အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ယာယီသမ္မတက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ ခေါင်းဆောင်ပိုင်းတွေကို ပြည်တွင်းပြန်လာဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။ ပြီးတော့ ပသုံးလုံးလို့ခေါ်ကြတဲ့ ပြည်သူ့အုပ်ချုပ်ရေး ၊ ပြည်သူ့ကာကွယ်ရေး နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပကဖ၊ ပအဖ၊ အလဖ) တွေကို အပြောင်းအလဲ လုပ်မယ်လို့ပြောလိုက်သလို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကလည်း စစ်ကိုင်းတိုင်းမှာ ဝန်ကြီးရုံးတွေ အခြေစိုက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ တော်လှန်ရေး နယ်မြေတွေထဲက လူထုအတွက် အများကြီး အားတက်စေပါတယ်။
ပသုံးလုံးတချို့ရဲ့ သတင်းဆိုးတွေဟာ မီဒီယာတွေမှာ မကြာခဏတက်နေသလို ၊ မီဒီယာပေါ်မရောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဒါကတော့ အညာဒေသ တော်လှန်ရေး နယ်မြေတွေမှာ နေထိုင်နေသူတွေ သိပါတယ်။ တော်လှန်ရေးမှာ ပသုံးလုံးဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အားလုံးကို မဆိုလိုပေမယ့် အင်စတီကျူးရှင်း တစ်ခုအောက်က ဖြစ်နေတဲ့အတွက် ပသုံးလုံး တချို့ရဲ့ လုပ်ရပ်ဟာ အဖွဲ့အစည်း တစ်ခုလုံးကို ရိုက်ခတ်စေပါတယ်။ ဒါကြောင့်လည်း ပသုံးလုံးဟာ အပြောင်းအလဲ လုပ်ရမယ်လို့ တခြားတော်လှန်ရေး အင်အားစုတွေက ပြောလာကြတာပါ။ အခုတော့ တာဝန်အရှိဆုံးဖြစ်တဲ့ NUG ကိုယ်တိုင်က ပသုံးလုံး ယန္တယားကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတာ သဘောပေါက်လာပြီး ပြောင်းလဲမယ်လို့လည်း ဆိုလာပါတယ်။
NUG အတွက် အညာမြေပြင်မှာ စိန်ခေါ်ချက်တွေက အများကြီးရှိနေပါတယ်။ ပသုံးလုံးလို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းရမယ့် အဖွဲ့အစည်းတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေး တွေကလည်း အရေးကြီးနေပြန်ပါတယ်။ PDF တွေမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်က အဖွဲ့တွေရှိသလို ၊ ဝန်ကြီးဌာန အောက်မဟုတ်တဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ တကယ်တော့ ဝန်ကြီးဌာနအောက်ကဖြစ်စေ၊ လိုကယ် အဖွဲ့ဖြစ်စေ သူတို့စပြီး ပေါ်ပေါက်လာတာဟာ ဘယ်သူရဲ့ ဦးဆောင် တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ တော်လှန်ရေး စိတ်ဓာတ်ကြောင့် ဖြစ်လာကြတဲ့ အဖွဲ့တွေပါ။ Code Of Conduct နဲ့ Change Of Command အားကောင်းအောင်နဲ့ တပ်တွေ ပေါင်းစည်းမိပြီး တော်လှန်ရေး ပိုထိရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေအရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင် စုစည်းလိုက်တာလို့ နားလည်နိုင်ပါတယ်။
