အာဏာမသိမ်းခင်က ကမ္ဘာ့အဆင့် ၃၈ လို့ ကြွေးကြော်ထားတဲ့ ဒီစစ်တပ်က အာဏာသိမ်းကာလ လေးနှစ်အတွင်း သူတို့ကိုယ်တိုင် ထင်မှတ်မထားတဲ့ ပျက်စီးယိုယွင်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ဂုဏ်သိက္ခာကျဆင်းမှုတွေ ကြုံတွေ့နေရပါတယ်။
မျက်ဝါးထင်ထင်မြင်နိုင်တဲ့ အခြေခံအကျဆုံး အပြောင်းအလည်းကတော့ သမားစဉ်တွေပျက်သွားတဲ့ လုပ်ငန်းစဉ် တွေပါ။ ဆောင်းတွင်းမှာလုံးဝပျက်လို့မရတဲ့ သမားစဉ်ကတော့ မနက်ငါးနာရီခွဲမှာ အလံတင်တယ်၊ PT ပြေး၊ တန်းစီကြရတယ်။ ပုံမှန်ဆို ဒါတွေက မဖြစ်မနေသဘောနဲ့ လုပ်ရတယ်။ အခုတော့ စစ်တပ်အနေနဲ့ အဲဒါတွေ လုံးဝမလုပ်နိုင်တော့ဘူး။
နောက်ထပ် ယိုယွင်းမှုက ရုံးလုပ်ငန်းစနစ်ပါ။ အရင်အာဏာမသိမ်းခင်က နောက်တန်းဌာနချုပ်တွေကို စစ်ဗိုလ်ချုပ်တွေက လေးလပတ်စစ်တယ်၊ ခြောက်လပြည့်စစ်တယ်၊ တစ်နှစ်ပြည့်စစ်တယ်။ အဲဒါအပြင် မထင်ရင် မထင်သလို စစ်ပြီးတော့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဝေဝေဆာဆာ ဖော်ပြတာပေါ့။ “လေ့ကျင့်ရေးနဲ့တည်ဆောက်၊ အုပ်ချုပ်ရေးနဲ့တည်ဆောက်၊ သက်သာချောင်ချိရေးနဲ့တည်ဆောက်၊ စိတ်ဓာတ်ရေးနဲ့တည်ဆောက်” ဆိုတဲ့ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ဆိုတဲ့ လုပ်ငန်းတွေကို စဉ်ဆက်မပြတ်အောင် ဟန်ပြလုပ်လာခဲ့တာတွေရှိတယ်။ အခုချိန်မှာတော့ ဒီလုပ်ငန်းတွေလည်း လုံးဝမလုပ်နိုင်တော့တဲ့အထိ ပျက်စီးယိုယွင်းသွားခဲ့ပြီ။ ရှင်းရှင်း ပြောပြရမယ်ဆိုရင် စစ်တပ်တွင်း သမားစဉ်လုပ်ငန်းတွေ လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ကရင်နီ(ကယား)တော်လှန်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ စစ်ဆင်ရေး၊ ကချင်ဘက်က ထိုးစစ်တွေကို ကြုံလာရပြီးနောက်ပိုင်းမှာတော့ တိုင်းစစ်ဌာနချုပ်ကြီးနှစ်ခု အပါအဝင် တပ်ရင်းဌာနချုပ်ပေါင်း နှစ်ရာနီးပါးကို စစ်တပ်က လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ဒါကစစ်တပ်သမိုင်းမှာ တစ်ခါမှမရှိဖူးသလို တစ်ခါမှလည်း မကြုံဖူးကြတဲ့ အခြေအနေတွေပါ။ ဒီနောက်မှာတော့ တပ်ရင်း၊ တပ်ဖွဲ့တွေဆီက လက်နက်ချတဲ့ စစ်သားအရေအတွက်လည်း များလာပါတယ်။ အဲဒီကာလတွေကစလို့ တပ်မမှူးတွေ စခမှူးတွေဟာ အရေအတွက်အားဖြင့် တော်တော်များများ လက်နက်ချခဲ့ကြပါတယ်။ ဒီနောက်တော့ တိုင်းမှူးအဆင့်တွေ၊ ဒုတိုင်းမှူးအဆင့်တွေ အထိ လက်နက်ချတာမျိုးတွေ ရှိလာခဲ့တယ်။ ပြောချင်တဲ့ အချက်ကတော့ ဒီစစ်တပ်က လုံးဝ စစ်ရှုံးနေပြီ ဆိုတဲ့ အချက်ပါ။
