွေ့ရပါလိမ့်မယ်။ အဲဒီဒေသတွေမှာ NUG လက်အောက်က ပကဖ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေကြတာဖြစ်ပြီး အချို့ဒေသတွေမှာ ပွတ်တိုက်မှု၊ ပုဂ္ဂိုလ်ရေး မကြေလည်မှုတွေရှိနေကြတာလည်း ဖြစ်ပါတယ်။

ဒီလိုနောက်ခံအနေအထားမှာ မကြာသေးခင်လပိုင်းတွေမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲကို ကရင်နီ၊ ကရင်ဒေသတွေမှာ အခြေစိုက်တဲ့ BLPA လက်နက်ကိုင် တပ်ဖွဲ့ ဝင်ရောက် အခြေစိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာသလို အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ဝန်ကြီးဌာနရုံးတွေ အခြေစိုက်မယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဗမာ့ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က NUG လက်အောက်က လက်နက်ကိုင် အဖွဲ့မဟုတ်ပဲ AA, KNU/KNLA တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မကွေးတိုင်းတို့ထဲမှာ PRA ၊ PLA နဲ့ 96 Soldiers အဖွဲ့ စတဲ့ အဖွဲ့တွေလည်း အဲဒီဒေသမှာ အခြေစိုက်ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို စောစီးစွာစတင်ခဲ့ကြတဲ့ ချင်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်းတို့ကို အညှိုးနဲ့ ထိုးစစ်ဆင်လေ့ရှိသလို ကျေးရွာတွေကို မြေလှန်စနစ် ဖြစ်တဲ့ မီးရှို့ဖျက်ဆီးတာတွေလည်း ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အကြိမ်ဖန်များစွာ လုပ်ဆောင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင် ထိုးစစ်၊ ကျေးရွာသားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်မှုတွေ ကုန်လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလအတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အညာဒေသရဲ့ စစ်ရေး လှုပ်ရှားမှုတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိသလိုပဲ အချင်းချင်း အုပ်ချုပ်မှုဆိုင်ရာ၊ တရားစီရင်မှုနဲ့ အခွန်အကောက်ဆိုင်ရာ အငြင်းပွားမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေ ဖြစ်တဲ့ နယ်စပ်ဒေသတွေ နဲ့ နှိုင်းယှဥ်ရင် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဒေသတွေဟာ စစ်ကောင်စီအဖို့ ဒုတိယစည်း အဖြစ် သတ်မှတ်ကောင်းသတ်မှတ်ပါလိမ့်မယ်။ နေပြည်တော်ကို အတွင်းစည်း ဌါနချုပ်အဖြစ်ထားစဥ်းစားရင် မန္တလေး၊ မုံရွာ၊ မကွေး၊ မိတ္ထီလာနဲ့ ပဲခူးတိုင်း အနောက်နဲ့ အရှေ့ခြမ်းတွေကို ဒုတိယစည်းအဖြစ် သတ်မှတ်ပြီး ကာကွယ်ဖို့ ကြိုးစားနိုင်ပါတယ်။

လက်ရှိ အနေအထားမှာ ကချင်၊ ရှမ်းမြောက်၊ ရခိုင် နဲ့ ချင်းပြည်နယ်တို့လို ဒေသတွေမှာ စစ်ကောင်စီတပ်တွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီး စခန်းတွေ၊ ဌာနချုပ်တွေကနေ ဆုတ်ခွာနေရတာ ဖြစ်ပြီး ဒုတိယစည်း ခံစစ်လိုင်းအဖြစ် အညာဒေသက နယ်မြေ၊ မြို့တွေကိုရွေးချယ် ပြင်ဆင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

စစ်ကောင်စီ အနေနဲ့ နယ်စပ်ဒေသတွေက အရှုံးနဲ့ ဆုတ်ခွာလာရတာဟာ စိတ်ဓါတ်ရေးအရ ကျဆုံးမှု ဖြစ်သော်လည်း တဖက်ကစဥ်းစားရင် အဆိုပါဒေသတွေက လက်ကျန် တပ်အင်အားတွေက မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတွေဆီ အင်အားဖြည့်လာတာမျိုးလည်း ဖြစ်နိုင်ခြေရှိနေတာပါ။

ဒါကြောင့် နယ်စပ်ဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လျော့ပါးသွားချိန်မှာ အညာဒေသမှာ စစ်ပွဲတွေ အရှိန်မြင့်ကောင်း မြင့်လာနိုင်တာလည်း ဖြစ်ပါတယ်။ နေပြည်တော်၊ မန္တလေး၊ မိတ္ထီလာတို့လို လေတပ်အခြေစိုက်စခန်းတွေနဲ့လည်း အကွာအဝေး သိပ်မလှမ်းတဲ့ အညာဒေသ အဖို့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်လည်း ရှိသလို ပြန့်ပြူးတဲ့ ၊ မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း အများအပြားရှိတဲ့ မြို့တွေဖြစ်တာကြောင့် မြို့တွေကို တိုက်ခိုက်သိမ်းယူပြီး ထိန်းသိမ်းရခက်ခဲတဲ့ အနေအထားလည်းမျိုးလည်း ရှိတာပါ။

ဒီအချက်တွေက အညာဒေသ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့က လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စုစည်းပြီး လှုပ်ရှားတာ၊ ထိုးစစ်ဆင်တာ၊ ခုခံကာကွယ်တာတွေက အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်လို့ ယူဆမိပါတယ်။
လက်ရှိကာလအထိ အနေအထားမှာတော့ ပေါင်းစည်းလှုပ်ရှားမှု အားနည်းနေသေးတာတွေ့ကြရမှာပါ။ မကြာသေးခင်က ရွှေဘိုခရိုင်ထဲက တပ်ရင်းတွေ၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 96 Soldiers PDF နဲ့ အညာတပ်ခွဲတို့က ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ ရက်အနည်းငယ်တိုက်ပွဲဖြစ်ပြီး မြို့သိမ်းနိုင်ပေမယ့် နာရီပိုင်းအကြာမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရတဲ့ ဖြစ်ရပ်မှာ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ ခက်ခဲတာကြောင့် လို့ သတင်းတွေမှာ ဆိုကြပါတယ်။

ရှုထောင့်တခုက အညာမှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ယခုထက်ပိုပြီး အင်အားကောင်းတဲ့ စုစည်းမှုရှိတဲ့ မဟာမိတ်ပူးပေါင်းမှုမျိုးက စစ်ရေးနိုင်ငံရေး၊ အုပ်ချုပ်ရေးတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်မှု၊ ထိုးစစ်ကို ကြံ့ကြံ့ခံပြီး ပြန်လည်ချေမှုန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

တင်အောင်မိုး ရေးသားသည်။