ဝန်ကြီးဌာနနဲ့ ပူးပေါင်းတဲ့ PDF အဖွဲ့တွေမှာလည်း ခံယူချက်တွေက ကွဲလွဲနေတာ တွေ့နိုင်ပါတယ်။ NUG / MOD ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ ဝင်လာတဲ့ အဖွဲ့တွေ ရှိသလို ၊ အထောက်အပံ့ရလိုမှုကို ရှေ့တန်းတင်ပြီး ပူးပေါင်းတဲ့ အဖွဲ့တွေလည်းရှိနေကြောင်း ဝေဖန်ထောက်ပြသူတွေလည်း ရှိပါတယ်။ “တချို့က MOD ကို အပြစ်သာပြောတယ်၊ လစာယူဖို့ နဲ့ ပြဿနာဖြစ်လာရင် တိုင်ဖို့လောက် အသုံးချချင်တာ” လို့ MOD ရဲ့ တပ်ရင်းတစ်ဖွဲ့က အရာရှိအဆင့် ရဲဘော်တစ်ဦးက သုံးသပ်ပြဖူးပါတယ်။ ဒီတော့ NUG/ MOD ဘက်ကကြည့်ရင်လည်း PDF တွေနဲ့ အဆင်ပြေအောင် ၊ တော်လှန်ရေး လက်တွဲညီညီ လုပ်နိုင်အောင် တည်ဆောက်ရတာ ခက်ခဲမယ်ဆိုတာ နားလည်လို့ရပါတယ်။ ဒါပေမယ့် NUG အနေနဲ့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူတို့သည် တာဝန်ခံထားတဲ့ အစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်နေလို့ပါ။
NUG အစိုးရအနေနဲ့ မြေပြင်ဆင်းရတဲ့ အကြောင်းရင်းဟာလည်း အုပ်ချုပ်ရေးယန္တယားကို ပြုပြင်ပြောင်းလဲဖို့ နဲ့ စစ်ရေး အရှိန်မြှင့်နိုင်ဖို့ အနီးကပ်ကြီးကြပ်မယ့်သဘောလို့ မြေပြင်တော်လှန်ရေးသမားတွေ နဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ပသုံးလုံး ယန္တယားကို လူထုယုံကြည်အားကိုးတဲ့ အဆင့်ရောက်အောင် ကိုင်တွယ်ပြုပြင်ဖို့ နဲ့ PDF တွေကို လက်ရှိစုဖွဲ့မှုတွေထက် သာလွန်ကောင်းမွန်အောင် လုပ်နိုင်ဖို့လို့ ပြောရမှာပါ။
ပထမအချက် အုပ်ချုပ်ရေးယန္တယားကို ကိုင်တွယ်မယ်ဆိုရင် လေးနှစ်တာကာလကို ပြန်ကြည့်ပြီး ပြုပြင်ပြောင်းလဲရေး ရဲရဲ လုပ်ရပါလိမ့်မယ်။ အဝေးကနေ ကိုင်တွယ်ခဲ့ရတယ်ဆိုပေမယ့် သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ လက်ကိုင်ထား ဆောင်ရွက်ရတာဆိုတော့ လူထုငြိုငြင်ခံရတာ ၊ ဝန်ဆောင်မှုတွေမှာ ပျက်ကွက်ခဲ့တာတွေက ဘာကြောင့်လဲ။ အထက်က ပေါ်လစီချမှတ်ပဲ့ကိုင်သူတွေ နဲ့ အောက်ခြေက လုပ်ငန်းလက်တွေ့ အကောင်အထည်ဖော်သူတွေကြားမှာ အချိတ်အဆက်မမိ ၊ အဟတ်ကွာ ဖြစ်နေခဲ့သလား။ အဝေးကမို့ အာဏာသက်ရောက်မှု နည်းခဲ့သလား။ အားနည်းချက်တွေဟာ မြင်သာနေမယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲလိုစိတ်ရှိပြီဆိုရင်တော့ ပြုပြင်လို့ရပါမယ်။ ဒါပေမဲ့ တကယ်ပြောင်းလဲပစ်ဖို့ နဲ့ အပြောင်းအလဲ မှန်အောင် လုပ်ဖို့တော့ လိုပါတယ်။
