နိုင်ငံရေးနဲ့ စစ်ရေးမှာ အညာဒေသအတွက် စည်းနှောင်မှု

Date:

 

၂၀၂၄ ခုနှစ် တနှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်တွေကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း တို့ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးက ၄င်းတို့ တပ်အင်အားနဲ့ သို့မဟုတ် အချို့သော ဒေသPDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ထုတ် အနိုင်ယူခဲ့ကြပါတယ်။

နှစ်ဆန်းပိုင်း နဲ့ နှစ်လယ်ပိုင်းတွေမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအများအပြားက မြို့အများအပြား၊ တပ်စခန်း၊ တိုင်းစစ်ဌာနချုပ် တခုတို့ကို သိမ်းယူ ထိန်းချုပ်နိုင်ခဲ့သလို၊ မကြာခင် လပိုင်းတွေအတွင်း ကချင်ပြည်နယ်မှာလည်း KIA တပ်ဖွဲ့က ကချင် အထူးဒေသ (၁) လို့ခေါ်ဆိုတဲ့ ပန်ဝါ၊ ကန်ပိုက်တည် အစရှိတဲ့ ဒေသတွေ၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ ဖားကန့် အစရှိတဲ့ မြို့နဲ့ နယ်မြေ အများအပြားကို သိမ်းယူထိန်းချုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း နဲ့ အလယ်ပိုင်းက မြို့တွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို နှစ်ကုန်ခါနီး သီတင်းပတ်တွေ အတွင်း ချင်းလက်နက်ကိုင်တပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြပါတယ်။

အလားတူ မကြာသေးတဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ စစ်တိုင်း ဌာနချုပ်၊ စကခ စခန်းနဲ့ မြို့တွေ သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ကုန်ခါနီး ရက်အနည်းငယ် အလိုမှာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့နယ်ဖြစ်တဲ့ ဂွမြို့ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ တိုင်းရင်းသားဒေသ တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နဲ့ စစ်အခြေစိုက် စခန်းတွေ၊ တပ်ရင်းအထိုင်၊ စစ်တိုင်းအထိုင်တွေကို သိမ်းယူနိုင်ကြတဲ့ စစ်ရေးအောင်မြင်မှုတွေရဲ့ နောက်ခံအကြောင်းတွေထဲ အမျိုးသားရေးဆိုတဲ့ စည်းနှောင်မှုက အဓိက ကျတဲ့အချက်တချက် ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။

တအန်းပလောင်၊ ကိုးကန့်၊ ကချင်၊ ချင်း၊ ရခိုင်၊ အစရှိတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် အဖွဲ့တွေအဖြစ် စုစည်းထူထောင်ခဲ့ကြရာမှာ အမျိုးသားရေး ဆိုတဲ့ စည်းနှောင်မှုက အားအကောင်းဆုံးသော အကြောင်းအချက် တခုဖြစ်တာ တွေ့ကြရမှာဖြစ်ပါတယ်။

ယဥ်ကျေးမှု၊ ဘာသာစကား၊ လူမျိုးစုတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဘိုးဘွားအစဥ်အဆက် အခြေချနေထိုင်လာတဲ့ ဒေသတွေ ဖွံ့ဖြိုးရေးနဲ့ လူမျိုးစုရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး ဖိနှိပ်မှုအောက်က လွတ်မြောက်ရေးဆိုတဲ့ ဦးတည်ချက်တွေ ရှိကြပြီး အဆိုပါအချက်တွေကို အမျိုးသားရေးလို့ ယေဘုယျအားဖြင့် လွှမ်းခြုံခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ဒီလို အမျိုးသားရေးအရ စည်းနှောင်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စုစည်းမှု တခုကိုရရှိထားကြပြီး အဆိုပါ စုစည်းမှုအင်အားကို သုံးပြီးစစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးကို စစ်ရေးလှုပ်ရှားမှု အနေနဲ့ ဖော်ဆောင်ကြတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။

