စလင်းမြို့အထွက်‌ တောင်ဘက်ဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ခြောက်ဦးဒဏ်ရာရ

ဇူလိုင် ၅၊ The Nation Voice
သတင်း- ငြိမ်း
မကွေးတိုင်း၊ စလင်းမြို့အထွက် တောင်ဘက်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ (UG)ကျားပေါက်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၄ရက် ည၇နာရီ ၃၅မိနစ်လောက်မှာ စလင်းမြို့ အားကစားကွင်းနားက မြို့တောင်ဘက်အထွက်မှာ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ၁၅ဦးဝန်းကျင်နဲ့ ဂိတ်ချထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငယ်တစ်ခုကို အပြင်းစားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မကွေးကနေ ရဲတိုင်းမှူး စလင်းကို စစ်ဆေးရေးယာဉ်တန်းလာတော့ အဲဒီယာဉ်တန်းထဲက ဗိုလ်မှူးမိုးဝေယံလင်းကားက အဲဒီဂိတ်မှာရပ်ပြီး စစ်ဆေးရေးလုပ်နေချိန် ဖောက်ခွဲလိုက်တာဗျ။ မိုင်းခွဲလိုက်တော့ ‌မိုင်းထိပြီး လဲကုန်ကြတာ” လို့ စလင်းမြို့ပြ (UG)ကျားပေါက်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဝင် ကိုပြည်သူက The Nation Voice ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူး မိုးဝေယံလင်းအပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး လူနာတင်ယာဉ်တွေနဲ့ စလင်းမြို့ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတာကို မျက်မြင်တွေ့ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို စလင်းမြို့ပြ(UG) ကျားပေါက်တပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးပလဖ၊ ဗမာ့တပ်တော်(Bamar Army)နဲ့ ပေါက်တောင်ပိုင်းကျန်းမာရေးနဲ့သူနာပြုတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အခုဖောက်ခွဲတိုက်ခိုက်ခံရတဲ့ဂိတ်ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ ၁၇ရက် မနက်ပိုင်းမှာလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ ရဲတစ်ဦးသေဆုံးကာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲဒီဂိတ်ဟာ စလင်းမြို့ပေါ်မှာ ပထမဆုံးဗုံးခွဲတိုက်ခိုက်ခံရတဲ့ဂိတ်ဖြစ်ပါတယ်။
ပုံစာ- စလင်းမြို့အထွက်တောင်ဘက်ဂိတ်အား တွေ့ရစဉ်

>n{