မြေပြင်မှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်နေသူတွေအပေါ် အားနည်းချက်ချည်းမကြည့်ဘဲ စိန်ခေါ်ချက်တွေကိုလည်း ကြည့်ပေးနိုင်ရပါလိမ့်မယ်။ အကျင့်ပျက်ဝန်ထမ်းတွေ ရှိနေသလို တကယ် အလုပ်လုပ်လိုစိတ်ရှိပြီး ပြည်သူကို ဝန်ဆောင်မှု ပေးလိုစိတ်ရှိတဲ့ နိုင်ငံရေး သန္ဓေကောင်းသူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ပသုံးလုံးအပြောင်းအလဲမှာ လူပြောင်းချည်း မဟုတ်ဘဲ ၊ မူပြောင်းလဲဖို့ လိုအပ်နေမှာ အမှန်ပါ။ အရေးကြီးဆုံး နဲ့ လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေး အတွက်တော့ မြေပြင်က လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ပြောင်းလဲလိုစိတ် နဲ့ ပြောင်းလဲရဲတဲ့ သတ္တိလည်း လိုပါတယ်။ အဲဒီလို လူတွေကို မြေပြင်ဆင်းလာတဲ့ ဝန်ကြီးတွေက ဘယ်လို ဦးဆောင်လမ်းပြနိုင်မလဲ။
ဒုတိယအချက်ဖြစ်တဲ့ PDF တွေနဲ့ကြား တော်လှန်ရေးပူးပေါင်းဆောင်ရွက်နိုင်မှု ပိုအားကောင်းအောင်လုပ်ရေးမှာလည်း NUG အနေနဲ့ အပြန်အလှန်လေးစားယုံကြည်မှု တည်ဆောက်နိုင်ရပါမယ်။ အထက်က ပြောခဲ့သလို PDF တွေဟာ တော်လှန်ရေး ယုံကြည်ချက်အရ ပေါက်ဖွားလာကြတာဖြစ်တော့ NUG အနေနဲ့ အုပ်ချုပ်ရေးယန္တယားကို ဦးဆောင်နေသလို ပုံစံမျိုး မဟုတ်တဲ့ ညှိနှိုင်းဆောင်ရွက်ရေး ပုံစံကိုသွားရပါမယ်။ ဒါက တော်လှန်ရေးကာလ မြေပြင် ပကတိနိုင်ငံရေးအရလို့ ဆိုနိုင်ပါတယ်။ ဒီတော်လှန်ရေးမှာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတိုင်းဟာ One of the actors ဆိုတဲ့ အချက်ကို NUG ဘက်က ကြည့်တတ်ရပါမယ်။ ဝန်ကြီးဌာန အဆင့်ကနေ မြေပြင်အထိ အရေးကြီးပါတယ်။
တဖက်မှာလည်း လူထုအနေနဲ့ NUG အစိုးရကို လက်ရှိတော်လှန်ရေးမှာ နိုင်ငံရေး ဦးဆောင်ကဏ္ဏကနေ အားကိုးလိုစိတ်တွေ ရှိနေပါတယ်။ လူထုဟာ လက်နက်နဲ့ အာဏာကို ကြောက်နေပါတယ်။ အစိုးရအဖွဲ့ဝင်တွေ မြေပြင်ဆင်းလာမယ်ဆိုတော့ လူထုက အောက်ခြေဝန်ထမ်းတွေရဲ့ အခြေအနေတွေကို တိုက်ရိုက် တိုင်ကြတော့မယ် ဆိုတဲ့ သဘောထားမှတ်ချက်တချို့ လည်း ဆိုရှယ်မီဒီယာမှာ တွေ့လိုက်ရပါတယ်။ တကယ်လည်း လူထုမှာ တိုင်စရာတွေရှိနေမှာတော့ အမှန်ပါ။ လူထုအသံကို တကယ်နားထောင်ပြီး လက်တွေ့ကျကျ အပြောင်းအလဲ လုပ်ရပါမယ်။
NUG အနေနဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်ယန္တယား နဲ့ အုပ်ချုပ်ရေးယန္တယားကြား ဘယ်လောက် ဟန်ချက်ညီညီ လုပ်နိုင်မလဲ။ တနည်းပြောရရင် အညာမှာ စစ်ရေး အောင်မြင်မှု နဲ့ နိုင်ငံရေး တိုးတက်မှု ဘယ်လောက် ရှိလာမလဲ။ ဒီအချက်တွေပေါ်ကြည့်ပြီး လူထုက အမှတ်ပေးကြမှာပါ။
ဖိုးကျော် ရေးသားသည်။