အညံ့ချင်းပြိုင်လို့မနိုင်ပါ
ပဋိပက္ခများ၏ သဘောသဘာဝအရ လက်နက်ကိုင်ပဋိပက္ခသည် အမြင့်ဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟုဆိုကြသည်။
လက်နက်ကိုင်ပဋိပက္ခနှင့်အတူ နှစ်သက်လိုလားဖွယ်မရှိသော သွေးထွက်သံယိုများ၊ ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့ အဖြစ်အပျက်များရှိလာတတ်သည်။
မြန်မာနိုင်ငံ၏ လက်နက်ပဋိပက္ခသည် အချိန်ကြာလာသည်နှင့်အမျှ အနိဌာရုံများကို ခပ်စိတ်စိတ်တွေ့မြင်လာခဲ့ရသည်။ အထူးသဖြင့် ခေါင်းဖြတ်သတ်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သည့်လုပ်ဟန်များတွေ့လာရသည်။
လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် မြန်မာနွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီနှင့် လူဂုဏ်သိက္ခာရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးဖော်ဆောင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် စစ်အာဏာရှင်စနစ်၏ လက္ခဏာများဖြစ်သည့် လူလူချင်းလက်နက်အားကိုးဖြင့် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ခြင်းကဲ့သို့ ခပ်ညံ့ညံ့လုပ်ဟန်များကို တော်လှန်ရေးအဖွဲ့အစည်းများက မကျင့်သုံးမိကြရန် လိုအပ်လာသည်ဟု ပွင့်ပွင့်လင်းလင်း ရှုမြင်မိသည်။
ယနေ့ စစ်အာဏာရှင်များ ကျဆုံးလာခြင်းသည် ခပ်ညံညံအတွေးအခေါ်နှင့်လုပ်ဟန်များကြောင့်ဟု ဆိုနိုင်ပါသည်။ ရန်သူက ယုတ်မာတယ်။ ငါတို့လည်းယုတ်မာမှရမယ်၊ ရန်သူက ရက်စက်ကြမ်းကြုတ်တယ်။ ငါတို့လည်း ရက်စက်ယုတ်မာမှရမယ် ဆိုသည့် အတွေးအခေါ်နှင့် လုပ်ဟန်များသည် စစ်အာဏာရှင်နှင့် တစ်ထပ်တည်းကျသည့် အတွေးအခေါ်နှင့် လုပ်ဟန်များဖြစ်သည်ဟု ဆိုချင်ပါသည်။
အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးရှုထောင့်က စဉ်းစားလျှင် အမုန်းတရားများ၊ အာဃတများ၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် နိုင်ငံတည်ဆောက်ရေးသည် မဖြစ်နိုင်ပေ။ ရက်စက်
ကြမ်းကြုတ်မှုများသည် အနာဂါတ်မျိုးဆက်များသို့ လက်ဆင့်ကမ်းဆက်ခံစေသင့်သည့် အမွေမဟုတ်ဟု The Nation Voice က သတိပေးရေးသားလိုက်ရပါသည်။