အာဏာသိမ်းစစ်တပ်အနေနဲ့ ဒီလေးနှစ်တာအတွင်း နိုင်ငံတဝှမ်းမှာ အကြီးအကျယ် စစ်ရှုံးသွားတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ အဓိကကတော့ လူအင်အားမှာ လုံးဝပြုန်းတီးသွားတာပါ။ စစ်တပ်က ၂၀၂၄ လောက်မှာ အလံတိုင်နဲ့ စစ်ဗိုလ်ချုပ်တွေလောက်ပဲ ကျန်တော့မယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့တယ်။ လက်တွေ့မြေပြင်မှာလည်း အကုန်အထင်အရှားပဲဆိုတော့ စစ်တပ်က သူတို့မှာ အင်အားမရှိတော့ဘူးဆိုတာ သိသွားတယ်။ အဲဒါကြောင့် စစ်မှုထမ်းဥပဒေကို မဖြစ်မနေ ပြဌာန်းလိုက်ရပါတယ်။
တကယ်တမ်းပြောရရင် စစ်တပ်က ဒီဥပဒေကြီး ပြဌာန်းရမှာကို အရမ်းကြောက်တယ်။ တစ်နိုင်ငံလုံး စစ်ပညာတတ်သွားမှာကို ဟိုအရင်ကတည်း ကြောက်ခဲ့တာ။ နောက်ပြီး သူတို့စစ်တပ်ထဲက အရှုပ်တော်ပုံတွေ၊ အလွဲသုံးစားမှုတွေ၊ အဂတိမှုတွေ၊ မတရားမှုတွေကို ပြည်သူတွေ သိသွား၊ မြင်သွားမှာ ကြောက်လို့ ဒါမျိုးကိုမလုပ်ချင်ခဲ့ဘူး။ အခုကတော့ စစ်တပ်အနေနဲ့ မဖြစ်မနေ ဆေးခါးကြီး သောက်လိုက်ရတဲ့အနေအထားမျိုးလို့ မှတ်ယူရပါတယ်။ အသိသာဆုံးအချက်က သူတို့စစ်သားတွေက ရပ်ထဲရွာထဲမှာ လူတောမတိုးတော့တဲ့ ဘဝကို ရောက်သွားတာပါ။ အရပ်ထဲမှာ ဈေးဝယ်သွားတာတို့၊ မိဘအိမ်ကိုခွင့်နဲ့ပြန်တာတို့ဆိုရင်တောင် လူတောမတိုးတော့ဘူး။ အခုဆို စစ်တပ်က သူတို့ ညဘက်မအိပ်ရဲတာကို ပြည်သူတွေကို ပြန်ပြီး ကင်းစောင့်ခိုင်းရတယ်၊ စစ်မှုထမ်းဥပဒေအရဆိုပြီး အသက်ကျော်တဲ့သူတွေပါမချန် ပေါ်တာဆွဲ ကင်းစောင့်ခိုင်းရတော့တယ်။ ပြောရရင် ပြည်သူကို ပြန်ပြီးကာဗာယူလိုက်ရတဲ့ အနေအထားမျိုး အထိရောက်သွားတယ်။ ဒီစစ်တပ်ကြီးက ပြည်သူ့ရှေ့မှာ မားမားမတ်မတ် မရပ်တည်ရဲတော့တဲ့စစ်တပ်ကြီး ဖြစ်လာပါတော့တယ်။ ပြည်သူကြားထဲဝင်ပုန်း၊ ပြည်သူကို အကာကွယ်ယူပြီး လုံခြုံရေးလုပ်ခိုင်းရတဲ့အဆင့်၊ ကမ္ဘာရဲ့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ စစ်တပ်ဘဝမျိုးကိုရောက်သွားခဲ့ပါတယ်။