အညာဒေသ လို့ဆိုကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့က ဗမာလူမျိုး (သမိုင်းနောက်ခံ အယူအဆအရ မြန်မာလူမျိုး) တွေနေထိုင်ကြတဲ့ ဒေသက တော်လှန်ရေးမှာ တိုင်းရင်းသား ဒေသတွေလို စည်းနှောင်မှုမျိုး ရှိနေသလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာကောင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

အညာဒေသက ဗမာလူမျိုးတွေ အနေနဲ့ ရာနှုန်းအားဖြင့် အများစုက မြန်မာနိုင်ငံအလယ်ပိုင်း ဗဟိုချက်လို ဒေသတွေ၊ တောင်ပိုင်း ရန်ကုန်လိုမြို့တွေ၊ ပျဥ်းမနား၊ မိတ္ထီလာ၊ ရမည်းသင်း စတဲ့ ခရိုင်တွေ၊ ပဲခူးရိုးမ အနောက်ခြမ်း ဧရာဝတီမြစ်ကြော တလျှောက်ဒေသတွေမှာ နေထိုင်ကြပြီး လူများစုဖြစ်ခြင်းက လူမျိုးစုတွေနဲ့ မတူဘဲ စည်းနှောင်မှုအားနည်းတဲ့ သဘောကို ဆောင်တယ်လို့ ဆိုရင် မှားမယ် မထင်ပါ။

နွေဦးတော်လှန်ရေးမှာ NUG ရဲ့ အနေအထားက တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ သဘောလို့ မှတ်ယူမယ်ဆို မှတ်ယူနိုင်သော်လည်း သက်ဆိုင်ရာ လူမျိုးစုအလိုက် နိုင်ငံရေး စစ်ရေးအင်အားစုတွေက ပိုမိုစည်းနှောင်မှုအားကောင်းပြီး စည်းလုံးညီညွတ်မှု ပိုအားကောင်းကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အညာဒေသအနေနဲ့ မိမိတို့ အညာဒေသကို ယဥ်ကျေးမှု နဲ့ လူမှုဘဝ တူညီမှုကို ဘုံဆုံချက် တခုအနေနဲ့ ထားပြီး စုစည်းကြမလားသို့မဟုတ် နိုင်ငံရေး လမ်းစဥ်၊ အယူဝါဒ အပေါ် မူတည်ပြီးစည်းနှောင်မှု တခုတည်ဆောက်ကြမလား ဆိုတဲ့မေးခွန်းလည်း ပေါ်ကောင်းပေါ်လာမှာ ဖြစ်ပါတယ်။

လတ်တလော အနေအထားမှာတော့ NUG လက်အောက်က စစ်ရေး၊ ဘဏ္ဍာရေး အထောက်အပံ့ရရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေသလို NUG လက်အောက်က လို့ဆိုသော်လည်း ခိုင်မာတဲ့ စည်းနှောင်မှုမဟုတ်တဲ့ အားနည်းတဲ့ ဆက်သွယ်စည်းနှောင်မှု နဲ့ အဖွဲ့တွေရှိသလို မြို့အလိုက်၊ ရွာအလိုက် ဖွဲ့စည်းထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း အများအပြားရှိနေကြတာ ဖြစ်ပါတယ်။

ဒီအနေအထားတွေက စစ်ရေးရှုထောင့်က ကြည့်ရင် အမိန့်တခုထည်း သေနင်္ဂဗျူဟာ၊ မဟာဗျူဟာ တခုတည်းအောက် မဟုတ်တဲ့ အဖွဲ့တွေလို့ ယူဆနိုင်ပြီး စစ်ကောင်စီကို အနိုင်ယူဖယ်ရှားရေးမှာ အားနည်းစေတဲ့ အချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒီအခြေအနေကို ပြောင်းလဲဖို့ရာအတွက် ၂၀၂၅ ခုနှစ်မှာ အညာဒေသကို ဘယ်လိုစည်းနှောင်မှုနဲ့ စုစည်းကြမလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ကြိုးစားကြည့်ကြမယ်ဆိုရင် ၂၀၂၅မှာ တိုးတက် အောင်မြင်မှုတွေ ရရှိလာလိမ့်မယ်လို့ မျှော်မှန်းကြည့်မိပါတော့တယ်။

တင်အောင်မိုး ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...