နောက်ထပ် အရေးကြီးတဲ့တချက်က စိတ်ဓာတ်ရေးရာပိုင်းလို့ဆိုရမှာပါ။ စစ်သားတွေမှာ တိုက်လိုခိုက်လိုစိတ် မရှိတော့တဲ့ ဖြစ်စဉ်တွေပါ။ ဘာလို့လဲဆိုရင် တစ်နေရာမှာ ဖြစ်ပြီဟေ့ဆိုရင် ဗေထိဆိုပြီး စစ်တပ်က ကွဲပြန်ပြီ၊ တကယ်ချလိုက်ရင် တကယ်ကွဲတယ်ဆိုတာ သိသွားတော့ အောက်ခြေတပ်မှူး၊ တပ်သားတွေက ကြောက်စိတ်တွေ ဝင်သွားခဲ့တယ်။ စစ်ပွဲတစ်ပွဲမှာ တိုက်လိုခိုက်လိုစိတ်က အရမ်းအရေးကြီးပါတယ်။ လတ်တလော ကြားနေရတဲ့သတင်းတွေအရ အင်အားအလုံးအရင်းနဲ့သာ လာတိုက်၊ ပြန်ခံပြီး မချတော့ဘူး၊ လက်နက်ပဲချလိုက်မယ် ဆိုတာမျိုးအထိ ဖြစ်လာခဲ့ပါပြီ။
သူတို့သာ ဘာပြစ်မှုမှ မကျူးလွန်ထားဘူး၊ အသာတကြည် လက်နက်ချတယ်ဆိုရင် တော်လှန်ရေးဘက်ကလူတွေက ကောင်းကောင်းမွန်မွန်ထားတယ်ဆိုတာ သူတို့သိသွားခဲ့ပြီ။ စစ်တပ်ဘက်ကို ပြန်သွားရင်တောင် အထက်က သူတို့ကို ဖမ်းမှာသိနေတော့ အဲဒီဘက်တော့ပြန်မသွားတော့ဘူး။ တော်လှန်ရေးအင်အားစုတွေ၊ ကာကွယ်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေဆီမှာပဲ လက်နက်ချလိုက်တော့မယ်ဆိုတာမျိုး ဖြစ်သွားခဲ့တယ်။ တဆက်တည်းမှာပဲ တပ်တွင်းမှာလည်း စိတ်ဓာတ်ကျဆင်းတာတွေ အထိပါ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းကာလတွေမှာ စစ်တပ်ဟာ စစ်ရေးအရ ထိတွေ့မှုဖြစ်ပြီ ဆိုတာနဲ့ လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်လေ့ရှိပါတယ်။ ပြည်တွင်းစစ်မှာ အဲဒီလိုလေယာဉ် သဲကြီးမဲကြီးသုံးပြီး တိုက်တာက အရင်ကထက် ၇ ဆနဲ့ ၈ ဆ အကြားအထိ များလာခဲ့တယ်။ လေကြောင်းပိုင်းက အားသာချက်တွေရှိပေမယ့် အောင်ပွဲကတော့မရပါဘူး။ ဟိုးအရင်တုန်းကတော့ ရဟတ်ယာဉ်တစ်စီးလာဖို့၊ တိုက်လေယာဉ်တစ်စီးလာဖို့ဆိုတာ တိုင်းမှူးအဆင့်လောက်၊ ဒုချုပ်အဆင့်လောက်၊ ကစနမှူးအဆင့်လောက်က ခွင့်ပြုမှ လေယာဉ်တွေ အင်ဂျင်လည်တာပါ။
၂၀၁၉ လောက်တုန်းကဆို ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေကို ဆိုက်ကားလို မသုံးနဲ့ဆိုပြီး (လက်ရှိစစ်ခေါင်းဆောင်) စိုးဝင်းက မှတ်ချက်ပေးခဲ့ပါတယ်။ လေကြောင်းသုံးစွဲမှုကို လျော့ချထားတဲ့ သဘောပေါ့။ အခုတော့ သူတို့မှာ လေကြောင်းအရေးသာမှုဆိုတဲ့အချက်သာမရှိရင် တိုက်တိုင်းရှုံးမှာဖြစ်ပါတယ်။ အခုလို ထိတွေ့မှုဖြစ်တာနဲ့ နောက်ကနေလေယာဉ်နဲ့လိုက်ကြဲပြီး တိုက်တာတောင်မှ နွေဦးတော်လှန်ရေးမှ ပေါ်လာတဲ့ တပ်တွေ၊ အရင်ကတည်းက ရှိခဲ့တဲ့ တိုင်းရင်းသားတပ်တွေ စတဲ့ဘယ်အဖွဲ့ကိုမှ သူတို့မနိုင်တော့ပါဘူး။ အဓိက လေကြောင်းအရေးသာမှု၊ ခဲယမ်းအရေးသာမှုတွေရှိနေပေမယ့် စိတ်ဓာတ်ကျဆင်းမှု၊ တိုက်လို ခိုက်လိုစိတ်နည်းမှုတွေကြောင့် မရှုမလှ စစ်ရှုံးရတဲ့အဆင့်ကို ရောက်သွားတာလို့ပဲ ပြောရမယ်။
ဒီအာဏာသိမ်းလေးနှစ်အတွင်းမှာ တပ်တွင်း သတင်းပေးတွေ အများအပြားပေါ်ထွန်းလာခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်လာမှုက သူတို့အချင်းချင်း မယုံကြည်မှုတွေ ဖြစ်လာတယ်။ သူလား ငါလား၊ သူ့ထင် ကိုယ့်ထင်၊ ယုန်ထင် ကြောင်ထင်တွေ ဖြစ်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အသက်ပေးပြီးတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက အချင်းအချင်း မယုံကြည်တော့ဘူးဆိုရင် အဲဒီတပ်ဖွဲ့က ပျက်တာပဲ။ ဒါကြောင့်လည်း အခုလို လျင်လျင်မြန်မြန်ပျက်လာတဲ့ အနေအထားမျိုး ရောက်လာခဲ့တာပါ။ သိသာတဲ့အချက်နောက်တစ်ခုက တပ်တွင်းမှာ အထက်အောက် ယုံကြည်မှု ကျဆင်းပြီး ပျက်စီးတဲ့အဆင့်ကို ရောက်သွားခြင်းပါ ။ သူတို့ကကျတော့ ဘယ်မြို့ပေါ် သွားရတယ်။ မြို့ပေါ်သွားပြီး ပစ္စည်းတွေယူလာကြတယ်။ ငါတို့ကမရဘူး။ အဲဒီလို ခွဲတမ်းမတည့်တာ၊ အဝေမတည့်ကြတော့တွေ ဖြစ်လာတော့ ဝါးစည်းပြေသလိုမျိုး စည်းလုံးမှု ပြိုကွဲတဲ့အနေထားမျိုး ရောက်သွားခဲ့ကြပါတယ်။ “ရေပက်မဝင်တဲ့ စည်းလုံးမှုမျိုးလုပ်ရမယ်” ဆိုတဲ့ စစ်တပ်ရဲ့ ကြွေးကျော်သံကနေ အခုတော့ ဝါးစည်းပြေသလို တစ်လုံးချင်း တစ်လုံးချင်း ပြိုကွဲတဲ့အဆင့်အထိ ပြိုကျပျက်စီးလာနေရတာ တွေ့နေရပါတယ်။
ဒါပေမယ့်လည်း လက်ရှိစစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေကတော့ စစ်တပ်တစ်ခုလုံးကို အကြောက်တရားနဲ့ ကျားကန်ပြီး ထိန်းကျောင်းထားကြပါတယ်။ သူ့လူ ကိုယ့်လူမွေးပြီး သွေးခွဲထားတဲ့ ပြန်လည်ရုန်းကန်တည်ဆောက်နေတဲ့ အနေအထားကို မြင်နေရတယ်။ ဒါပေမယ့် ဒီတစ်ခါက နောက်ဆုံးအနေနဲ့ ပြန်ပြီး ကျားကန်ထိန်းကျောင်းနေရတဲ့ အနေအထားလို့မြင်ရပါတယ်။ သူတို့ စစ်မှုထမ်းခေါ်ထားတဲ့ လူသစ်တွေနဲ့ အရင်လူဟောင်းတွေ ကြားမှာ ပဋိပက္ခဖြစ်မယ်၊ အချင်းချင်းမယုံကြည်မှုတွေကြောင့် ထပ်ပြီး ကွဲကြပြဲကြမယ်။ အချင်းချင်း သေနတ်ပြောင်းတွေ လှည့်တဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။
CDM ဗိုလ်ကြီးဇင်ယော် ရေးသားသည်။